Jan 24, 2008

LFC4Myanmar.com နှင့် အင်တာဗျူး


မင်္ဂလာပါအစ်ကို လီဗာပူးပရိသတ်တစ်ယောက်ဖြစ်တဲ့ အစ်ကိုကို့ အခုလို အင်တာဗျူးခွင့် ရတဲ့အတွက် ၀မ်းသာ ပါတယ်။

ကျွန်တော်လည်း ၀မ်းသာပါတယ်ဗျာ။


ပထမဆုံးအနေနဲ့ အစ်ကိုရဲ့ နေရပ်လိပ်စာနဲ့ အလုပ်အကိုင်လေးကို ပြောပြပေးပါဦး အစ်ကို.

ကျွန်တော်က မန္တလေးသားပါ .. လတ်တလောတော့ ထိုင်းနိုင်ငံမှာ နေထိုင်ရင်း အလုပ်လုပ်နေပါတယ်။


အစ်ကို့အနေနဲ့ လီဗာပူးအသင်းကို ဘယ်အချိန်ကတည်းက စပြီး အားပေးခဲ့တာပါလဲ? ဘာကြောင့်များ လီိဗာပူးအသင်းကို နှစ်သက်အားပေးဖြစ်ခဲ့တာလဲဆိုတာရောပေါ့…

လီဗာပူးကို မြန်မာ့အသံမှ စနေနေ့တိုင်း Highlight ပွဲတိုတွေ နဲ့ ပွဲရှည် တစ်ပွဲပေါ့ အပတ်စဉ် ပြန်ပြတဲ့ အချိန်ကနေစပြီး အားပေးခဲ့ပါတယ်။ ငယ်သေးတော့ ... ကစားသမားတွေကို ကောင်းကောင်းမသိခဲ့ပေမယ့် Liverpool အနီသင်းလို့ တစ်မျိုး ... နှုတ်ခမ်းမွေး Rush တို့အသင်းဆိုပြီး တစ်ဖုံ ဆိုပြီး အားပေးခဲ့တာပါ။ နောက်ပိုင်း Robbie Fowler, Steve McManaman, Stan Collymore တို့ ခေတ်ကျတော့ Liverpool ကစားသမားတွေနဲ့ Premier League က တခြား အသင်း ကစားသမားတွေကို တော်တော်လေး သိနေပါပြီ။ အင်္ဂလန်ဘောလုံးအကြောင်းကိုလည်း ကောင်းကောင်းသိလာ ပါတယ်။ စကြည့်ခါစတုန်းကတော့ ဘယ်ဖလားကို ဘယ်အသင်းက ရတယ် ဆိုတော့ ... ဖလားတွေနဲ့ ပတ်သက်ပြီး ဇဝေဇ၀ါတောင် ဖြစ်ခဲ့သေးတယ်။ နောက်မှ လူကြီးတွေနဲ့ ဘောလုံးအကြောင်းကိုကောင်းကောင်း သိတဲ့လူတွေက ရှင်းပြတော့မှ ဒီပွဲကဖြင့် Premier League အတွက်ကန်နေတာ .. ဒီပွဲကဖြင့် FA အစရှိသဖြင့်ပေါ့ .. နည်းနည်း နည်းနည်းနဲ့ သိလာခဲ့ပါတယ်။ နောက်တစ်ခုက ဘာကြောင့်များ Liverpool အသင်းကို ဘာကြောင့် နှစ်သက်အားပေး ခဲ့တာလည်း ဆိုတာပါပဲ။ တိုက်ဆိုင်လို့တို့ အမြင်အရတို့ ဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး .. Liverpool အသင်း ဗိုလ်စွဲတဲ့ League မှာ ၁၈ ကြိမ် ဗိုလ်စွဲခဲ့ မှတ်တမ်းနဲ့ ကျွန်တော်အားပေးခဲ့တဲ့ ကျွန်တော်တို့ မန္တလေးတိုင်း ဘောလုံး အသင်း (အဲဒီအချိန်အခါကပေါ့ ဗျာ) ၁၈ ကြိမ် ဗိုလ်စွဲခဲ့တာတွေ တူနေတာရယ် .. နောက်တစ်ခုက Liverpool အသင်းရဲ့ Liver Bird ကြီးက ကျွန်တော်တို့ မန္တလေးမြို့ကို ကိုယ်စားပြုလောက်ရတဲ့ မြို့မက ငွေငန်းကြီးလိုလို ဘာလိုလိုဆိုတော့ .. ငယ်ရွယ်သူ ချာတိတ်တစ်ယောက်ရဲ့ အမြင်ကို အပိုင်ဖမ်းစားသွားတာလဲ ဖြစ်နိုင်ပါတယ်။ ဒါနဲ့ပဲ ကျွန်တော် Liverpool ဘောလုံးအသင်းကို စပြီး အားပေးခဲ့တာပါ။


အခုလက်ရှိ လီဗာပူးအသင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အစ်ကို ဘယ်လိုများ မြင်မိပါသလဲ?

အရင်တုန်းက နဲ့ စာရင် များစွာတိုးတက်ခဲ့ပါတယ်။ အားသာတဲ့ ဘက်က ကြည့်ရင်တော့ သွင်းဂိုးတွေနဲ့ ဂိုးသမားပါ။ လက်ရှိမှာတော့ .. သွင်းဂိုးတွေ အရင်ကထက် များလာတယ်။ အလယ်တန်းလူတွေ တော်တော် ဂိုးသွင်းလာကြတယ်။ အားနည်းတဲ့ဘက်က ကြည့်ရင်တော့ အခုလက်ရှိကတော့ နောက်တန်းကို ပေါ့။ Clean Sheet စံချိန်တွေရှိလာခဲ့ ပေမယ့် Liverpool ရဲ့ သရေကျတဲ့ ပွဲတွေနဲ့ ရှုံးတဲ့ ပွဲတွေ အများစုဟာ ဂိုးမသွင်းနိုင်လို့ ရှုံးတယ်၊ သရေကျတယ် ဆိုတာထက် နောက်တန်း ပြဿနာတွေ များလို့ဖြစ်ရတာ အများဆုံးပါ။
နောက်တစ်ခု သတိထားမိတာက တောင်အမေရိကတိုက်ဖွား လူတော်တော်များများကို Rafael Benítez လက်ထက်မှာ ဘာရယ်မှန်းမသိလောက်အောင် ဇွတ်လိုက်ကြိုက်ပြီး ၀ယ်ယူခဲ့တာပါပဲ။ Javier Mascherano, Lucas Leiva, Sebastian Leto, Emiliano Insua တို့ဟာ ကောင်းတယ်၊ လူငယ် ခြေတက်တွေလို့ ဆိုစေအုံးတော့ သိပ်အစွမ်းပြမှု မရှိသလောက်ပါပဲ။ ဥပမာ Javier Mascherano ကို ကလပ်ပိုင်အဖြစ် ဇွတ်လိုက်ဝယ်မယ့်ငွေကြေးတွေနဲ့ Lucas Leiva ကိုဝယ်ခဲ့တဲ့ ငွေကြေးတွေအစား တကယ့် ကမ္ဘာ့အဆင့်အတန်းမှီ ဒိတ်ဒိတ်ကျဲ အလယ်တန်းလူတစ်ယောက်လောက်ကို ဈေးကောင်းကောင်းပေးပြီး အီတလီကဖြစ်ဖြစ်၊ စပိန်ကနေဖြစ်ဖြစ် ၀ယ်လို့ရပါတယ်။ Premier League သမိုင်းမှာလည်း တောင်အမေရိက ကစားသမားတွေ လာပြီး ခြေစွမ်းပြပါတယ် ဆိုရိုးစကား မရှိခဲ့ပါဘူး။ ဒါကို Rafael Benítez မစဉ်းစား ခဲ့တာလား Board အဖွဲ့ပဲ မစဉ်းစားခဲ့တာလား မပြောတတ်ပါ။ သူတို့ကို လတ်တလေကြည့်ရပုံကလည်း နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ခြေစွမ်းပြမှု တွေလောက်ကို အထင်ကြီးပြီး နည်းပြ Gérard Houllier လက်ထက်တုန်းက အ၀ယ်မှားခဲ့တဲ့ Senegal က Hadji Diouf တို့ Salif Diao တို့လို အသွင်ဆောင်နေကြပါတယ်။ လက်ရှိအနေနဲ့ အသင်းအခြေအနေ ဘယ်လိုပဲဖြစ်နေပါစေ အဓိက ကတော့ နောက်တန်း တော်တော်လေး တောင့်သွားရင် ... Liverpool ဟာ League မှာရော Europe မှာ အကောင်းဆုံး နဲ့ League ကို ဆက်တိုက်လိုလို ဗိုလ်စွဲနိုင်မယ့် အသင်းတစ်သင်းဖြစ်သွားလိမ့်မယ်။


လက်ရှိလီဗာပူးအသင်းရဲ့ ပိုင်ရှင်နှစ်ယောက်ဟာ အသင်းကို တကယ်ပဲ အကောင်းဆုံးအသင်း ဖြစ်လာ အောင် ပံ့ပိုးပေးနေတယ်လို့ အစ်ကိုထင်ပါသလား? အစ်ကိုအမြင်လေးပေါ့ …

လောလောလတ်လတ် ကစားသမားတွေ ၀ယ်တယ်၊ ငွေကြေးကို အရင်နှစ်တွေထက် သုံးခဲ့တော့ ပံ့ပိုးတယ်လို့တော့ ဆိုနိုင်တာပေါ့။ ဒါပေမယ့် နည်းပြနဲ့ ပြဿနာဖြစ်တယ် .. နည်းပြထွက်ရင် ကစားသမားတစ်ချို့ ထွက်မယ်ဆိုပြီး သတင်း ထွက်လာတာတွေကတော့ သိပ်မကောင်းဘူးပေါ့ ဗျာ။ ဒါပေမယ့် သူတို့ သဘောထားကြီးစွာ ငွေသုံးပြီး လိုအပ်ချက် လေးတွေ ဖြည့်ပေးရင်တော့ အကောင်းဆုံလို့ မြင်ပါတယ်။


ပိုင်ရှင်တွေက ကလင်းစမန်းကို နည်းပြလုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်တဲ့. ဘင်နီတက်ဇ်ဟာ တကယ်ပဲ အသင်း ကို ပရီးမီးယားလိဂ်ဖလား ရအောင် မစွမ်းဆောင်နိုင်တော့ဘူးလို့ အစ်ကိုထင်ပါသလား?

Jurgen Klinsmann ကို ပိုင်ရှင်တွေက ကမ်းလှမ်းခဲ့တယ်လို့ ဆိုစေအုံးတော့ Rafael Benítez ရဲ့ လက်ရှိပြဿနာဟာ အတိုင်ပင်ခံ လက်ထောက်နည်းပြ (Assistant Manager) မရှိတဲ့ ပြဿနာပါပဲ။ အဲဒါဟာ Rafael Benítez ရဲ့ အားနည်းချက်ပါပဲ။ Rafael Benítez လက်ထောက်နည်းပြ (Assistant Manager) မရှိဘဲ ခေါင်းမာမာနဲ့ ဆက်သွားနေ ရင်တော့ Premier League ဟာ သူ့အတွက် အိမ်မက်ဆန်ဆန် ဖြစ်သွားပါလိမ့်မယ်။ သူ့ Manager ရာထူးအတွက် လည်း စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။


ဒီနှစ် နွေရာသီမှာ ၀ယ်ယူခဲ့တဲ့ တောရက်စ်. ဘာဘယ်တို့အပေါ် အစ်ကို့အနေနဲ့ အားရကျေနပ်မှု ရှိရဲ့လားအစ်ကို…

Torres ဟာ ဟိုးအရင် Liverpool က ၀ယ်ခဲ့တဲ့ ရှေ့တန်းကစားသမားတော်တော်များများလို ဘယ်တော့များမှ ဂိုးသွင်း မလဲဆိုပြီး စောင့်ရမယ့် ရှေ့တန်းသမားမဟုတ်ပါဘူး။ ရှေ့တန်းသမားရဲ့ ဂိုးသွင်းမှု့ ပုံစံကောင်းတယ်လို့ ဆိုကြတာက ၃ ချိုး ၁ ချိုးပေါ့။ ပြောရရင် .. ၃ ပွဲမှ ၁ လုံးသွင်းတဲ့ ပုံစံပါ။ အခုလက်ရှိကတော့ Torres ဟာ ၂ ပွဲ ၁ လုံး ... တစ်ခါတလေ ၁ ပွဲ ၁ လုံး ပုံစံမျိုးနဲ့ သွင်းနေပုံက တော်တော်လေး အားရစရာ ကောင်းပါတယ်။ သရေကျတဲ့ ပွဲတော်တော်များများနဲ့ နိုင်ပွဲတစ်ချို့ဟာလည်း သူ့ကြောင့်ဆိုတာ လုံးဝ ယုံမှားဖွယ်ရာ မရှိပါဘူး။
Ryan Babel ကတော့ နောက်ရာသီလောက်ဆိုရင် အခြေကြ ကစားသမားဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို အရံကစားသမားသာသာ ထည့်သုံးနေတယ်လို့ထင်မိပေမယ့် .. သူ့ကိုသုံးတဲ့ ပွဲတိုင်း သူဂိုးသွင်းတတ်ပါတယ်။ ဂိုးသွင်းစွမ်းရည် ရှိတဲ့ ကွင်းလယ် ကစားသမားတွေ စာရင်းထဲမှာ သူပါနေပါတယ်။ အသက် ၂၁ နှစ်သာရှိတဲ့ သူ့မှာ Liverpool အတွက် အနာဂတ် အိမ်မက်တွေ အများကြီးရှိပါတယ်။


လက်ရှိလီဗာပူးအသင်းရဲ့ လိုအပ်ချက်တွေက ဘာတွေဖြစ်မယ်လို့ထင်ပါသလဲ?

ကျွန်တော့် အမြင်မှာ အတိုင်ပင်ခံ လက်ထောက်နည်းပြ (Assistant Manager) တစ်ယောက် ကောင်းကောင်း လိုပါတယ်။ ဥပမာ Sir Alex Ferguson နဲ့ Steve McClaren, Carlos Queiroz တို့ အတွဲပေါ့။ Liverpool ရဲ့ အရင် Manager ဟောင်း Gérard Houllier လက်ထက်တုန်းက Phil Thompson နဲ့ တွဲခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Phil Thompson ဟာ Defender တစ်ယောက်ပီပီ Liverpool ရဲ့ နောက်တန်းခံစစ်စနစ်ကို Sander Westerveld လို အဆင့်အတန်း သိပ်မမီလှတဲ့ ဂိုးသမားရဲ့ အရှေ့မှာ အုတ်တံတိုင်း ခတ်ထားတဲ့ အတိုင်း တည်ဆောက်သွားပြီး တိုက်စစ် အားကို ဦးစားပေးတဲ့ Manager ကြောင့် ဖလားတော်တော်များများ Liverpool ရခဲ့ပါတယ်။ ၁၁ နှစ်ကျော်ကြာတွဲလာခဲ့တဲ့ Pako Ayesteran ဟာ Rafael Benítez အတွက် အလွန်အရေးပါတဲ့ Assistant Manager တစ်ယောက်ပါ။ Rafael Benítez နဲ့ ပြဿနာဖြစ်ပြီး သူထွက်သွားတဲ့ နောက်ပိုင်းမှာ Liverpool မှာ Assistant Manager ဆိုတာ မရှိတော့ ပါဘူး။ ဒါကို Rafael Benítez ဟာ သိပ်အရေးမထားခဲ့ပါဘူး။ Rafael Benítez တစ်ယောက်တည်း ပွဲတစ်ပွဲလုံးမှာ လူတိုင်းစေ့ နဲ့ တစ်ခြားအသင်းရဲ့ ကစားသမားတွေ၊ နည်းစနစ်ပိုင်းတွေအားလုံးကို ဒေါင့်စေ့အောင် လိုက်မကြည့်နိုင် ပါဘူး။ ဒါကြောင့် Assistant Manager ကောင်းကောင်း ရှိကို ရှိရပါလိမ့်မယ်။ Assistant Manager ဆိုတာမျိုးက သိပ်အရေးပါလှတာကြောင့် Assistant Manager လိုအပ်ပါတယ်။
နောက်တစ်ခုကတော့ နောက်တန်းပါ။ Clean Sheet စံချိန်တွေရှိလာခဲ့ပေမယ့် .. Liverpool ရဲ့ သရေကျတဲ့ ပွဲတွေနဲ့ ရှုံးတဲ့ ပွဲတွေ အများစုဟာ ဂိုးမသွင်းနိုင်လို့ ရှုံးတယ်၊ သရေကျတယ် ဆိုတာထက် နောက်တန်း ပြဿနာတွေ များလို့ ဖြစ်ရတာ အများဆုံးပါ။


လီဗာပူးအသင်းအတွက် ဒီနှစ်အစ်ကို့ရဲ့ ရည်မှန်းချက်က…

Champion League ကို မှန်းပါတယ်။ Rafael Benítez ဟာ ပြည်တွင်း League ပြိုင်ပွဲတွေထက် Europe ပြိုင်ပွဲတွေမှာ တော်တော့်ကို စွမ်းနေလို့ပါပဲ။ ဒုတိယကတော့ FA Cup ပါ။


လီဗာပူးအသင်းမှာ အစ်ကို အနှစ်သက်ဆုံးကစားသမားကရော ဘယ်သူလဲ ပြောပြပေးပါဦး…

Steven Gerrard ပါပဲ။ တကယ့်ကို စိတ်ရော ကိုယ်ပါ အားတက်သရော ကစားတာက သက်သေတစ်ခုပါပဲ။ ဖိုင်နယ်ပွဲ များနဲ့ အဓိကအရေးပါလှတဲ့ ပွဲများဟာ သူ့ကြောင့် နိုင်တာများလှပါတယ်။ နောက်တစ်ခု ထူးခြားတာက သူဂိုးသွင်းတဲ့ ဖိုင်နယ်တိုင်းမှာ Liverpool နိုင်ပါတယ် .. ချွင်းချက်အနေနဲ့ကတော့ Chelsea နဲ့ ကစားတဲ့ 2005 ခုနှစ်က Carling Cup Final ဖိုင်နယ်မှာ သူ ကိုယ့်ဂိုးကို ကိုယ်သွင်းမိသွားတာက လွဲလို့ပါ။ ပြီးတော့ ပွဲရဲ့ အဖြေတိုင်းဟာ သူ့ကို အမှီပြုနေ တယ်လို့ ကို ထင်စရာ ကောင်းနေလို့ပါပဲ။


ကာရေဂါဟာ လီဗာပူးအတွက် ပွဲပေါင်း ၅၀၀တိတိ ကစားပေးခဲ့ပြီးပါပြီ၊ သူ့အပေါ် အစ်ကို့အမြင်လေး သူဟာ ဖာဒီနန်. တယ်ရီတို့ထက်သာတယ်လို့ ပြောနိုင်ပါ့မလား? အစ်ကို့အမြင်ပေါ့…

Jamie Carragher ဟာ တော်တော်လေးကောင်းပါတယ်။ သူ့ကို Rio Ferdinand တို့ John Terry တို့ နဲ့ ယှဉ်ပြီး နောက်တန်း ဂိုးသွင်းစွမ်းရည် နိမ့်တယ်လို့ အများက ဆိုကြတာ ရှိစေအုံးတော့ သူဟာ Liverpool ဖလားတွေ နဲ့ အောင်ပွဲစဉ်ခဲ့တဲ့ ပွဲတွေမှာ တော်တော်လေးကို စွမ်းစွမ်းတမံ အသည်းအသန် ရေကုန်ရေခမ်း ကစားပြသွားတာတွေက သူဟာ နောက်တန်း အကောင်းဆုံးတွေထဲက တစ်ယောက်ဆိုတာ လုံးဝ သက်သေတည်နေပါတယ်။


ကျွန်တော်တို့ရဲ့ Lfc4myanmar.com နဲ့ ပတ်သက်ပြီး အကြံပေးချင်တာလေးတွေများ ရှိရင် ပြောပြပေး ပါဦး…

အကြံပေးစရာ မရှိသလောက်ကို ပြည့်စုံနေပါတယ်။


ကျေးဇူးတင်ပါတယ်အစ်ကို. နောက်ဆုံးအနေနဲ့ တခြားလီဗာပူးပရိသတ်တွေထံ အစ်ကို ပြောချင်တာလေး တွေများ ရှိရင်…

အားကစားဟာ လောင်းကစား မဟုတ်ပါဘူး။ လောင်းကစားနည်းတစ်ခုအနေနဲ့ အားပေးမှုကို လုံးဝရှောင်ကျဉ်စေလို ပါတယ်။ ရင်ထဲ အသဲထဲက နေ အူလှိုက်သည်းလှိုက် အမြဲအားပေးစေလိုပါကြောင်း ပေါ့ဗျာ။

Interviewed by Moewai

Link: http://www.lfc4myanmar.com/interviews/interview013.html

ကိုတိုး

Jan 16, 2008

LFC 4 MYANMAR . COM


ဒါကတော့ ဟိုတစ်ပါတ်လောက်က ဟိုသွားဒီသွားရင်း .. တွေ့မိသွားတဲ့ ဝက်ဆိုဒ်ပါ။ ကျွန်တော် Liverpool FC ကိုဟိုးငယ်ငယ်လေးက အားပေးခဲ့တဲ့ ပရိဿတ်တစ်ယောက်အနေနဲ့ ဒီလို ၀က်ဆိုဒ်ထောင်ဖို့ စိတ်ကူးခဲ့ပေမယ့် တကယ့်လက်တွေ့ကျတော့ အကောင်အထည် မဖော်ဖြစ်ခဲ့ပါဘူး။ ဒီ ၀က်ဆိုဒ် ထောင်ခဲ့တဲ့ ကိုမိုးဝေ ကိုတော့ အရမ်းချီးကျူးမိတယ်။ ဒါနဲ့သွားကြည့်တော့ .. Member တွေတော်တော်များနေပြီ။ Prominent Member တစ်ယောက်ကတော့ Liverpool ပရိဿတ် ကိုနေဘုန်းလတ်ပေါ့။ ကဲ .. Liverpool အသင်းကို အားပေးကျတဲ့ မြန်မာ ပရိဿတ်တွေ LFC4Myanmar.com သွားရောက်လည်ပတ်ရင်း အားပေးနိုင်ပါပြီ။

ကိုတိုး

Apple MacBook Air


မနက်က ရုံးက သူငယ်ချင်းတစ်ယောက် လှမ်းပြီး ပြောလိုက်တာနဲ့ Apple Web Site ကိုသွားကြည့်လိုက်တယ်။ အရမ်းသဘောကျတယ်။ လုံးဝ Slim ပဲ။

ကိုတိုး

Apple Mac Pro


အနုပညာသမားတစ်ယောက်အနေနဲ့ Apple ရှိသင့်တာက အမှန်ပါ။ မြင်မြင်ချင်းပဲ ချစ်မိတယ်။ Technical Specification ဖတ်ကြည့်တော့ ပိုပြီးသဘောကျတယ်။ ထူးခြားတာတွေ အများကြီးပဲ။ ငွေကြေးတောင့်တင်းလာတဲ့ တစ်နေ့ ၀ယ်မယ်။

ကိုတိုး

Jan 12, 2008

ပဲဟင်းချက်တဲ့ မယ်ခင်



ပဲဟင်းချက်တဲ့ မယ်ခင်

ရီပြရုံလေးဖြင့်
သူ့ကိုကြိုက်တယ်ထင်
မယ်ခင်မှာ
ပဲဟင်းချက်တော့
ဆူဝေကာလျှံပါတော့တယ်
အိုးမီးကငြိမ်း

ကိုတိုး

Jan 7, 2008

ဘာကြောင့် မိခင်လုပ်သူတွေက ကလေးတွေကို အရုပ်မလေးတွေနဲ့ မကစားခိုင်းတာလဲ

ဘာကြောင့် မိခင်လုပ်သူတွေက ကလေးတွေကို အရုပ်မလေးတွေနဲ့ မကစားခိုင်းတာလဲ ဆိုတာ .. ဟာသလေးတစ်ခုအနေနဲ့ ကြည့်လိုက်ရအောင် .. ဟီး ဟီး .. ဟီး

Jan 6, 2008

HUMAN ANATOMY FOR ARTISTS


HUMAN ANATOMY FOR ARTISTS (Hardcover) Illustrated by Andras Szunyoghy and texted by Gyorgy Feher စာအုပ်ကတော့ တော်တော်လေးကောင်းတယ်။ အရင် Human Body လေ့လာတုန်းက စာအုပ်တွေက အပြင်ပိုင်းဆန်ဆန်ရေးထားတာတွေများပါတယ်။ ထိုစာအုပ်တွေက အသုံးတော်တော်တည့်ပြီး ဗဟုသုတရခဲ့ပေမယ့် ဒီစာအုပ်နဲ့ ယှဉ်လိုက်ရင်တော့ တော်တော်လေး ကွာသွားပါတယ်။ တော်တော်လေးကို ပြည့်စုံပါပေတယ်။ Ratio, Position, Symmetry, Proportion နဲ့ Measurement ပိုင်းတွေမှာ ပိုပြီး စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဖတ်စရာစာထက် ပုံကြည့်နေရတာကိုက စိတ်ဝင်စားစရာကောင်းပါတယ်။

ကိုတိုး

Leonardo da Vinci - THE COMPLETE WORKS


မြို့နာမည်တွေ လူနာမည်တွေကို မှတ်သားရခက်လောက်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပေမယ့် ဒီ Leonardo da Vinci - The Complete Works စာအုပ်ဟာ စွယ်စုံရ နည်းပညာရှင် အတတ်ပညာရှင်ကြီး Leonardo Da Vinci ရဲ့ အတွေးအခေါ်အယူအဆတွေ၊ Detail Concept တွေနဲ့ ဆွဲထားတဲ့ ပန်းချီတွေကို မည်သည့်အသက်အရွယ်၊ ခုနှစ်တွေနဲ့ ဆွဲသည့်နေရာတွေ မည်သူ့ပုံ စသည်တွေကို သေသေချာချာရေးထားတဲ့ စာမျက်နှာ ၆၀၀ ကျော် စာအုပ်သေးသေးလေး (စာအုပ် ဆိုဒ်အသေး) ပါ။ စာအုပ်ဆိုင်မှာတော့ ဒီထက်ပိုပြီး သူ့ရဲ့အနုပညာ နည်းပညာတွေကို Specialize လုပ်ပြီးလေ့လာရေးသားထားတဲ့ စာအုပ်တွေရှိပါတယ်။ ဒါပေမယ့် ဒီစာအုပ်ကတော့ တော်တော်လေးပြည့်စုံပါတယ်။

ကိုတိုး