Oct 27, 2007

ယဉ်ယဉ်လေးရူးနေရပြီ

ယဉ်ယဉ်လေးရူးနေရပြီ

ရိုးရိုးလေးနဲ့
လှတဲ့ မင်းရယ်

မင်းလှမ်းခဲ့တဲ့
ခြေလှမ်းလှလှလေးရယ်

မင်းလျှောက်ခဲ့တဲ့
လမ်းလေးရယ်

မင်းပြောခဲ့တဲ့
အသံလေးရယ်

မင်းအမြဲဝယ်ခဲ့တဲ့
မုန့်ဆိုင်လေးရယ်

ဒီပုံရိပ်တွေကို
ငါပြန်မြင်ယောင်မိရင်း
ယဉ်ယဉ်လေးရူးနေရပြီ

ကိုတိုး

Oct 22, 2007

ကျွန်တော်နှင့်သူငယ်ချင်းများ (၉)


လွန်လေပြီးသောနှစ်အတော်ကြာကပေါ့ ဗျာ ..

မောင်ကိုတိုးနဲ့သူငယ်ချင်းတစ်ယောက် ဆိုင်ကယ်ဖြင့် ကျူရှင်သွားတုန်း လမ်းမှာ ပြောမနာဆိုမနာ ငယ်သူငယ်ချင်းတစ်ယောက်ကို အိမ်တစ်အိမ်အရှေ့မှာ အမှတ်မထင်တွေ့လိုက်တာပါတယ်။ ဒါနဲ့ပဲ အော်ကြီးဟစ်ကျယ် .. “ဟေ့ကောင် .. မင်းပျောက်နေတာ အတော်ကြာလှပေါ့” .. “မင်းဘာတက်နေတာလဲ” .. “မင်းဘာတွေလုပ်နေတာလဲ ကွ” .. “မင်း ဟိုဆော်နဲ့ကရော ဘယ်လိုတုန်း” တစ်ယောက်တစ်ခွန်း စီတန်းပြီး မေးခွန်းထုပ်လိုက်ကြပါတယ်။ သူကတော့ အဝေးသင်တက်နေတယ်ဆိုတာနဲ့ သူမိန်းမရသွားပြီဆိုတာကို ပြုံးဖြီးဖြီး ပြောလိုက်ပါတယ်။ ဒါနဲ့ပဲ အဲဒီအိမ်ရှေ့မှာ ထွက်ရပ်နေတဲ့ အန်တီကြီးနဲ့ အန်ကယ်ကြီးနှစ်ယောက်ကို သူ့အဖေနဲ့သူ့အမေလို့ထင်မိရင်း .. ပါးစပ်ဆော့တတ်တဲ့ ကျွန်တော်နဲ့ပါလာတဲ့ သူငယ်ချင်းကပဲ “နေစမ်းပါဦးကွ .. မင်း မိန်းမက ဟို ဆော်ပဲလား .. ဒါက မင်းအိမ်လား .. ဟိုအန်တီနဲ့ အန်ကယ်နဲ့ကရော မင်းအမေနဲ့မင်းအဖေလား.. နောင်ကြုံရင်တော့ ထမင်းလေးဘာလေး ၀င်စားဦးမှ” လို့ စစနောက်နောက်ပြောလိုက်တဲ့ အဆုံးမှာ သူက “မဟုတ်ဘူးကွ .. ဒါက ငါ့ယောက်ခမအိမ် .. ဟိုက ငါ့ယောက်ခမတွေပါ” လို့ဖြေလိုက်ပါတယ်။ ကျွန်တော့်နောက်ထိုင်လိုက်လာတဲ့ သူငယ်ချင်းက “ဟေ့ကောင် .. မင်းတော့ ခက်တော့တာပဲ .. ငါ့ယောက်ခမ အိမ်လို့ မပြောရဘူး .. ငါ့မိန်းမ အမွေဆိုင်အိမ်လို့ ပြောရတယ်ကွ” လို့ ပါးစပ်ထပ်ဆော့လိုက်တဲ့ စကားအဆုံးမှာ သူ့ယောက်ခမဆီက အော်ကြီးဟစ်ကျယ်လှမ်းပြောလိုက်တာကတော့ “မင်းနဲ့ကွာ .. ဒီလို .. ပေါက်ကရကောင်တွေကို အပေါင်းအသင်းလုပ်ရတယ်လို့ ” ဆိုတာပါပဲ ဗျာ ..

ဒါနဲ့ပဲ သူငယ်ချင်းကို နှုတ်ဆက်ရင်း ဆိုင်ကယ် ဘက်မှန်ကနေ ခပ်လှမ်းလှမ်းထိ နောက်ကို မလုံမလဲ ကြည့်ခဲ့ရသူကတော့ ကျွန်တော်ပါ ဗျာ။

အင်း ဇာတ်တော့ ရှုပ်သား .. Equation ချရင် “ယောက်ခမ အိမ် = မိန်းမအမွေဆိုင် အိမ်” ဆိုတာ ရှင်းနေသားနဲ့

အားလုံးနားလည်နိုင်ကျပါစေ

ကိုတိုး

Oct 10, 2007

ကျွန်တော်နှင့်သူငယ်ချင်းများ (၈)


ထိုင်းနိုင်ငံရောက်ကတည်းက ရုံးက ထိုင်းသူငယ်ချင်းတွေကို မြန်မာဆိုင်ခေါ်ပြီး မြန်မာအစားအစာကို Promotion လုပ်ရတာ အမောသားပါ ဗျာ။ ဒါပေမယ့်ဗျာ .. ထိုင်းတွေ မြန်မာအစားအစာကို စားပြီး ပေးခဲ့တဲ့ Comment တွေကို ပြောရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရာကြမှာမို့ မပြောတော့ပါဘူးလို့ စဉ်းစားနေရင်း ဒီစာကိုရေးလိုက်ရတာပဲ .. (ဟီး ..)

ဇာတ်လမ်းက ဒီလိုဗျ

“မင်းတို့ မြန်မာအစားအစာက ဘယ်လိုလဲ” လို့မေးလာခဲ့ရင် .. “လာခဲ့” လို့ ခေါ်တတ်တာက ကျွန်တော်မျိုး မောင်ကိုတိုးပါ။ “လာခဲ့” လို့သာ ခေါ်ပါတယ် ဒါပေမယ့် ပိုက်ဆံကတော့ ကိုယ့်စရိတ်ကိုယ်ပေးပေါ့။ ဒါနဲ့ အိမ်နားက မြန်မာဆိုင်တွေ ရုံးဆင်းချိန်တိုင်း ခေါ်သွားပြီး ကျွေးမွေးလေ့ရှိပါတယ်။ မြန်မာအစားအစာကို ထိုင်းလူမျိုးများ မည်မျှကြိုက်သလဲလို့ ပြောရရင် တစ်ခါဆို တစ်ခါပါပဲ ဗျာ။ နောက်ကို ဖိတ်ရင်လည်း “ရပါတယ်” ဆိုတာကို မပြုံးမရီ စကားလုံးစီကာ “ငါ ချိန်းထားတာရှိလို့” တို့ “သွားစရာ ရှိလို့” တို့ဆိုပြီး ပြောတတ်တာက ထိုင်းလူမျိုး သူငယ်ချင်းတွေပါ။ အချိုအချဉ်အစပ်တွေ အစားများတဲ့ ထိုင်းတို့ရဲ့ အပြောကတော့ .. “ဆီများလို့” တို့ “အရသာပေါ့တယ်”တို့ ဆိုတာ ပေါ့ဗျာ။

ဒါနဲ့ တစ်ရက်မှာ .. ရုံးက မြန်မာအစားအစာမစားဖူးသေးတဲ့ ထိုင်းတွေလည်း ဘာပဲဖြစ်ဖြစ် သွားစားကြည့်မယ် ဆိုပြီး လိုက်လာလေရော။ အဲဒီနေ့က ရွှေတောင်ခေါက်ဆွဲ ရှိတာနဲ့ ရွှေတောင်ခေါက်ဆွဲကို မှာပေးလိုက်တယ်။ ဒါနဲ့ “ရွှေတောင်ခေါက်ဆွဲ” ကို ဘာလဲလို့မေးတော့ ဘာသာပြန်အလွန်ကောင်းလှတဲ့ ကိုတိုးကလည်း အတည်ပေါက်နဲ့ “Golden Mountain Noodle” လို့ လက်ဟန်ပါပါနဲ့ တောင်ပုံရာပုံ ပုံစံမျိုး ပြောထည့်လိုက်တယ်။ တစ်ယောက်သော ထိုင်းက ပျာကြီးပျာယာနဲ့ “ကိုတိုး ကိုတိုး ငါတို့ နည်းနည်းပဲ စားမှာနော် .. မင်းမှာလိုက်တဲ့ ခေါက်ဆွဲက “Golden Mountain Noodle” ဆိုတော့ အရမ်းများနေပြီး ဈေးများ အရမ်းကြီးနေမလားလို့” ဆိုတဲ့ မေးခွန်းအနောက်မှာ မပြုံးပဲ ၀ါးလုံးကွဲအောင် ရယ်တဲ့သူက ကျွန်တော်ပါပဲ ဗျာ။

(မှတ်ချက်။ ။ထိုသို့လည်း မဟုတ်ရပါဘူး .. မြန်မာဆိုင်က ဒန်ပေါက်ကို အသည်းစွဲဖြစ်သွားတဲ့ နိုင်ငံခြားအသိမိတ်ဆွေ ရှိသလို .. မြန်မာအစားအစာကို နှစ်သက်တဲ့ ထိုင်းလူမျိုး အမျိုးသမီးကြီး တစ်ယောက်လည်း မြန်မာဆိုင်မှာ အစားမပျက်တာ တွေ့ရစဲပါ ဗျာ။)

ကိုတိုး

Oct 4, 2007

ရမ်ခမ်ဟန် ရဲ့ လမ်းဟောင်းလေး

ရမ်ခမ်ဟန် ရဲ့ လမ်းဟောင်းလေး

ရင်ထဲကစကား
သူ့နားမှာ မခါးရအောင်
စာလေးတွေက ဆင့်ဆိုလို့
ဖွင့်ဆိုတဲ့
ငါ့ရင်ခွင်ကို သူ မမြင်ရင်လည်း
ရမ်ခမ်ဟန် ရဲ့ လမ်းဟောင်းလေးက
“သူ့ကို သက်သေခေါ်ပါ” တဲ့

ငါ့အသည်းတွေ
ကွဲကြေပါလေပြီ
လေရူးတွေမြူး
စိတ်ကူးတွေ လှိုင်းကြမ်းလို့လူးတဲ့အလား
ထိုင်ကာဆွေး
ငိုင်ကာ ငေးနေရတဲ့ ငါ့အဖြစ်ကို
ရမ်ခမ်ဟန် ရဲ့ လမ်းဟောင်းလေးက
“တစ်နေ့တော့ သူပြန်လာမှာပါ” တဲ့

ကိုတိုး

ဒါကတော့ ရမ်ခမ်ဟန် အားကစားကွင်းထဲက ကျွန်တော် သွားထိုင်နေကြ ကျောက်တုန်းလေးပေါ်မှာ အလွမ်းတွေပိုမိရင်း ရေးစပ်ခဲ့တဲ့ ကဗျာလေးတစ်ခုပါ။