Mar 31, 2007

ငါ .. လွမ်းလို့ပါ .. ရမ်ခမ်ဟန် ရယ်



ရမ်ခမ်ဟန် . . ရယ်

စနေနဲ့တနင်္ဂနွေကို
မင်းက လွမ်းရက်တွေအဖြစ်
သတ်မှတ် ပေးတော့မှာလား .. ရမ်ခမ်ဟန် ..

ငါ မင်းရဲ့ ရင်ခွင်ထဲမှာ
လျှောက်နေပေမဲ့
ရင်ထဲမှာ ဟာနေသလိုပါပဲ .. ရမ်ခမ်ဟန် ရယ် ..

ဟို ..........
ယိုယို့ .. နင် .. ယိုယို့ ဆောင် .. တို့
ပိုက်လုံးကိုင် အဖွဲ့ရဲ့ အော်သံတွေက
ငါ့ကို လှောင်ပြောင်နေတဲ့ အတိုင်း
ငါခံစားရပါတယ် .. ရမ်ခမ်ဟန် ရယ်..

ရမ်ခမ်ဟန် ..
ငါ့ ကို အေးမျှတဲ့ မင်းရင်ခွင်ထဲမှာ
စနေနဲ့တနင်္ဂနွေနေ့တိုင်း
ဆုံနိုင်ခွင့်တွေ အမြဲပေးပါ .. ရမ်ခမ်ဟန် ..

ငါ လွမ်းလို့ပါ .. ရမ်ခမ်ဟန် ရယ် ..

ကိုတိုး

Mar 29, 2007

အကြွေး (သို့မဟုတ်) ဆယ်နှစ် .. ဆယ်နှစ် .. ဆယ်နှစ်


“သေနတ်ပစ်တယ်ဆိုတာ ဒီလက်ညှိုးလေးကွေးတတ်ရတယ် .. ဒီလက်ညှိုးလေး ကွေးတတ်ဖို့အတွက် .. ဆယ်နှစ် .. ဆယ်နှစ် .. ဆယ်နှစ် သွားသင် .. ပြီးရင် ငါ့ဆီပြန်လာခဲ့ ............. ဒိုင်း .. ဟား ဟား ဟား ဟား .. .. .. ဒိုင်း .. ဟား ဟား ဟား ဟား .. .. .. ဒိုင်း .. ဟား ဟား ဟား ဟား .. ”

ဦးကျော်ဟိန်း .. အကြွေးဇတ်ကားမှ

ဘာရယ်မှ မဟုတ်ပါ .. ပညာတစ်ခုရဖို့အတွက်နဲ့ ထိုပညာရဲ့အတွေ့အကြုံရဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားကျင့်ကြံဖို့လိုတယ်ဆိုတာလေးကို တွေးရင်း .. ဦးကျော်ဟိန်းရဲ့ စကားကိုပြန်ပြောင်းသတိရခြင်းပါ။

အိုင်တီနယ်မှာလုပ်နေတဲ့ လူတွေဆိုရင် ထွက်သမျှအသစ်အဆန်း နည်းပညာများ၊ ဆော့ဝဲလ်များ နဲ့ ဘာသာရပ်တွေကို နှစ်စဉ်နှစ်တိုင်း ပိုလို့တောင် လေ့လာရလိမ့်မယ်။ တစ်ချို့လည်းရှိပါတယ် ... ကိုယ်သွားနေတဲ့လိုင်းပေါ်က ပညာသစ်တစ်ခုကို မလေ့လာသေးပဲ “ငြီးငွေ့တယ်” တို့ “ပြင်းစရာကြီး” တို့ ဆိုတဲ့ ဝေါဟာရတွေကို ပြောတတ်ကြပါတယ်။ ဒါပေမယ့် သိထားတော့ ပိုကောင်းတာပေါ့။ မလေ့လာပဲနဲ့နေရင်လည်း .. အသုံးလိုတော့မှ ထလေ့လာခဲ့ရင် သူများထက် နောက်ကျသွားတတ်ပါတယ်။ ကျွန်တော်ဆိုလိုချင်တာကတော့ .. ကိုယ်အသုံးကျမည့် ဆော့ဝဲလ်တွေတို့ ဘာသာရပ်တွေကို အကြွေးမထားတာပဲ လေ့လာလိုက်စားတာ ကောင်းပါတယ်။


ကိုတိုး

Mar 27, 2007

ပရိတ်ကြီး ၁၁ သုတ် နှင့် ဆဲဗန်းအလဲဗန်း


မနေ့က အလုပ်က ထိုင်းမလေးတစ်ယောက် ဖခင်ဆုံးလို့ အသုဘရှု့သွားခဲ့တယ်။ ဟိုလည်းရောက်ပြီးခဏကြာတော့ ထိုင်းဘုန်းတော်ကြီးများက ရွတ်ဖတ်ကြပါတယ်။

ဒါနဲ့ .. ဘေးက ထိုင်းမလေးကို “ဘုန်းကြီးတွေ ဘာရွတ်နေသလဲဆိုတာ နင်သိသလား” လို့မေးတော့
သူက “တစ်ချို့သာသိပြီး တစ်ချို့ကို မသိကြောင်း” ပြန်ပြောပါတယ်။

နောက်တော့ ပရိတ်ကြီး ၁၁ သုတ်အကျဉ်းကို ရွတ်နေချိန်တွင် မောင်ကိုတိုးက ထပ်၍မေးခွန်းထုတ်ပါတယ် ..
“အခု ဘုန်းကြီးတွေ ဘာရွတ်နေသလဲဆိုတာရော သိသလား” လို့မေးတော့
“သူက မသိကြောင်း” ပေါ့။

ဒါနဲ့ပဲ ကျွန်တော်က “အခု ပရိတ်ကြီး ၁၁ သုတ်ရွတ်နေကြောင်း” ကိုပြောတော့ .......... ဟိုး .. တစ်ယောက်ကျော်က ထိုင်းမလေးက နားစွန်နားဖျားကြားပြီး “ကိုတိုး ဒီနေရာနားမှာ ဆဲဗန်းအလဲဗန်း ဆိုင်မရှိဘူးလို့” လှမ်းဖြေလိုက်တယ်။ သူ့အပြောကြောင့် ရယ်မိကြပေမယ့် အသုဘမှာလည်းဖြစ် ဘေးက တစ်ယောက်နှစ်ယောက်က ကြည့်နေလို့လည်းဖြစ် .. ရယ်ချင်စိတ်ကို မနည်း ပါးစပ်ကြီးပိတ်ပြီး ထိမ်းထားပေကြမယ့် စပ်ဖြီးဖြီးဖြစ်နေတဲ့ ကျွန်တော်တို့အမူအရာတွေကိုတော့ ပုန်းကွယ်လို့မရတာ မြင်တဲ့လူတိုင်း သိမှာပါ။

သူလည်း ၁၁ ပါတာနဲ့ နားစွန်နားဖျားကြားပြီး ...

ကိုတိုး

Mar 26, 2007

Ghost


ရုံးက လူကြီးတစ်ယောက်က ကျွန်တော့်အခန်းပေါက်ရောက်လာပြီး

“မင်း Ghost နဲ့ပတ်သက်လို့ Experience ရှိလား” ဆိုတဲ့မေးခွန်းနောက်မှာ ..

ဒီက မောင်ကိုတိုးကလည်း “ရှိပါတယ်” ပေါ့။

သူ Ghost နဲ့ပတ်သက်လို့ ထပ်မေးရင်တော့ ... ကျွန်တော် သရဲခြောက်ခံရတဲ့ အကြောင်းတွေ တလှေကြီးပြောမယ်လို့ စဉ်းစားနေတုန်း

“ငါ့ ကွန်ပျူတာက Data တွေအားလုံးကို OS နဲ့ Software အသစ်မတင်ခင် Ghost သုံးပြီး Backup လုပ်ချင်တယ်” လို့ သူကဆိုတော့မှ ..

“ရပါတယ် ကျွန်တော် သိပါတယ် လုပ်တတ်ပါတယ်လို့” ချော်လဲရောထိုင် ဖြေလိုက်ရတယ်။

တော်သေးတာပေါ့ .. တကယ့် Ghost နဲ့ Norton Ghost Software နဲ့ မှားမသွားလို့ .. ဟီး ..

ကိုတိုး

Mar 25, 2007

ခံစားချက်များ (၂)


တစ်ခါတလေတော့လည်း စိတ်ပျက်မိတယ်။ Customer ခိုင်းသမျှ ကောင်းကောင်းမကောင်းကောင်း အနုပညာမဆန်၊ အနုပညာမမြောက်လည်း လုပ်ရတာပဲ။ ပိုက်ဆံအတွက်လုပ်နေရပေမယ့် အနုပညာအတွက်တော့ စိတ်မချမ်းမသာဖြစ်မိသူက ကျွန်တော်ပါ။ အောက်ကြေးနဲ့လုပ်ရတဲ့ အလုပ်မျိုးဆိုရင် ပိုတောင်ဆိုးပါသေးတယ်။ ဘယ်တတ်နိုင်မလဲ ကိုတိုး ရေ ..

သူတို့ပြောသမျှလိုက်လုပ်နေရတာက “မချစ်သော်လည်း အောင့်ကာနမ်း” နေရတာနဲ့ အလားတူပါပဲလို့ တွေးရင်း

ကိုတိုး

သူ ... သိပါစေ

သူ ... သိပါစေ

အဝေးကနေ
ကြည့်နေရပေမယ့်
သူမြင်ပါစေ

အဝေးကနေ
ပြုံးပြရပေမယ့်
သူနားလည်ပါစေ

အဝေးကနေ
စကားတွေပြောပေမယ့်
သူကြားပါစေ

အဝေးကနေ
သိပ်ချစ်နေရပေမယ့်
သူသိပါစေ

တိတ်တခိုးနဲ့
ချစ်နေရတဲ့ ဘ၀ကို
သူ ထာဝရ
နားလည်ပေးပါစေ။

ကိုတိုး

Mar 23, 2007

Cute Baby

ကလေးချစ်တတ်တဲ့ ကျွန်တော် ဒီပုံလေးကို Friendster က User တစ်ယောက်ဆီကနေ Copy ကူးလာခြင်းပါ။ ခွင့်မတောင်းပဲ ကူးတော့ ခိုးတယ် လို့ဆိုလေမလား။ ဘာပဲဖြစ်ဖြစ်ပေါ့ ဒီ ၀၀ ကစ်ကစ် ကလေးလေးရဲ့ လျှာတစ်လစ်လေးနဲ့ အမူယာကို သဘောကျလွန်းလို့ပါ။

ရုံးက ကလေးရူးရူးနေတဲ့ ဗိုက်စကြီးခါစ ထိုင်းမလေးတစ်ယောက်ကို ဒီပုံလေးပြတော့ သိပ်သဘောကျလွန်းလို့ တစိမ့်စိမ့်ကြည့်နေတာက အမှန်ပါ။ ကျွန်တော်တောင် ကလေးချစ်တတ်ရင် ကလေးကို ၀မ်းလွယ်ထားတဲ့ မိခင်လောင်းတစ်ယောက်အနေနဲ့ ဘယ်လောက်များ ချစ်တတ်မလည်း ဆိုတာ သူ့ကို ကြည့်ရင်း နားလည်မိပါတယ် ဗျာ။


Title: Cute Baby

Mar 22, 2007

My Photo Gallery 9


Title: Standing on Patthaya Beach

Mar 20, 2007

မျက်နှာမြင် ရိုက်ချင်ပါစေ


လူတွေ ကိုယ့်ကို အမြင်ကတ်ချင်ရင် လွယ်လွယ်လေး။ ချယ်ဆီးနည်းပြ မိုရင်နို (Jose Mourinho) လို သူ့လုပ်စာထိုင်စားနေတဲ့ အလား မျက်နှာထားနဲ့နေပြီး စကားကို အထက်စီးကပြော၊ ဖာဂူဆန် (Sir Alex Ferguson) လို အော်ငေါက်၊ ဂျွန်စတီးဝတ်(ဒ) (Jon Stewart) လို အပြစ်တွေလိုက်ရှာပြီး ပျက်လုံးတွေထုတ်သလိုလို နဲ့ အတည်ပေါက်နဲ့ပြော၊ စတိဂျော့(စ) လို (Steve Jobs) မဟားဒယား နာမည်တပ်ပြီး လိုက်တာ ကောပေတော့။ သိပ်များများ လုပ်စရာ မလိုပါဘူး .. နှစ်လ လောက်သာစမ်းကြည့် .. “မျက်နှာမြင် ရိုက်ချင်ပါစေ” ဆိုတဲ့စကား အမြဲသာကြားရမည်သာမှတ်ပေတော့ ဗျာ။

ကိုတိုး

သိလား ... သိလား


တစ်ချို့တွေ စကားပြောရင် သတိထားမိကြမှာပါ။ မေးခွန်းတောင် မမေးရသေးဘူး ... သိလား .. သိလား .. ဆိုတာပေါ့။ အင်္ဂလိပ်တွေမှာလည်း ရှိပါတယ် .. You know .. You know ပေါ့။ ဒါပေမဲ့ဗျာ .. တစ်ချို့များ ရိုးရိုးမမေးဘူး .. လက်နဲ့တို့ပြီး သိလားသိလား ဆိုတော့လည်း ကျွန်တော့်မှာ ဒုက္ခ။ တစ်ခါတလေ စိတ်ပေါက်နေရင်တော့ “နေပါဦးဗျာ .. မေးတောင် မမေးရသေးဘူး .. ခင်ဗျားက သိလား သိလား ဆိုတော့ ကျွန်တော်က ဘာပြန်ဖြေရမှာလဲ” လို့ လေသံမာမာနဲ့ ဟောက်လိုက်ရတယ်။

ကိုတိုး

Mar 17, 2007

ခံစားချက်များ (၁)

ဘာကြောင့်ရယ်မှန်းမသိ .. ဒီရက်ပိုင်း အမေနဲ့ ဆုံးပါးသွားတဲ့ အဖေရဲ့မျက်နှာကို အမြဲတမ်းမြင်မြင်နေမိတယ်။ အဖေ့ကိုတော့ အိမ်မက်ထဲမှာ ဟိုးတစ်လောက နေ့တိုင်းလိုလို မြင်မက်ခဲ့တယ်။ ကျွန်တော့်စိတ်ထဲမှာတော့ မိဘတွေနဲ့ အတူနေရတဲ့ သူငယ်ချင်းအသိုင်းအ၀ိုင်းတွေ၊ မိဘတွေနဲ့ တွဲသွားတွဲလာလေ့ရှိကြတဲ့ လူတွေတွေ့တိုင်း၊ သူတို့တွေ စားသောက်ဆိုင်တွေမှာ မိသားစု ပီပီ မိသားစုပုံစံ ၀ိုင်းဖွဲ့စားသောက်ကြတာတွေကို တွေ့တိုင်း စိတ်ထဲမှာ ဘယ်လိုမှပြောမထွက်တဲ့ ၀မ်းနည်းမှု့မျိုးကို အမြဲတမ်းခံစားခဲ့ရတယ်။ အဖေမရှိတဲ့ နောက်ပိုင်းမှာ အလုပ်ကပြန်ရောက်လို့ ညနေထမင်းစားတိုင်း ဘေးကနေ စကားတွေအမြဲပြောတတ်တဲ့ အမေ ကို ညနေထမင်းဆိုင်မှာသွားစားတိုင်း နေ့တိုင်း သတိရမိတယ်။ ဟင်းချက်ကောင်းတဲ့ အမေ့ရဲ့ လက်ရာအကြောင်းတွေကိုတော့ ဒီက မြန်မာဆိုင်မှာ စားရင်းသောက်ရင်း တစ်ခါတလေ ဆိုင်ကလူတွေကို လေကြွားပြောပြရတာ အမော ပါ။ ဘာပဲဖြစ်ဖြစ် ဖြစ်သမျှကံ နဲ့ လုပ်သမျှကံ အကောင်းလို့သတ်မှတ်ပြီး ကိုယ့်အားကိုယ်ကိုး ကိုယ့်ကိုယ်ကို အားပေးသမှု့ပြုပြီး အမြဲရုန်းကန် နေရမှာပဲ လို့အောင်းမေ့မိပါတယ်။ ကျွန်တော်လို ဘ၀တူတွေ ရှိရင်လည်း ကျွန်တော့်လိုပဲ ခံစားမိကြလိမ့်မယ်လို့ ထင်မိပါတယ် ဗျာ။


အပေါ်ကပုံလေးတွေကတော့ နိုင်ငံခြားထွက်မလာခင်တုန်းက Scan လုပ်လာခဲ့တဲ့ပုံလေးတွေပါ။ အဖေနဲ့အမေ အိမ်ထောင်ကျကာစတုန်းက ပုံရယ်၊ ကျွန်တော် ၃ လသားအရွယ်လေးတုန်းက ပုံရယ်၊ မှတ်မှတ်ရရ ကျွန်တော် ပထမတန်းတုန်းက ကျောင်းက ဆံပင်ညှပ်ခိုင်းလို့ ကိုယ့်ဆံပင် ကိုယ် ကပ်ကြေးနဲ့ ညှပ်လိုက်ရာက ပုံမလှပန်းမလှ ဘူးသီးကြွက်ကိုက်ကေ ထွက်လာတဲ့ပုံကို အမှတ်တရ ရိုက်ထားတာလေးတွေပါ။

Mar 13, 2007

My Photo Gallery 8

ဒါကတော့ University Expo တစ်ခုသွားရင်းနဲ့ သူတို့ဆီက အနုပညာ တက္ကသိုလ်ကျောင်းသူတစ်ဦးရဲ့ အကဟန် ကို ရိုက်ထားတာပေါ့ ဗျာ။


Title: Dancing Angel

မင်းသမီးတစ်ပါး ... (သို့) မင်္ဂလာပါ မထက်ထက်မိုးဦး


လယ်ထွန်သွားနွားမေ့ဆိုသလို .. ကိုတိုးတစ်ယောက် ညီတော် ကိုယ်တော်လေး မျိုးကျော်ထွန်းမှာလိုက်တဲ့ ပစ္စည်းများမေ့သွား၍ အနီးနားက 7 11 (ဆဲဗန်း(န) အလဲဗန်း(န)) ဆိုင်သို့ထပ်ပြေးရတယ်။ ဆိုင်ထဲဝင်ဝင်ချင်းတော့ မြန်မာလိုပြောသံတွေကြားနေရတယ်။ ထိုင်းမှာတော့ ဘယ်နေရာသွားသွား မြန်မာတွေ ချည်းပါပဲ။ ဒါနဲ့ ဆိုင်ထဲမှာ လိုချင်တဲ့ ဆပ်ပြာမှုန့်ထုပ်ကို လိုက်ရှာရင်း မထက်ထက်မိုးဦး နဲ့ အမှတ်မထင် တွေ့ခဲ့တယ်။ အူကြောင်ကြောင်နိုင်လှတဲ့ ကျွန်တော့်ရဲ့အတွေးမှာ “ဒီအမျိုးသမီးကို ဘယ်နေရာမှာ မြင်ဖူးပါလိမ့်” ဆိုတဲ့ မေးခွန်းနောက်မှာတော့ မထက်ထက်မိုးဦး ဆိုတာသိသွားပါလေရဲ့ဗျာ။ “မထက်ထက်မိုးဦး နော် .. မင်္ဂလာပါ .. တွေ့ရတာဝမ်းသာပါတယ်” ဆိုပြီး လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။ ကိုတိုးတစ်ယောက်ကတော့ အမျိုးသမီး အကြီးအငယ် နဲ့ မိတ်ဆက်တိုင်း မထင်ရင် မထင်သလို လက်ကိုင်နေကြ .. (အဲယောင်လို့) လက်ဆွဲနှုတ်ဆက်တဲ့ အကျင့်ပါနေခြင်းပါ။ ထက်ထက်မိုးဦး ဆိုတဲ့ မင်းသမီးကို ပထမဦးဆုံး အပြင်မှာ စမြင်ဖူးခြင်းပါ။ မထက်ထက်မိုးဦးက လှတော့လှပါတယ် ဗျာ .. ဒါပေမယ့် ရွာက တောကလေးများ အုံးဆီမလိမ်းလို့ ဆံပင်တွေက သံချေးကိုက်နေတဲ့ အလား နီကြောင်ကြောင် ရွှေရောင်တွေဆိုးထားလေရဲ့။

ကဲပါလေ .. သူနဲ့ အာလာဘ သလာဘ လေးနည်းနည်းပြောဖြစ်ပေမယ့် .. နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ဘရဗျစ်နဲ့ အားကစားလုပ်ပြီး ပြန်လာခါစ ချွေးနံ့တွေတထောင်းထောင်းကြိုင်လှိုင်သင်းနေတဲ့ ကျွန်တော့်ကိုတော့ သူ့ရဲ့ ဓါတ်ရှင်ထဲက လူဆိုးတစ်ယောက်အနေနဲ့ပဲ မြင်မိပါလိမ့်မယ်။

သူရဲ့ အနုပညာကို အစဉ်လေးစားလျှက်

ကိုတိုး

Mar 11, 2007

ဘယ်တော့မှမမေ့ဘူး


တစ်ရက်တော့ ကျော်ကြီးရောက်လာပါလေရော။ ကျော်ကြီး ဆိုတာက ကျော်ဝင်းဆွေ ပေါ့။ ကျွန်တော့်သူငယ်ချင်း။ အိမ်ကတော့ သိတဲ့ အတိုင်းပဲ ညီအကိုသုံးယောက်ရှိတော့ သူငယ်ချင်းအပေါင်းအသင်းတွေလာတာများတယ်။ ကျွန်တော်ကလည်း သူလာနေတုန်း ကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းနေလိုက်တာ လွန်ပါလေရော။ ကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းတာတော့ တခြားမဟုတ်ပါ။ ဟိုးအရင်က ဦးကျော်ဟိန်း .. နောက်တော့ ကိုဇော်ပိုင် ဆိုထားတဲ့ ဘယ်တော့မှမမေ့ဘူး ဆိုတဲ့ သီချင်းထဲက “ဒီ ကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာ အစက ပြန်စလို့ရရင် .. အရင်လိုမျှော်လင့်ချက်နဲ့ .. ရှင်သန်အားမွေးလိုက်ချင် .. ” စာသားတွေပါ။ သူလည်း အိမ်လာတိုင်း ဂိမ်းဆော့၊ မဆော့ရင် စာအုပ်ဖတ်၊ မဖတ်ရင်လည်း စကားပြောပေါ့။ ကျွန်တော်ကလည်း အဲဒီသီချင်းရဲ့ ကော့ဒ်တွေကို အလွတ်ရအောင် အသားကုန် တစ်ခေါက်ပြီးတစ်ခေါက် ဂစ်တာတီးရင်း ဆိုနေတော့တာပါပဲ။

နောက်တစ်နေ့ကျတော့ သူလာတုန်း ညီတော် ကိုယ်တော်လေး မျိုးကျော်ထွန်းကပါ အဲဒီသီချင်းကို ဆိုပြီး အလွတ်ရအောင် တီးနေတော့ သူက အခုလို သူငယ်ချင်းတွေကြားမှာ ဟာသလေး တစ်ခုအဖြစ် ပြောပြတတ်ပါတယ်။ “ကိုတိုးတို့ ညီအကိုတွေများ လွန်ပါရော .. ကမ္ဘာကို အကိုက နောက်ပြန်လှည့်ခိုင်းလိုက် .. ညီက နောက်ပြန်လှည့်ခိုင်းလိုက်နဲ့” ဆိုတာပါပဲ ဗျာ။

ဘာရယ်မှ မဟုတ်ပါဘူး .. ဒီသီချင်းကို ဆိုတိုင်း ကျော်ကြီးပြောပြောနေကျ ဟာသလေးကို သတိရရင်း .. ရေးလိုက်ရခြင်းပါ ..

ကိုတိုး

Mar 10, 2007

ဇာတ်ကြမ်းကသူ တစ်ဦး

ဇာတ်ကြမ်းကသူ တစ်ဦး

ခွဲခြားမှု့များရဲ့
ကားလိပ်နောက်ကွယ်က
စိတ်က အမာရွတ်များ ကို
ကျွန်တော် မဖယ်နိုင်သေးတာက
အမုန်းတစ်ခု မဟုတ်ပါ ..

မပြည့်စုံမှု့တွေကို
ဖြည့်နေရတဲ့ စာပိုဒ်တစ်ခုကို
စာစီကုံးလို့ ရုန်းနေရတဲ့ ဘ၀ကို
စာနာမယ် ဆိုရင်
နားလည်ပေးပါ ..

လွယ်သူ လူအများ
လည်သူ ကျော်စားတတ်တဲ့
ဒီလောကမှာ
ကျွန်တော်လို တစ်ယောက်အတွက်
အကြွေစုတဲ့ ကလေးစုဘူးနဲ့
ပမာပြရုံပါ ..

လှံတွေ ကံတွေအကြောင်းကို
ပမာပြုလို့
ကြိုးစားမှု့အရင်းတည်
ဆက်လျှောက်ရပါဦး မည် ..

ကိုတိုး

မကြောက်ကြပါနဲ့

မကြောက်ကြပါနဲ့

မနူးမနှပ်
ခရူးကပ်ကေနဲ့မို့
ရူးနံ့နံ့တော့
မထင်လိုက်ပါနဲ့

အတွေးသိပ်တောက်တော့
တစ်ခါတလေ
ကလေးစိတ်
မပျောက်သေးပါ

ပေါက်ကွဲရင်
ထင်တိုင်းကျဲ
စိန်ခေါ်ရင်
လိုက်နွဲတတ်ပေမယ့်
မိုက်ရူးရမ်းကား
တစ်ရွာသားတော့ မဟုတ်ပါ

ကိုတိုး

မပြောလည်း သိပါတယ်

မပြောလည်း သိပါတယ်

အထီးကျန်လှတဲ့
ကွန်ပျူတာ တစ်လုံးရဲ့ အရှေ့မှာ
မောက်(စ) နဲ့ ကီးဘုတ်ကို
အဖော်လုပ်ရင်း
ငါထိုင်နေတယ် . . .
အဝေးက အချိန်တွေကိုတော့
လှမ်းကြည့်နေမိတာကတော့ နေ့တိုင်းပါ . . .
အချစ်အတွက်နဲ့ သစ်ရွက်လို
ငါ့ကြွေခဲ့ပြီပေါ့ . . .
အပြုံးတွေ မရှိတဲ့
ရင်ခုန်သံတွေကို နားလည်နေမိပါတယ် . . .
ငါဖတ်နေတဲ့ စာအုပ်တွေလို
မင်းက ချိုမြိန်မယ်ဆိုရင်တော့
အပျော်ရွှင်ဆုံးနေ့ရက်တွေနဲ့အတူ
ထာဝစဉ် လက်တွဲသွားချင်တယ် . . .

ကိုတိုး

အချစ်ရဲ့ အဆီအနှစ် အရသာ

အချစ်ရဲ့ အဆီအနှစ် အရသာ

အချစ်
အမုန်း
အလွမ်း
အဆွေး
အတွယ်အတာ
အားလုံးကို ရောစပ်ကြည့်လိုက်ရင်တော့
အဆိုး
အကောင်း
အကျိုး အကြောင်းတော့ ဖြစ်လာမှာပါ
အချစ်ရယ် ..

ကိုတိုး