“သတိရနေတယ် ... သူငယ်ချင်းရေ .. တို့များ ငယ်ငယ်တုန်းက ရွာအ၀င်လမ်းဆီကနေ လက်ချင်းယှက်ကာ ပြေးကာ လွှားကာ ကျောင်းတက်လာကြတာတွေ .. မေ့နိုင်ပါ့မလား .. မင်းတို့ငါတို့ ငယ်ငယ်တုန်းကလေ .. ” ဘာရယ်မှ မဟုတ်ပါဘူး .. တွံတေးသိန်းတန် သီချင်းလေးကို နားထောင်ရင်း ကျောင်းကသူငယ်ချင်းတွေနဲ့ အလုပ်ကသူငယ်ချင်းတွေကို
သတိရနေမိတာ အမှန်ပါ။
လက်ဝဲမှ လက်ယာသို့ - သာကျော်ဖြူ၊ ကိုတင်ကို (MCC)၊ ပါပါလေး၊ ကျွန်တော်ပေါ့ဗျာ၊ အန်တီကြီး (မှတ်ချက်။ ။နာမည်အရင်းမေ့နေသည်)၊ အိလေး၊ ဖြိုး၊ အိသန့်၊ သန့်ရွှေစင် (MCC)၊ ဒါဒါ၊ ဂျုဂျူး၊ အေးထွန်း (ကျွန်တော်တို့ အဖွဲ့ရဲ့ ကိုလေးဖြူပေါ့)၊ အေးမင်းထွန်း၊ ကိုဦး (ကျွန်တော်တို့ အဖွဲ့ရဲ့ အနိုင်၊ အောင်သူ၊ မင်းအောင်၊ တွံတေးသိန်းတန်၊ ဟင်္သတထွန်းရင် အစရှိတဲ့ .. တောကြိုက်သီချင်းများကို အပီဆိုတတ်သူ)၊ ကိုသန့်ဇင် ခေါ် ကျွန်တော့်နာမည် မောင်သန့်ဇင်ပါခင်ဗျာ။
ဒါကတော့ DCD ကဘော်ဒါတွေပေါ့။ လက်ဝဲမှ လက်ယာသို့ - အဆိုတော်၊ မော်ဒယ်၊ ကွန်ပျုတာသင်တန်းဆရာ Blogger ဇော်မိုးအောင်၊ ကျွန်တော်ပေါ့ဗျာ၊ ရိုးသားလှတဲ့ ရှမ်းကလေး တင်ထွန်းအောင်၊ သူငယ်ချင်းလည်းဖြစ် ဂျာကြီးလည်းဖြစ်တဲ့ ကိုဝင်းဌေးဦး၊ အမြဲတမ်း အတည်ပေါက်နဲ့ ဟာသတွေ လုပ်တတ်တဲ့ ကိုမင်း၊ ဒီစီဒီရဲ့ လက်ရှိပင်တိုင် Customer တွေရစ်တာကို အမြဲတမ်း သည်းခံလေ့ရှိတဲ့ ကျော်ဝင်းဆွေ (ခ) ကျော်ကြီး
မန္တလေးက သူငယ်ချင်းတွေအားလုံးကို ဒီရက်ပိုင်းတွေမှာ အမြဲသတိရနေမိတယ်။ ကျွန်တော်ပေါင်းသင်းခဲ့တဲ့ သူငယ်ချင်းတွေ အများစုဟာ တကယ့် ညီရင်းအကို တွေလိုပါပဲ။ နောက်ဆုံးကုန်ကုန်ပြောရရင် တစ်ယောက်အိမ် တစ်ယောက်ကို စားအိမ်သောက်အိမ် လို့တောင် ပြောရလောက်တယ်။ “ကိုတိုး ထမင်းစားအုံးမလား” ဆိုတာကတော့ သူတို့တွေအိမ်သွားလည်ရင်အမြဲကြားရတဲ့ အသံပါ။ အစားဆိုရင် ဟန်မဆောင်တတ်တဲ့ ကျွန်တော်ဟာလည်း ဘယ်တော့မှ မငြင်းတတ်ပါဘူး။ ၀င်တီးတယ်။ ချပေးသမျှ လည်း ကုန်အောင်တီးတယ်။ တစ်ခါတလေကြတော့လည်း သူငယ်ချင်းအိမ်တွေ အလည်ရောက်ရင်းနဲ့ “အန်တီရေ .. မနက်ဖြန်ကျတော့ ကြက်သားမဆလာဟင်းကောင်းကောင်းလေးနဲ့ ကြက်ဥကြော် နှစ်လုံးကြော်ထားလိုက်ပါ ဖြစ်နိုင်ရင် သရက်သီးဆီစိပ်လေးပါ စီစဉ်ထားလိုက်ပါ .. ကျောင်းကပြန်လာရင် ကျွန်တော်လာစားလှည့်မယ်” ကိုယ်က စားချင်တာကို အတည်ပေါက်နဲ့ပြောလည်း သူတို့က “အေးအေး .. မနက်ဖြန်လာခဲ့လို့” ပြောပြီး စားမည့်အရာတွေကို စီစဉ်ပေးထားတတ်ကြပါတယ်။ ဟင်းချက်အရမ်းကောင်းကျတဲ့ ကျွန်တော့်အမေလက်ရာနဲ့ သူငယ်ချင်းတွေရဲ့ အမေတွေလက်ရာကို ဘယ်သူငယ်ချင်းမှ မစားချင်ဘူးလို့ မငြင်းတတ်ကျပါဘူး။ ဘာသာခြားတွေ၊ လူမျိုးခြားတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်တဲ့ ကျွန်တော့်ကိုလည်း သူတို့အိမ်တွေရောက်တိုင်း စကားကို လှိုက်လှိုက်လှဲလှဲ အကြောင်းအရာမျိုးစုံဖြင့် ပြောတတ်ကြပါတယ်။ ကိုယ်က မရောက်ဖြစ်ရင်တောင် သူငယ်ချင်းတွေရဲ့ မိဘတွေက မေးတတ်ကြရုံတင်မကဘူး .. လာပါလို့လည်း ဖိတ်တတ်ကြပါသေးတယ်။
ဒါပေမယ့် နိုင်ငံခြားလည်းရောက်တော့ အဲဒီလောက် ဖေါ်ရွေပျူငှာတဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေဟာ မရှိသလောက် ဆိုသလိုပါပဲ။ သူတို့ရဲ့ အလွန့်အလွန်ဆိုတာက စားသောက်ဆိုင်တွေမှာ အားလုံးရှယ်လုပ်ပြီး အားရပါးရ သွားစားတတ်တာလောက်ပါပဲ။ ဒါမျိုးတွေရေးပြလို့ “မောင်ကိုတိုး တစ်ယောက်ဖြင့် စူစကာ ပုဏ္ဏား လှူတာအကုန်စား .. စားချင်ရှာလွန်းလို့ Blog ပေါ်ထိ လာရေးရတယ်” လို့ပြောလည်း ပြောစရာဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဆိုလိုချင်တာက ကျွန်တော့်ဘ၀ရဲ့ မန္တလေးမှာ ဖြတ်သန်းခဲ့တဲ့ သူငယ်ချင်းတွေနဲ့ပတ်သက်တဲ့ ညီရင်းအကိုသဖွယ် ပေါင်းသင်းဆက်ဆံရင်းနှီးမှု့မျိုးဟာ .. နိုင်ငံခြားဆိုတဲ့ နေရာတွေမှာ မရတော့တဲ့ အကြောင်းလေးတစ်ခု အနေနဲ့ ရေးပြရခြင်းပါ။
လက်ဝဲမှ လက်ယာသို့ - “အစဉ်အရမ်းမိတဲ့ ရှင်ဂွမ်းဂွိ” လို့ ပြောရလောက်တဲ့ ဘေဘေး၊ မွန်မွန်၊ အမြဲတမ်း တကျက်တကျက်ရန်ဖြစ်တတ်တဲ့ မနီလာ .. နောက်ကတော့ မင်းလေး မင်းကြီး နတ်ဝင်နေတဲ့အလား လက်ညိုးလေးတွေကိုယ်စီထောင်ထားတဲ့ ကျွန်တော်၊ ကျော်ကြီး နဲ့ တင်ထွန်းအောင် တို့ အညာဒေသရဲ့ Parado ပေါ်တွင် (မိုးလေးတွေ မှိုင်းညို့နေတဲ့ အချိန်မှာ .. မုံရွာနားက ရွာလေးတွေဟာ တော်တော်လေး လှတယ်)
မုံရွာဖိုဝင်တောင်ရောက် သူငယ်ချင်းကျော်ကြီး နှင့် ကျွန်တော်
ကိုတိုး