Showing posts with label Myself. Show all posts
Showing posts with label Myself. Show all posts

Jul 14, 2008

ပြန်ကြွမည့် ဒါယိကာကိုယ်တော်

"ကိုတိုးရေ .. စင်္ကာပူက ဘုန်းကြီးတစ်ပါး အိမ်မှာရောက်နေလို့ .. လာဖူးအုံးနော်" ဆိုတဲ့ .. အပျိုကြီး မချို စကားကြောင့် မအားလပ်တဲ့ထဲမှ အချိန်လေးတစ်ခုလုပြီး မောင်ကိုတိုးတစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွာ

းပါတယ် ..

ရောက်တော့ သိတော်မူကြတဲ့ အတိုင်းပေါ့ ဗျာ .. ရှိခိုးဦးချ အလာဘ သလာဘလေးတွေ ဘုန်းကြီးနဲ့ပြော .. ပေါ့ ..
"ကိုယ်တော်က ဘယ်ကကြွလာတာ" .. အစရှိသည် "ဘယ်ကို ကြွမည်ပေါ့" ..

ဒါနဲ့ အလှုငွေလေးဘာလေး ကပ်ပြီး သွားစရာလေးရှိလို့ မောင်ကိုတိုးတစ်ယောက် ဘုန်းကြီးကို လျှောက်တင်လိုက်ပုံက ..

"ဘုန်းဘုန်း .. ကိုယ်တော် လုပ်စရာအလုပ်လေးတွေရှိလို့ ပြန်ကြွလိုက်အုံးမယ်" လို့ လျှောက်လိုက်တဲ့ စကားအဆုံးမှာ ဘုန်းကြီးကလည်း ပြန်မိန့်တော်မူလိုက်တာကတော့ ..

"အေး .. ကိုယ်တော် အလုပ်လုပ်စရာလေးတွေရှိရင်လည်း ကြွကြွ" ဆိုတာပါပဲ ဗျာ ..

အင်း .. ပြီးမှ အသုံးအနှုန်းတွေကို စဉ်းစားရင်း ပြုံးပြုံးပြီး ပြန်ခဲ့ပါတော့တယ်

ကိုတိုး

Mar 3, 2008

Re-Rendering

Feb 26, 2008

Sheikh Ko Toe

ဟိုးအရင်တုန်းက အာရပ်ခေါင်းပေါင်းနဲ့ အပေါ်က ကြိမ်ခွေ လက်ဆောင်ရအပြီး အမှတ်တရ အနေနဲ့ ရိုက်ထားတဲ့ပုံကို အနောက်က သဲကန္တာရထဲ ကုလားအုတ်စီးနေတဲ့ပုံနဲ့ ရောချလိုက်တာပါ။ ရူးတယ်ပြောပြော၊ နှမ်းတယ်ပြောပြော၊ ပေါတယ်ပြောပြော မတတ်နိုင်ဘူး။ ရှိတ် (Sheikh) အာရပ်ဆော်ဘွားတွေ စတိုင်ကို သဘောကျလို့ ဂိုက်ပေးပြီး ရိုက်ထားတာ။ စိတ်ချပါ အသေခံဗုံးခွဲမည့်လူစားမျိုးမဟုတ်သလို .. အိုစမာနဲ့လည်း အမျိုးမတော်တာကတော့ အမှန်ပါ။ ဖြစ်နိုင်ရင်တော့ သူတို့လို မိန်းမတွေ အများကြီး ယူချင်တယ်။ ဟီး ဟီး ဟီး ..

သြော် .. မေ့နေလို့ .. အပေါ်က ရေးထားတဲ့ စာသားလေးကတော့ Sheikh Ko Toe ပါ။ အာရပ်အင်္ဂလိပ် (Faux Arabic Font Style) ကို သုံးထားပါတယ်။ ဒီပုံကိုတော့ Photoshop Version 7 မှာ 2005 ခုနှစ်လောက်က လက်ဆော့ထားပါတယ်။

ကိုတိုး

Feb 19, 2008

ကမ္ဘာမကျော်သေးသော ကျွန်တော့် Quote များအကြောင်း (၁)

www.myohanhtun.com


ဒါကတော့ ကျွန်တော် အမြဲတမ်း တွေးတွေးပြီးရေးတတ်တဲ့ ဒိုင်ယာရီထဲက စာသားလေးတွေ၊ ကဗျာထဲက စာသားလေးတွေ ကို ပြန်ပြောင်းအောင်းမေ့တဲ့ အနေနဲ့ ဖော်ပြခြင်းပါ။ ကမ္ဘာမကျော်သေးသော ကျွန်တော့် Quote များအကြောင်းလို့ ခေါင်းစဉ်ကိုလည်း ကြိုက်နှစ်သက်မိတာတော့ အမှန်ပါ။ အင်း ဆီဈေးကြီးလို့ နေမှာပေါ့ .. ဟယ် .. ဒါမမဟုတ် ဒယ်အိုးမဆန့်လို့နေမှာပေါ့ကွာ ဆိုတဲ့ အပြောင်အပျက်စကားလေးတွေကို ကြားယောင်မိရင်း ..

မှတ်ချက်။ ။ ကြိုးစားပြီးအင်္ဂလိပ်လိုရေးထားတဲ့ အောက်က အင်္ဂလိပ်လို စာသားလေးက ချောမွေ့လှပခြင်း ရှိချင်မှ ရှိလိမ့်မယ် .. အင်္ဂလိပ်စာ ပိုမို .. နားလည်တတ်ကျွမ်းသူများ .. ပိုပြီး လှအောင် ပြင်ဆင်ပေးနိုင်ပါတယ် ဗျာ။

ကိုတိုး

Feb 11, 2008

၎ နှစ်ရှိနေပြီ .. ရမ်ခမ်ဟန် ဆွိုင် ရီးဆစ်ဆီ

၎ နှစ်ရှိနေပြီ .. ရမ်ခမ်ဟန် ဆွိုင် ရီးဆစ်ဆီ

ဒီလမ်းထဲက
တ၀ူးဝူး ကိုယ်ပိုင်ကားတွေကို
ငေးကြည့်နေရင်း
၅ ဘတ်တန် အနီကားနဲ့ပဲ
လမ်းထိပ်ကို ထွက်ခဲ့ရတာ
၎ နှစ်ရှိနေပြီ

အိပ်တွေကိုယ်စီနဲ့ စာရွက်တွေပွေ့ပိုက်ရင်း
နားမလည်တဲ့ ဘာသာရပ်တွေ
အကြောင်းပြောနေတဲ့
လူတွေကို ငေးကြည့်ခဲ့ရတာလည်း
၎ နှစ်ရှိနေပြီ

“ထောက်ရိုင် ခရပ်” ဆိုပြီး
လက်ညှိုးကို ဟိုထိုးဒီထိုး
တစ်ယောက်တည်း
ကြောင်တောင်တောင်နဲ့
ဈေးဝယ်ထွက်ခဲ့ရတာလည်း
၎ နှစ်ရှိနေပြီ

ကျောင်းတော်ကြိးတွေရယ်
ရေကန်ကြီးရယ်
အားကစားကွင်းကြီးရယ်
အားကစားရုံကြီးရယ်
ငါအမြဲသွားသွား ဆွေးခဲ့ရတဲ့ နေရာလေးရယ်
ရေကန်ထဲက ငါ့သူငယ်ချင်း ငါးတွေရယ်
လမ်းထဲက ခွေးလေခွေးလွင့်တွေရယ်
မပြုံးမရီခဲ့တဲ့လူတွေရယ်
ခင်မင်ခဲ့တဲ့လူတွေရယ်
ကွန်ဒိုဆောင်ရယ်
သွားစားနေကြ ထမင်းဆိုင်တွေရယ်
ဒါတွေလည်း
၎ နှစ်ရှိနေပြီ

ကိုတိုး

Jan 24, 2008

LFC4Myanmar.com နှင့် အင်တာဗျူး


မင်္ဂလာပါအစ်ကို လီဗာပူးပရိသတ်တစ်ယောက်ဖြစ်တဲ့ အစ်ကိုကို့ အခုလို အင်တာဗျူးခွင့် ရတဲ့အတွက် ၀မ်းသာ ပါတယ်။

ကျွန်တော်လည်း ၀မ်းသာပါတယ်ဗျာ။


ပထမဆုံးအနေနဲ့ အစ်ကိုရဲ့ နေရပ်လိပ်စာနဲ့ အလုပ်အကိုင်လေးကို ပြောပြပေးပါဦး အစ်ကို.

ကျွန်တော်က မန္တလေးသားပါ .. လတ်တလောတော့ ထိုင်းနိုင်ငံမှာ နေထိုင်ရင်း အလုပ်လုပ်နေပါတယ်။


အစ်ကို့အနေနဲ့ လီဗာပူးအသင်းကို ဘယ်အချိန်ကတည်းက စပြီး အားပေးခဲ့တာပါလဲ? ဘာကြောင့်များ လီိဗာပူးအသင်းကို နှစ်သက်အားပေးဖြစ်ခဲ့တာလဲဆိုတာရောပေါ့…

လီဗာပူးကို မြန်မာ့အသံမှ စနေနေ့တိုင်း Highlight ပွဲတိုတွေ နဲ့ ပွဲရှည် တစ်ပွဲပေါ့ အပတ်စဉ် ပြန်ပြတဲ့ အချိန်ကနေစပြီး အားပေးခဲ့ပါတယ်။ ငယ်သေးတော့ ... ကစားသမားတွေကို ကောင်းကောင်းမသိခဲ့ပေမယ့် Liverpool အနီသင်းလို့ တစ်မျိုး ... နှုတ်ခမ်းမွေး Rush တို့အသင်းဆိုပြီး တစ်ဖုံ ဆိုပြီး အားပေးခဲ့တာပါ။ နောက်ပိုင်း Robbie Fowler, Steve McManaman, Stan Collymore တို့ ခေတ်ကျတော့ Liverpool ကစားသမားတွေနဲ့ Premier League က တခြား အသင်း ကစားသမားတွေကို တော်တော်လေး သိနေပါပြီ။ အင်္ဂလန်ဘောလုံးအကြောင်းကိုလည်း ကောင်းကောင်းသိလာ ပါတယ်။ စကြည့်ခါစတုန်းကတော့ ဘယ်ဖလားကို ဘယ်အသင်းက ရတယ် ဆိုတော့ ... ဖလားတွေနဲ့ ပတ်သက်ပြီး ဇဝေဇ၀ါတောင် ဖြစ်ခဲ့သေးတယ်။ နောက်မှ လူကြီးတွေနဲ့ ဘောလုံးအကြောင်းကိုကောင်းကောင်း သိတဲ့လူတွေက ရှင်းပြတော့မှ ဒီပွဲကဖြင့် Premier League အတွက်ကန်နေတာ .. ဒီပွဲကဖြင့် FA အစရှိသဖြင့်ပေါ့ .. နည်းနည်း နည်းနည်းနဲ့ သိလာခဲ့ပါတယ်။ နောက်တစ်ခုက ဘာကြောင့်များ Liverpool အသင်းကို ဘာကြောင့် နှစ်သက်အားပေး ခဲ့တာလည်း ဆိုတာပါပဲ။ တိုက်ဆိုင်လို့တို့ အမြင်အရတို့ ဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး .. Liverpool အသင်း ဗိုလ်စွဲတဲ့ League မှာ ၁၈ ကြိမ် ဗိုလ်စွဲခဲ့ မှတ်တမ်းနဲ့ ကျွန်တော်အားပေးခဲ့တဲ့ ကျွန်တော်တို့ မန္တလေးတိုင်း ဘောလုံး အသင်း (အဲဒီအချိန်အခါကပေါ့ ဗျာ) ၁၈ ကြိမ် ဗိုလ်စွဲခဲ့တာတွေ တူနေတာရယ် .. နောက်တစ်ခုက Liverpool အသင်းရဲ့ Liver Bird ကြီးက ကျွန်တော်တို့ မန္တလေးမြို့ကို ကိုယ်စားပြုလောက်ရတဲ့ မြို့မက ငွေငန်းကြီးလိုလို ဘာလိုလိုဆိုတော့ .. ငယ်ရွယ်သူ ချာတိတ်တစ်ယောက်ရဲ့ အမြင်ကို အပိုင်ဖမ်းစားသွားတာလဲ ဖြစ်နိုင်ပါတယ်။ ဒါနဲ့ပဲ ကျွန်တော် Liverpool ဘောလုံးအသင်းကို စပြီး အားပေးခဲ့တာပါ။


အခုလက်ရှိ လီဗာပူးအသင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အစ်ကို ဘယ်လိုများ မြင်မိပါသလဲ?

အရင်တုန်းက နဲ့ စာရင် များစွာတိုးတက်ခဲ့ပါတယ်။ အားသာတဲ့ ဘက်က ကြည့်ရင်တော့ သွင်းဂိုးတွေနဲ့ ဂိုးသမားပါ။ လက်ရှိမှာတော့ .. သွင်းဂိုးတွေ အရင်ကထက် များလာတယ်။ အလယ်တန်းလူတွေ တော်တော် ဂိုးသွင်းလာကြတယ်။ အားနည်းတဲ့ဘက်က ကြည့်ရင်တော့ အခုလက်ရှိကတော့ နောက်တန်းကို ပေါ့။ Clean Sheet စံချိန်တွေရှိလာခဲ့ ပေမယ့် Liverpool ရဲ့ သရေကျတဲ့ ပွဲတွေနဲ့ ရှုံးတဲ့ ပွဲတွေ အများစုဟာ ဂိုးမသွင်းနိုင်လို့ ရှုံးတယ်၊ သရေကျတယ် ဆိုတာထက် နောက်တန်း ပြဿနာတွေ များလို့ဖြစ်ရတာ အများဆုံးပါ။
နောက်တစ်ခု သတိထားမိတာက တောင်အမေရိကတိုက်ဖွား လူတော်တော်များများကို Rafael Benítez လက်ထက်မှာ ဘာရယ်မှန်းမသိလောက်အောင် ဇွတ်လိုက်ကြိုက်ပြီး ၀ယ်ယူခဲ့တာပါပဲ။ Javier Mascherano, Lucas Leiva, Sebastian Leto, Emiliano Insua တို့ဟာ ကောင်းတယ်၊ လူငယ် ခြေတက်တွေလို့ ဆိုစေအုံးတော့ သိပ်အစွမ်းပြမှု မရှိသလောက်ပါပဲ။ ဥပမာ Javier Mascherano ကို ကလပ်ပိုင်အဖြစ် ဇွတ်လိုက်ဝယ်မယ့်ငွေကြေးတွေနဲ့ Lucas Leiva ကိုဝယ်ခဲ့တဲ့ ငွေကြေးတွေအစား တကယ့် ကမ္ဘာ့အဆင့်အတန်းမှီ ဒိတ်ဒိတ်ကျဲ အလယ်တန်းလူတစ်ယောက်လောက်ကို ဈေးကောင်းကောင်းပေးပြီး အီတလီကဖြစ်ဖြစ်၊ စပိန်ကနေဖြစ်ဖြစ် ၀ယ်လို့ရပါတယ်။ Premier League သမိုင်းမှာလည်း တောင်အမေရိက ကစားသမားတွေ လာပြီး ခြေစွမ်းပြပါတယ် ဆိုရိုးစကား မရှိခဲ့ပါဘူး။ ဒါကို Rafael Benítez မစဉ်းစား ခဲ့တာလား Board အဖွဲ့ပဲ မစဉ်းစားခဲ့တာလား မပြောတတ်ပါ။ သူတို့ကို လတ်တလေကြည့်ရပုံကလည်း နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ခြေစွမ်းပြမှု တွေလောက်ကို အထင်ကြီးပြီး နည်းပြ Gérard Houllier လက်ထက်တုန်းက အ၀ယ်မှားခဲ့တဲ့ Senegal က Hadji Diouf တို့ Salif Diao တို့လို အသွင်ဆောင်နေကြပါတယ်။ လက်ရှိအနေနဲ့ အသင်းအခြေအနေ ဘယ်လိုပဲဖြစ်နေပါစေ အဓိက ကတော့ နောက်တန်း တော်တော်လေး တောင့်သွားရင် ... Liverpool ဟာ League မှာရော Europe မှာ အကောင်းဆုံး နဲ့ League ကို ဆက်တိုက်လိုလို ဗိုလ်စွဲနိုင်မယ့် အသင်းတစ်သင်းဖြစ်သွားလိမ့်မယ်။


လက်ရှိလီဗာပူးအသင်းရဲ့ ပိုင်ရှင်နှစ်ယောက်ဟာ အသင်းကို တကယ်ပဲ အကောင်းဆုံးအသင်း ဖြစ်လာ အောင် ပံ့ပိုးပေးနေတယ်လို့ အစ်ကိုထင်ပါသလား? အစ်ကိုအမြင်လေးပေါ့ …

လောလောလတ်လတ် ကစားသမားတွေ ၀ယ်တယ်၊ ငွေကြေးကို အရင်နှစ်တွေထက် သုံးခဲ့တော့ ပံ့ပိုးတယ်လို့တော့ ဆိုနိုင်တာပေါ့။ ဒါပေမယ့် နည်းပြနဲ့ ပြဿနာဖြစ်တယ် .. နည်းပြထွက်ရင် ကစားသမားတစ်ချို့ ထွက်မယ်ဆိုပြီး သတင်း ထွက်လာတာတွေကတော့ သိပ်မကောင်းဘူးပေါ့ ဗျာ။ ဒါပေမယ့် သူတို့ သဘောထားကြီးစွာ ငွေသုံးပြီး လိုအပ်ချက် လေးတွေ ဖြည့်ပေးရင်တော့ အကောင်းဆုံလို့ မြင်ပါတယ်။


ပိုင်ရှင်တွေက ကလင်းစမန်းကို နည်းပြလုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်တဲ့. ဘင်နီတက်ဇ်ဟာ တကယ်ပဲ အသင်း ကို ပရီးမီးယားလိဂ်ဖလား ရအောင် မစွမ်းဆောင်နိုင်တော့ဘူးလို့ အစ်ကိုထင်ပါသလား?

Jurgen Klinsmann ကို ပိုင်ရှင်တွေက ကမ်းလှမ်းခဲ့တယ်လို့ ဆိုစေအုံးတော့ Rafael Benítez ရဲ့ လက်ရှိပြဿနာဟာ အတိုင်ပင်ခံ လက်ထောက်နည်းပြ (Assistant Manager) မရှိတဲ့ ပြဿနာပါပဲ။ အဲဒါဟာ Rafael Benítez ရဲ့ အားနည်းချက်ပါပဲ။ Rafael Benítez လက်ထောက်နည်းပြ (Assistant Manager) မရှိဘဲ ခေါင်းမာမာနဲ့ ဆက်သွားနေ ရင်တော့ Premier League ဟာ သူ့အတွက် အိမ်မက်ဆန်ဆန် ဖြစ်သွားပါလိမ့်မယ်။ သူ့ Manager ရာထူးအတွက် လည်း စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။


ဒီနှစ် နွေရာသီမှာ ၀ယ်ယူခဲ့တဲ့ တောရက်စ်. ဘာဘယ်တို့အပေါ် အစ်ကို့အနေနဲ့ အားရကျေနပ်မှု ရှိရဲ့လားအစ်ကို…

Torres ဟာ ဟိုးအရင် Liverpool က ၀ယ်ခဲ့တဲ့ ရှေ့တန်းကစားသမားတော်တော်များများလို ဘယ်တော့များမှ ဂိုးသွင်း မလဲဆိုပြီး စောင့်ရမယ့် ရှေ့တန်းသမားမဟုတ်ပါဘူး။ ရှေ့တန်းသမားရဲ့ ဂိုးသွင်းမှု့ ပုံစံကောင်းတယ်လို့ ဆိုကြတာက ၃ ချိုး ၁ ချိုးပေါ့။ ပြောရရင် .. ၃ ပွဲမှ ၁ လုံးသွင်းတဲ့ ပုံစံပါ။ အခုလက်ရှိကတော့ Torres ဟာ ၂ ပွဲ ၁ လုံး ... တစ်ခါတလေ ၁ ပွဲ ၁ လုံး ပုံစံမျိုးနဲ့ သွင်းနေပုံက တော်တော်လေး အားရစရာ ကောင်းပါတယ်။ သရေကျတဲ့ ပွဲတော်တော်များများနဲ့ နိုင်ပွဲတစ်ချို့ဟာလည်း သူ့ကြောင့်ဆိုတာ လုံးဝ ယုံမှားဖွယ်ရာ မရှိပါဘူး။
Ryan Babel ကတော့ နောက်ရာသီလောက်ဆိုရင် အခြေကြ ကစားသမားဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို အရံကစားသမားသာသာ ထည့်သုံးနေတယ်လို့ထင်မိပေမယ့် .. သူ့ကိုသုံးတဲ့ ပွဲတိုင်း သူဂိုးသွင်းတတ်ပါတယ်။ ဂိုးသွင်းစွမ်းရည် ရှိတဲ့ ကွင်းလယ် ကစားသမားတွေ စာရင်းထဲမှာ သူပါနေပါတယ်။ အသက် ၂၁ နှစ်သာရှိတဲ့ သူ့မှာ Liverpool အတွက် အနာဂတ် အိမ်မက်တွေ အများကြီးရှိပါတယ်။


လက်ရှိလီဗာပူးအသင်းရဲ့ လိုအပ်ချက်တွေက ဘာတွေဖြစ်မယ်လို့ထင်ပါသလဲ?

ကျွန်တော့် အမြင်မှာ အတိုင်ပင်ခံ လက်ထောက်နည်းပြ (Assistant Manager) တစ်ယောက် ကောင်းကောင်း လိုပါတယ်။ ဥပမာ Sir Alex Ferguson နဲ့ Steve McClaren, Carlos Queiroz တို့ အတွဲပေါ့။ Liverpool ရဲ့ အရင် Manager ဟောင်း Gérard Houllier လက်ထက်တုန်းက Phil Thompson နဲ့ တွဲခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Phil Thompson ဟာ Defender တစ်ယောက်ပီပီ Liverpool ရဲ့ နောက်တန်းခံစစ်စနစ်ကို Sander Westerveld လို အဆင့်အတန်း သိပ်မမီလှတဲ့ ဂိုးသမားရဲ့ အရှေ့မှာ အုတ်တံတိုင်း ခတ်ထားတဲ့ အတိုင်း တည်ဆောက်သွားပြီး တိုက်စစ် အားကို ဦးစားပေးတဲ့ Manager ကြောင့် ဖလားတော်တော်များများ Liverpool ရခဲ့ပါတယ်။ ၁၁ နှစ်ကျော်ကြာတွဲလာခဲ့တဲ့ Pako Ayesteran ဟာ Rafael Benítez အတွက် အလွန်အရေးပါတဲ့ Assistant Manager တစ်ယောက်ပါ။ Rafael Benítez နဲ့ ပြဿနာဖြစ်ပြီး သူထွက်သွားတဲ့ နောက်ပိုင်းမှာ Liverpool မှာ Assistant Manager ဆိုတာ မရှိတော့ ပါဘူး။ ဒါကို Rafael Benítez ဟာ သိပ်အရေးမထားခဲ့ပါဘူး။ Rafael Benítez တစ်ယောက်တည်း ပွဲတစ်ပွဲလုံးမှာ လူတိုင်းစေ့ နဲ့ တစ်ခြားအသင်းရဲ့ ကစားသမားတွေ၊ နည်းစနစ်ပိုင်းတွေအားလုံးကို ဒေါင့်စေ့အောင် လိုက်မကြည့်နိုင် ပါဘူး။ ဒါကြောင့် Assistant Manager ကောင်းကောင်း ရှိကို ရှိရပါလိမ့်မယ်။ Assistant Manager ဆိုတာမျိုးက သိပ်အရေးပါလှတာကြောင့် Assistant Manager လိုအပ်ပါတယ်။
နောက်တစ်ခုကတော့ နောက်တန်းပါ။ Clean Sheet စံချိန်တွေရှိလာခဲ့ပေမယ့် .. Liverpool ရဲ့ သရေကျတဲ့ ပွဲတွေနဲ့ ရှုံးတဲ့ ပွဲတွေ အများစုဟာ ဂိုးမသွင်းနိုင်လို့ ရှုံးတယ်၊ သရေကျတယ် ဆိုတာထက် နောက်တန်း ပြဿနာတွေ များလို့ ဖြစ်ရတာ အများဆုံးပါ။


လီဗာပူးအသင်းအတွက် ဒီနှစ်အစ်ကို့ရဲ့ ရည်မှန်းချက်က…

Champion League ကို မှန်းပါတယ်။ Rafael Benítez ဟာ ပြည်တွင်း League ပြိုင်ပွဲတွေထက် Europe ပြိုင်ပွဲတွေမှာ တော်တော့်ကို စွမ်းနေလို့ပါပဲ။ ဒုတိယကတော့ FA Cup ပါ။


လီဗာပူးအသင်းမှာ အစ်ကို အနှစ်သက်ဆုံးကစားသမားကရော ဘယ်သူလဲ ပြောပြပေးပါဦး…

Steven Gerrard ပါပဲ။ တကယ့်ကို စိတ်ရော ကိုယ်ပါ အားတက်သရော ကစားတာက သက်သေတစ်ခုပါပဲ။ ဖိုင်နယ်ပွဲ များနဲ့ အဓိကအရေးပါလှတဲ့ ပွဲများဟာ သူ့ကြောင့် နိုင်တာများလှပါတယ်။ နောက်တစ်ခု ထူးခြားတာက သူဂိုးသွင်းတဲ့ ဖိုင်နယ်တိုင်းမှာ Liverpool နိုင်ပါတယ် .. ချွင်းချက်အနေနဲ့ကတော့ Chelsea နဲ့ ကစားတဲ့ 2005 ခုနှစ်က Carling Cup Final ဖိုင်နယ်မှာ သူ ကိုယ့်ဂိုးကို ကိုယ်သွင်းမိသွားတာက လွဲလို့ပါ။ ပြီးတော့ ပွဲရဲ့ အဖြေတိုင်းဟာ သူ့ကို အမှီပြုနေ တယ်လို့ ကို ထင်စရာ ကောင်းနေလို့ပါပဲ။


ကာရေဂါဟာ လီဗာပူးအတွက် ပွဲပေါင်း ၅၀၀တိတိ ကစားပေးခဲ့ပြီးပါပြီ၊ သူ့အပေါ် အစ်ကို့အမြင်လေး သူဟာ ဖာဒီနန်. တယ်ရီတို့ထက်သာတယ်လို့ ပြောနိုင်ပါ့မလား? အစ်ကို့အမြင်ပေါ့…

Jamie Carragher ဟာ တော်တော်လေးကောင်းပါတယ်။ သူ့ကို Rio Ferdinand တို့ John Terry တို့ နဲ့ ယှဉ်ပြီး နောက်တန်း ဂိုးသွင်းစွမ်းရည် နိမ့်တယ်လို့ အများက ဆိုကြတာ ရှိစေအုံးတော့ သူဟာ Liverpool ဖလားတွေ နဲ့ အောင်ပွဲစဉ်ခဲ့တဲ့ ပွဲတွေမှာ တော်တော်လေးကို စွမ်းစွမ်းတမံ အသည်းအသန် ရေကုန်ရေခမ်း ကစားပြသွားတာတွေက သူဟာ နောက်တန်း အကောင်းဆုံးတွေထဲက တစ်ယောက်ဆိုတာ လုံးဝ သက်သေတည်နေပါတယ်။


ကျွန်တော်တို့ရဲ့ Lfc4myanmar.com နဲ့ ပတ်သက်ပြီး အကြံပေးချင်တာလေးတွေများ ရှိရင် ပြောပြပေး ပါဦး…

အကြံပေးစရာ မရှိသလောက်ကို ပြည့်စုံနေပါတယ်။


ကျေးဇူးတင်ပါတယ်အစ်ကို. နောက်ဆုံးအနေနဲ့ တခြားလီဗာပူးပရိသတ်တွေထံ အစ်ကို ပြောချင်တာလေး တွေများ ရှိရင်…

အားကစားဟာ လောင်းကစား မဟုတ်ပါဘူး။ လောင်းကစားနည်းတစ်ခုအနေနဲ့ အားပေးမှုကို လုံးဝရှောင်ကျဉ်စေလို ပါတယ်။ ရင်ထဲ အသဲထဲက နေ အူလှိုက်သည်းလှိုက် အမြဲအားပေးစေလိုပါကြောင်း ပေါ့ဗျာ။

Interviewed by Moewai

Link: http://www.lfc4myanmar.com/interviews/interview013.html

ကိုတိုး

Dec 6, 2007

ကွက်လပ်တွေနဲ့ အချစ်



ကွက်လပ်တွေနဲ့ အချစ်

မမရယ် ..
ကမ်းလက်မရှိတော့တဲ့
ဒီဘ၀မှာ
အလင်းတန်းမဲ့ ပုံရိပ်တွေကို
လွမ်းဆွေးနေရတဲ့
ကျွန်တော့်ရဲ့အဖြစ်တွေရော
အဝေးတစ်နေရာက မမ
သိနေမှာလား

မမရယ် ..
နိုးတစ်ဝက်အိမ်မက်တွေထဲမှာ
လှပတဲ့ ပုံရိပ်တွေကြောင့်
ရူးသွပ်သွားတဲ့ ကျွန်တော့်ကိုရော
မမ နားလည်ပေးမှာလား

မမရယ် ..
ဒီတစ်သက်မှာ
အချစ်တွေနဲ့ပေးဆပ်မယ့်
ကျွန်တော့်နှလုံးသားကို
အေးစက်နေတဲ့ နှလုံးသားနဲ့
ကွက်လပ်တွေကို အပြစ်ရှာကာ
မုန်းမေ့နေတော့မှာလား

ကိုတိုး

လွမ်းနေမယ် မမ



လွမ်းနေမယ် မမ

ငွေကြယ်လေးတွေ စီကာဝန်း
မညီမညာထွန်းလင်းတဲ့
ထက်ကောင်းကင်က
လမင်းရဲ့ အလင်းရောင်နဲ့
မမ ကိုလွမ်းနေတဲ့
အရိပ်တစ်စုံဟာ
သံစဉ်တွေ ဖြစ်ခဲ့ရပြီ

လွမ်းတေးတွေ ကြူ
မျက်ရည်တွေ ဆူ
ချိနဲ့ဆွံ့အတဲ့ နှလုံးသားတစ်ခု
အမြဲတိုးတီးစွာ ရေရွတ်နေမိတာက
“လွမ်းနေမယ် မမ”

ကိုတိုး

Oct 27, 2007

ယဉ်ယဉ်လေးရူးနေရပြီ

ယဉ်ယဉ်လေးရူးနေရပြီ

ရိုးရိုးလေးနဲ့
လှတဲ့ မင်းရယ်

မင်းလှမ်းခဲ့တဲ့
ခြေလှမ်းလှလှလေးရယ်

မင်းလျှောက်ခဲ့တဲ့
လမ်းလေးရယ်

မင်းပြောခဲ့တဲ့
အသံလေးရယ်

မင်းအမြဲဝယ်ခဲ့တဲ့
မုန့်ဆိုင်လေးရယ်

ဒီပုံရိပ်တွေကို
ငါပြန်မြင်ယောင်မိရင်း
ယဉ်ယဉ်လေးရူးနေရပြီ

ကိုတိုး

Oct 22, 2007

ကျွန်တော်နှင့်သူငယ်ချင်းများ (၉)


လွန်လေပြီးသောနှစ်အတော်ကြာကပေါ့ ဗျာ ..

မောင်ကိုတိုးနဲ့သူငယ်ချင်းတစ်ယောက် ဆိုင်ကယ်ဖြင့် ကျူရှင်သွားတုန်း လမ်းမှာ ပြောမနာဆိုမနာ ငယ်သူငယ်ချင်းတစ်ယောက်ကို အိမ်တစ်အိမ်အရှေ့မှာ အမှတ်မထင်တွေ့လိုက်တာပါတယ်။ ဒါနဲ့ပဲ အော်ကြီးဟစ်ကျယ် .. “ဟေ့ကောင် .. မင်းပျောက်နေတာ အတော်ကြာလှပေါ့” .. “မင်းဘာတက်နေတာလဲ” .. “မင်းဘာတွေလုပ်နေတာလဲ ကွ” .. “မင်း ဟိုဆော်နဲ့ကရော ဘယ်လိုတုန်း” တစ်ယောက်တစ်ခွန်း စီတန်းပြီး မေးခွန်းထုပ်လိုက်ကြပါတယ်။ သူကတော့ အဝေးသင်တက်နေတယ်ဆိုတာနဲ့ သူမိန်းမရသွားပြီဆိုတာကို ပြုံးဖြီးဖြီး ပြောလိုက်ပါတယ်။ ဒါနဲ့ပဲ အဲဒီအိမ်ရှေ့မှာ ထွက်ရပ်နေတဲ့ အန်တီကြီးနဲ့ အန်ကယ်ကြီးနှစ်ယောက်ကို သူ့အဖေနဲ့သူ့အမေလို့ထင်မိရင်း .. ပါးစပ်ဆော့တတ်တဲ့ ကျွန်တော်နဲ့ပါလာတဲ့ သူငယ်ချင်းကပဲ “နေစမ်းပါဦးကွ .. မင်း မိန်းမက ဟို ဆော်ပဲလား .. ဒါက မင်းအိမ်လား .. ဟိုအန်တီနဲ့ အန်ကယ်နဲ့ကရော မင်းအမေနဲ့မင်းအဖေလား.. နောင်ကြုံရင်တော့ ထမင်းလေးဘာလေး ၀င်စားဦးမှ” လို့ စစနောက်နောက်ပြောလိုက်တဲ့ အဆုံးမှာ သူက “မဟုတ်ဘူးကွ .. ဒါက ငါ့ယောက်ခမအိမ် .. ဟိုက ငါ့ယောက်ခမတွေပါ” လို့ဖြေလိုက်ပါတယ်။ ကျွန်တော့်နောက်ထိုင်လိုက်လာတဲ့ သူငယ်ချင်းက “ဟေ့ကောင် .. မင်းတော့ ခက်တော့တာပဲ .. ငါ့ယောက်ခမ အိမ်လို့ မပြောရဘူး .. ငါ့မိန်းမ အမွေဆိုင်အိမ်လို့ ပြောရတယ်ကွ” လို့ ပါးစပ်ထပ်ဆော့လိုက်တဲ့ စကားအဆုံးမှာ သူ့ယောက်ခမဆီက အော်ကြီးဟစ်ကျယ်လှမ်းပြောလိုက်တာကတော့ “မင်းနဲ့ကွာ .. ဒီလို .. ပေါက်ကရကောင်တွေကို အပေါင်းအသင်းလုပ်ရတယ်လို့ ” ဆိုတာပါပဲ ဗျာ ..

ဒါနဲ့ပဲ သူငယ်ချင်းကို နှုတ်ဆက်ရင်း ဆိုင်ကယ် ဘက်မှန်ကနေ ခပ်လှမ်းလှမ်းထိ နောက်ကို မလုံမလဲ ကြည့်ခဲ့ရသူကတော့ ကျွန်တော်ပါ ဗျာ။

အင်း ဇာတ်တော့ ရှုပ်သား .. Equation ချရင် “ယောက်ခမ အိမ် = မိန်းမအမွေဆိုင် အိမ်” ဆိုတာ ရှင်းနေသားနဲ့

အားလုံးနားလည်နိုင်ကျပါစေ

ကိုတိုး

Oct 10, 2007

ကျွန်တော်နှင့်သူငယ်ချင်းများ (၈)


ထိုင်းနိုင်ငံရောက်ကတည်းက ရုံးက ထိုင်းသူငယ်ချင်းတွေကို မြန်မာဆိုင်ခေါ်ပြီး မြန်မာအစားအစာကို Promotion လုပ်ရတာ အမောသားပါ ဗျာ။ ဒါပေမယ့်ဗျာ .. ထိုင်းတွေ မြန်မာအစားအစာကို စားပြီး ပေးခဲ့တဲ့ Comment တွေကို ပြောရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရာကြမှာမို့ မပြောတော့ပါဘူးလို့ စဉ်းစားနေရင်း ဒီစာကိုရေးလိုက်ရတာပဲ .. (ဟီး ..)

ဇာတ်လမ်းက ဒီလိုဗျ

“မင်းတို့ မြန်မာအစားအစာက ဘယ်လိုလဲ” လို့မေးလာခဲ့ရင် .. “လာခဲ့” လို့ ခေါ်တတ်တာက ကျွန်တော်မျိုး မောင်ကိုတိုးပါ။ “လာခဲ့” လို့သာ ခေါ်ပါတယ် ဒါပေမယ့် ပိုက်ဆံကတော့ ကိုယ့်စရိတ်ကိုယ်ပေးပေါ့။ ဒါနဲ့ အိမ်နားက မြန်မာဆိုင်တွေ ရုံးဆင်းချိန်တိုင်း ခေါ်သွားပြီး ကျွေးမွေးလေ့ရှိပါတယ်။ မြန်မာအစားအစာကို ထိုင်းလူမျိုးများ မည်မျှကြိုက်သလဲလို့ ပြောရရင် တစ်ခါဆို တစ်ခါပါပဲ ဗျာ။ နောက်ကို ဖိတ်ရင်လည်း “ရပါတယ်” ဆိုတာကို မပြုံးမရီ စကားလုံးစီကာ “ငါ ချိန်းထားတာရှိလို့” တို့ “သွားစရာ ရှိလို့” တို့ဆိုပြီး ပြောတတ်တာက ထိုင်းလူမျိုး သူငယ်ချင်းတွေပါ။ အချိုအချဉ်အစပ်တွေ အစားများတဲ့ ထိုင်းတို့ရဲ့ အပြောကတော့ .. “ဆီများလို့” တို့ “အရသာပေါ့တယ်”တို့ ဆိုတာ ပေါ့ဗျာ။

ဒါနဲ့ တစ်ရက်မှာ .. ရုံးက မြန်မာအစားအစာမစားဖူးသေးတဲ့ ထိုင်းတွေလည်း ဘာပဲဖြစ်ဖြစ် သွားစားကြည့်မယ် ဆိုပြီး လိုက်လာလေရော။ အဲဒီနေ့က ရွှေတောင်ခေါက်ဆွဲ ရှိတာနဲ့ ရွှေတောင်ခေါက်ဆွဲကို မှာပေးလိုက်တယ်။ ဒါနဲ့ “ရွှေတောင်ခေါက်ဆွဲ” ကို ဘာလဲလို့မေးတော့ ဘာသာပြန်အလွန်ကောင်းလှတဲ့ ကိုတိုးကလည်း အတည်ပေါက်နဲ့ “Golden Mountain Noodle” လို့ လက်ဟန်ပါပါနဲ့ တောင်ပုံရာပုံ ပုံစံမျိုး ပြောထည့်လိုက်တယ်။ တစ်ယောက်သော ထိုင်းက ပျာကြီးပျာယာနဲ့ “ကိုတိုး ကိုတိုး ငါတို့ နည်းနည်းပဲ စားမှာနော် .. မင်းမှာလိုက်တဲ့ ခေါက်ဆွဲက “Golden Mountain Noodle” ဆိုတော့ အရမ်းများနေပြီး ဈေးများ အရမ်းကြီးနေမလားလို့” ဆိုတဲ့ မေးခွန်းအနောက်မှာ မပြုံးပဲ ၀ါးလုံးကွဲအောင် ရယ်တဲ့သူက ကျွန်တော်ပါပဲ ဗျာ။

(မှတ်ချက်။ ။ထိုသို့လည်း မဟုတ်ရပါဘူး .. မြန်မာဆိုင်က ဒန်ပေါက်ကို အသည်းစွဲဖြစ်သွားတဲ့ နိုင်ငံခြားအသိမိတ်ဆွေ ရှိသလို .. မြန်မာအစားအစာကို နှစ်သက်တဲ့ ထိုင်းလူမျိုး အမျိုးသမီးကြီး တစ်ယောက်လည်း မြန်မာဆိုင်မှာ အစားမပျက်တာ တွေ့ရစဲပါ ဗျာ။)

ကိုတိုး

Sep 2, 2007

ကျွန်တော်နှင့်သူငယ်ချင်းများ (၇)


“သားလေးမွေးရင် ကိုယ့်နာမည်ပေးပါ” .... “သားလေးမွေးရင် ကိုယ့်နာမည်ပေးလိုက်ပါ” ဆိုတဲ့ အဆိုတော် လွှမ်းမိုး သီချင်းကို ကိုတိုးတို့ သူငယ်ချင်းတွေ ဗိုက်ကြီးသယ်တွေ မြင်တိုင်း အမြဲတမ်းလိုလို ဆိုတတ်ကျပါတယ်။ ဟိုးအရင် တက္ကသိုလ်ကျောင်းသားဘ၀က ဗိုက်တကားကားနဲ့ အတန်းဖော် တစ်ယောက် သူ့ ယောင်္ကျားနဲ့ ကျောင်းခန်းထဲဝင်လာတုန်း စစနောက်နောက် ဆိုလိုက်မိလို့ သူ့ယောင်္ကျားက ဒေါသမီးတွေ ဟုန်းဟုန်းတောက်နေတဲ့ အကြည့်နဲ့ ကြည့်သွားပါလေရဲ့ ဗျာ။ လမ်းသွားရင်းလည်း ဗိုက်ကြီးသည်တွေ မြင်တိုင်း စစနောက်နောက် ဆိုတတ်ကျသေးပါတယ်။ တစ်ခါတုန်းကတော့ “ရှင့်နာမည်သာပြောပါ .. ကျွန်မသာ သားလေးမွေးရင် ရှင့်နာမည် ပေးလိုက်ပါ့မယ်” လို့ အာကြမ်းကြမ်းနဲ့ လာသရမ်းသွားတဲ့ မမဗိုက်ကြီးသည် ရဲ့ မထင်မှတ်တဲ့ အပြုအမူကြောင့် အာစေးစွာ ငိုင်ငေးသွားသူက ကျွန်တော်ပါ။ အူကြောင်ကြောင်နိုင်လှတဲ့ ကျွန်တော်ကလည်း “ဟုတ် .. ဟုတ် .. ကျွန်တော့်နာမည် ကိုတိုး ပါ ခင်ဗျာ” လို့ ဖြေလိုက်မိတာက သူငယ်ချင်းတွေကြားမှာ ဟာသတောင် မြှောက်ခဲ့ပါတယ်။

တစ်ခါတလေကျတော့လည်း ဒီလို စ ကျပါသေးတယ်။ ဥပမာ အတွဲ နှစ်ယောက် ကျွန်တော့်တို့ အရှေ့ဖြတ်လျှောက်သွားလို့ကတော့ .. “မင်း မောင့်ကို အရွဲ့တိုက်ပြီး ဒီကောင်နဲ့ တွဲပြတာပေါ့လေ ... ရပါတယ် ကွာ ... ရပါတယ် ...” တို့၊ “မင်းအတွက် ကိုယ် သိပ်စိုးရိမ်တယ်ကွာ” တို့ ဆိုပြီး မကြားတကြား တိုးတီးစွာ ရိုက်ကွင်းထဲများ ရောက်နေတဲ့ ရုပ်ရှင်မင်းသားဆန်ဆန် ငိုတော့မယ့် အသံလေးနဲ့ ခပ်တည်တည် နဲ့ ပြောတတ်ကျပါသေးတယ်။ ထိုသို့သောအချိန်မျိုးမှာတော့ စောင်းကန်း စောင်းကန်းနဲ့ “ဒီကောင် ငါ့ရည်းစားရဲ့ အရင် ဟိုဟာ လား” ဆိုတဲ့ သံသဃ မျက်လုံးတွေနဲ့ ထိုဘဲတွေ ငနဲတွေက ကြည့်သွားလို့ကတော့ .... သူတို့ကို နောက်ကနေကြည့်ရင်း ကျိတ်ရယ် တတ်ကျတဲ့ သူတွေဟာ တခြား ဘယ်သူမှ မဟုတ်ပါဘူး .... ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းတွေပါပဲ ဗျာ။

ဒါပေမယ့် အခုအချိန်မှာတော့ ဒီလို ဟာသ လုပ်တတ်တဲ့ ကျွန်တော့်ရဲ့ အမူအကျင့်တွေနဲ့ အပြောလေးတွေကို နှုတ်က မထွက်နိုင်အောင်ကို အာစေးနေမိတာက အမှန်ပါ။

ဒီ အကြောင်းလေးကို ပြန်ပြောင်းအောင်းမေ့စွာ ရေးနေခိုက် “သားလေးမွေးရင် ကိုယ့်နာမည်ပေးပါ” .... “သားလေးမွေးရင် ကိုယ့်နာမည်ပေးလိုက်ပါ” လို့ တိုးတီးစွာရေရွတ်ရင်း

ကိုတိုး

Aug 14, 2007

ဒီလိုလည်း ဖြစ်တတ်ပါတယ်


ဟိုးတစ်လောက နေ့ခင်းကြောင်တောင် အားကစားလုပ်ပြီး ဗိုက်ဆာဆာနဲ့ အလှမ်းမဝေးလှတဲ့ အိမ်နားက ကုလားဆိုင်တစ်ဆိုင်မှာသွားစားဖြစ်တယ်။ အိမ်နားမှာတော့ ထိုင်း၊ မြန်မာ၊ တရုပ်၊ ကုလားဆိုင်တွေကတော့ ပေါမှပေါ။

ဒါနဲ့ ဆိုင်လည်းရောက်တော့ ဗိုက်ဆာဆာနဲ့ Dosa (မြန်မာအခေါ် “တိုရှည်”) ခြောက်ချပ် .. ကြက်ကီးမား ၁ ပွဲ၊ အာလူးဟင်း တစ်ပွဲ စားပြီး ဒိန်ချည် ၂ ခွက် ဆင့်သောက်ရော။ (ပြောမယ့်သာပြောတာ ထည့်ပေးတာတွေက နည်းနေတော့ အာတောင် ကောင်းကောင်း မဆွတ်ရှာဘူး၊ ဟင်းတွေကလည်း အရောင်တင်မှုန့်တွေဘယ်လောက်များထည့် ထားသလဲလို့မပြောတော့ပါဘူး ဘုန်းကြီးသင်္ကန်းတွေများ ထည့်ချက်ထားလား အောင့်မေ့ရတယ်) ဒါနဲ့ သူငယ်ချင်းတစ်ယောက်ကို ဆိုင်ရှေ့မှာတွေ့တော့ သူ့ပါခေါ်ပြီး ဒိန်ချည်သောက်မလား ငါပေးပါ့မယ် လို့ပြောပြီး ဆိုင်ထဲခေါ်လိုက်တယ်။ နောက်တော့ ဆိုင်ထဲမှာ သူနဲ့ “ကိုယ့်ကိုယ်ကို အားကိုးရေးနဲ့ မည်သူ့မှ အားမကိုးရေး” အစရှိတဲ့ အကြောင်းအရာတွေကို စီစာပတ်ကုံး စာစီကုံးသကဲ့သို့ ကျွန်တော်က စပြောတယ်။

နောက် ပိုက်ဆံရှင်းမယ် လုပ်တော့ ပိုက်ဆံအိပ်က ပါမလားဘူး။ ဒါနဲ့ သူငယ်ချင်းကို မင်းမှာပါရင် ခဏလောက်ဆိုက်ပြီးပေးလိုက်ပါ ငါနောက်မင်းဆီချက်ချင်းလာပေးပါ့မယ်လို့ ပြောတာနဲ့ သူက ပိုက်ဆံထုပ်ပြီးရှင်းလိုက်တယ်။ သေပါလေရော ..... သူကတော့ ကျွန်တော့်ရဲ့ “ကိုယ့်ကိုယ်ကို အားကိုးရေးနဲ့ မည်သူ့မှ အားမကိုးရေး” ခေါင်းစဉ်နဲ့ ဟောပြောသွားတာတွေကိုတော့ ဘယ်လိုမြင်မလဲ ဗျာ ..

ဒီလိုလည်း ဖြစ်တတ်ပါတယ်

ကိုတိုး

Jul 15, 2007

အားလုံးကို သတိရပါတယ်

“သတိရနေတယ် ... သူငယ်ချင်းရေ .. တို့များ ငယ်ငယ်တုန်းက ရွာအ၀င်လမ်းဆီကနေ လက်ချင်းယှက်ကာ ပြေးကာ လွှားကာ ကျောင်းတက်လာကြတာတွေ .. မေ့နိုင်ပါ့မလား .. မင်းတို့ငါတို့ ငယ်ငယ်တုန်းကလေ .. ” ဘာရယ်မှ မဟုတ်ပါဘူး .. တွံတေးသိန်းတန် သီချင်းလေးကို နားထောင်ရင်း ကျောင်းကသူငယ်ချင်းတွေနဲ့ အလုပ်ကသူငယ်ချင်းတွေကို
သတိရနေမိတာ အမှန်ပါ။
လက်ဝဲမှ လက်ယာသို့ - သာကျော်ဖြူ၊ ကိုတင်ကို (MCC)၊ ပါပါလေး၊ ကျွန်တော်ပေါ့ဗျာ၊ အန်တီကြီး (မှတ်ချက်။ ။နာမည်အရင်းမေ့နေသည်)၊ အိလေး၊ ဖြိုး၊ အိသန့်၊ သန့်ရွှေစင် (MCC)၊ ဒါဒါ၊ ဂျုဂျူး၊ အေးထွန်း (ကျွန်တော်တို့ အဖွဲ့ရဲ့ ကိုလေးဖြူပေါ့)၊ အေးမင်းထွန်း၊ ကိုဦး (ကျွန်တော်တို့ အဖွဲ့ရဲ့ အနိုင်၊ အောင်သူ၊ မင်းအောင်၊ တွံတေးသိန်းတန်၊ ဟင်္သတထွန်းရင် အစရှိတဲ့ .. တောကြိုက်သီချင်းများကို အပီဆိုတတ်သူ)၊ ကိုသန့်ဇင် ခေါ် ကျွန်တော့်နာမည် မောင်သန့်ဇင်ပါခင်ဗျာ။
ဒါကတော့ DCD ကဘော်ဒါတွေပေါ့။ လက်ဝဲမှ လက်ယာသို့ - အဆိုတော်၊ မော်ဒယ်၊ ကွန်ပျုတာသင်တန်းဆရာ Blogger ဇော်မိုးအောင်၊ ကျွန်တော်ပေါ့ဗျာ၊ ရိုးသားလှတဲ့ ရှမ်းကလေး တင်ထွန်းအောင်၊ သူငယ်ချင်းလည်းဖြစ် ဂျာကြီးလည်းဖြစ်တဲ့ ကိုဝင်းဌေးဦး၊ အမြဲတမ်း အတည်ပေါက်နဲ့ ဟာသတွေ လုပ်တတ်တဲ့ ကိုမင်း၊ ဒီစီဒီရဲ့ လက်ရှိပင်တိုင် Customer တွေရစ်တာကို အမြဲတမ်း သည်းခံလေ့ရှိတဲ့ ကျော်ဝင်းဆွေ (ခ) ကျော်ကြီး

မန္တလေးက သူငယ်ချင်းတွေအားလုံးကို ဒီရက်ပိုင်းတွေမှာ အမြဲသတိရနေမိတယ်။ ကျွန်တော်ပေါင်းသင်းခဲ့တဲ့ သူငယ်ချင်းတွေ အများစုဟာ တကယ့် ညီရင်းအကို တွေလိုပါပဲ။ နောက်ဆုံးကုန်ကုန်ပြောရရင် တစ်ယောက်အိမ် တစ်ယောက်ကို စားအိမ်သောက်အိမ် လို့တောင် ပြောရလောက်တယ်။ “ကိုတိုး ထမင်းစားအုံးမလား” ဆိုတာကတော့ သူတို့တွေအိမ်သွားလည်ရင်အမြဲကြားရတဲ့ အသံပါ။ အစားဆိုရင် ဟန်မဆောင်တတ်တဲ့ ကျွန်တော်ဟာလည်း ဘယ်တော့မှ မငြင်းတတ်ပါဘူး။ ၀င်တီးတယ်။ ချပေးသမျှ လည်း ကုန်အောင်တီးတယ်။ တစ်ခါတလေကြတော့လည်း သူငယ်ချင်းအိမ်တွေ အလည်ရောက်ရင်းနဲ့ “အန်တီရေ .. မနက်ဖြန်ကျတော့ ကြက်သားမဆလာဟင်းကောင်းကောင်းလေးနဲ့ ကြက်ဥကြော် နှစ်လုံးကြော်ထားလိုက်ပါ ဖြစ်နိုင်ရင် သရက်သီးဆီစိပ်လေးပါ စီစဉ်ထားလိုက်ပါ .. ကျောင်းကပြန်လာရင် ကျွန်တော်လာစားလှည့်မယ်” ကိုယ်က စားချင်တာကို အတည်ပေါက်နဲ့ပြောလည်း သူတို့က “အေးအေး .. မနက်ဖြန်လာခဲ့လို့” ပြောပြီး စားမည့်အရာတွေကို စီစဉ်ပေးထားတတ်ကြပါတယ်။ ဟင်းချက်အရမ်းကောင်းကျတဲ့ ကျွန်တော့်အမေလက်ရာနဲ့ သူငယ်ချင်းတွေရဲ့ အမေတွေလက်ရာကို ဘယ်သူငယ်ချင်းမှ မစားချင်ဘူးလို့ မငြင်းတတ်ကျပါဘူး။ ဘာသာခြားတွေ၊ လူမျိုးခြားတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်တဲ့ ကျွန်တော့်ကိုလည်း သူတို့အိမ်တွေရောက်တိုင်း စကားကို လှိုက်လှိုက်လှဲလှဲ အကြောင်းအရာမျိုးစုံဖြင့် ပြောတတ်ကြပါတယ်။ ကိုယ်က မရောက်ဖြစ်ရင်တောင် သူငယ်ချင်းတွေရဲ့ မိဘတွေက မေးတတ်ကြရုံတင်မကဘူး .. လာပါလို့လည်း ဖိတ်တတ်ကြပါသေးတယ်။

ဒါပေမယ့် နိုင်ငံခြားလည်းရောက်တော့ အဲဒီလောက် ဖေါ်ရွေပျူငှာတဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေဟာ မရှိသလောက် ဆိုသလိုပါပဲ။ သူတို့ရဲ့ အလွန့်အလွန်ဆိုတာက စားသောက်ဆိုင်တွေမှာ အားလုံးရှယ်လုပ်ပြီး အားရပါးရ သွားစားတတ်တာလောက်ပါပဲ။ ဒါမျိုးတွေရေးပြလို့ “မောင်ကိုတိုး တစ်ယောက်ဖြင့် စူစကာ ပုဏ္ဏား လှူတာအကုန်စား .. စားချင်ရှာလွန်းလို့ Blog ပေါ်ထိ လာရေးရတယ်” လို့ပြောလည်း ပြောစရာဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဆိုလိုချင်တာက ကျွန်တော့်ဘ၀ရဲ့ မန္တလေးမှာ ဖြတ်သန်းခဲ့တဲ့ သူငယ်ချင်းတွေနဲ့ပတ်သက်တဲ့ ညီရင်းအကိုသဖွယ် ပေါင်းသင်းဆက်ဆံရင်းနှီးမှု့မျိုးဟာ .. နိုင်ငံခြားဆိုတဲ့ နေရာတွေမှာ မရတော့တဲ့ အကြောင်းလေးတစ်ခု အနေနဲ့ ရေးပြရခြင်းပါ။
လက်ဝဲမှ လက်ယာသို့ - “အစဉ်အရမ်းမိတဲ့ ရှင်ဂွမ်းဂွိ” လို့ ပြောရလောက်တဲ့ ဘေဘေး၊ မွန်မွန်၊ အမြဲတမ်း တကျက်တကျက်ရန်ဖြစ်တတ်တဲ့ မနီလာ .. နောက်ကတော့ မင်းလေး မင်းကြီး နတ်ဝင်နေတဲ့အလား လက်ညိုးလေးတွေကိုယ်စီထောင်ထားတဲ့ ကျွန်တော်၊ ကျော်ကြီး နဲ့ တင်ထွန်းအောင် တို့ အညာဒေသရဲ့ Parado ပေါ်တွင် (မိုးလေးတွေ မှိုင်းညို့နေတဲ့ အချိန်မှာ .. မုံရွာနားက ရွာလေးတွေဟာ တော်တော်လေး လှတယ်)
မုံရွာဖိုဝင်တောင်ရောက် သူငယ်ချင်းကျော်ကြီး နှင့် ကျွန်တော်

ကိုတိုး

Jul 13, 2007

ဆရာတော် ဦးဇောတိက ရဲ့ စိတ်ချမ်းသာအောင်


၁၁ ရက်နေ့က မောင်မင်းသူ (Flashband.Net) မှတစ်ဆင့် ဆရာတော် ဦးဇောတိကရဲ့ တရားပွဲ Assumption University မှာရှိတယ်ဆိုလို့ ဖတ်ဖူးတဲ့ ဆရာတော့်ရဲ့ စာအုပ်တွေကို သဘောကျမိတာကတစ်ကြောင်း ဆရာတော့်ကို ဖူးချင်တာကတစ်ကြောင်းနဲ့ ရုံးက အပြေးအလွှားသွားခဲ့ရတယ်။ ညီတော်လေး မျိုးကျော်ထွန်းနဲ့ ကျွန်တော် ဟိုရောက်တော့ တရားပွဲကစနေပြီ။ “စိတ်ချမ်းသာအောင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ တရားဟောသွားပါတယ်။ အလွန်အင်မတန်မှ ကောင်းတဲ့ တရားအရသာပါ။ ကျွန်တော့်အတွက်ကတော့ လက်တွေ့နဲ့ ထပ်တူထပ်မျှ ဆိုသလိုလောက်ပါပဲ။ ဆရာတော်ရဲ့စာအုပ်မေ့သွားတာနဲ့ ပိုက်ဆံအိပ်ထဲ ဟိုနှိုက်ဒီနှိုက်ရှာရင်း တွေ့တဲ့ ကဒ်တစ်ခုမှာ ဆရာတော့်ရဲ့ Signature လေးကို တောင်းယူလိုက်ပါတယ်။

အောက်မှာတော့ မောင်မင်းသူရဲ့ Flashband.Net မှာ သူကိုယ်တိုင်ရိုက်တင်ပေးထားတဲ့ ဆရာတော့်ရဲ့ တရားကို Download လုပ်၍ကြည့်နိုင်ပါတယ်။ ဆရာတော့် ဓါတ်ပုံကိုလည်း မောင်မင်းသူကိုယ်တိုင် Email မှတစ်ဆင့် မျှဝေပေးထားလို့ သူ့ကိုလည်း ကျေးဇူးတင်ပါကြောင်း။

Sayardaw U Zaw Ti Ka's Happiness Tayar Videos

ကိုတိုး

Jul 11, 2007

A Portrait on Adobe Illustrator (1)


ဒီပုံဟာ ကျွန်တော့်ရဲ့ ပထမဦးဆုံး Adobe Illustrator ပေါ်မှာ ဆွဲခြင်းဖြစ်ပါတယ်။ Coreldraw သာသင်ခဲ့တဲ့ ကျွန်တော်ဟာ Vector Software တွေမှာ Web Design, Artistic Design များနဲ့ Logo Design တွေကိုသာ အသုံးတဲ့ခဲ့တယ်။ ဒါပေမယ့် ဟိုးတလောထဲက ကမ္ဘာအရပ်ရပ်က Illustration ပုံတူတွေကိုကြည့်ပြီး အားကြရာမှ ရေးဆွဲခဲ့ခြင်းပါ။ မူရင်းပုံကတော့ ရင်သားတွေဖေါ်ပြထားလို့ နှိုင်းယှဉ်မပေးတော့ပါဘူး။

Adobe Illustrator Version 10 တစ်ခုတည်းကိုသာ သုံးထားပါတယ်။ အဲဒီထဲမှာပါတဲ့ ဖွာထွက်နေတဲ့ Tone တစ်ချို့ဟာ Blur Effect မှ Guassian Blur ကိုသာသုံးထားပြီး ကောက်ကြောင်းတွေ အားလုံးကတော့ Pen Tool ကိုပဲသုံးထားပါတယ်။ အသောမသတ်အထပ်ထပ်ကွန့်တတ်တဲ့ ကျွန်တော်ဟာ ပုံတွေကို ချက်ခြင်းမတင်တတ်ပါဘူး။ အနည်းဆုံး လ ချီပြီး ပြန်ပြန်သလေ့ရှိပါတယ်။ တစ်ချို့ဆိုရင် တစ်နှစ်လောက်ကျော်ထိ ပြင်လိုက် တို့လိုက်နဲ့ တယုတယ ယုယုယယ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီပုံကိုတော့ ပြီးပြီးချင်း တင်လိုက်တယ်။

ဒီရက်ပိုင်းတွေမှာ ဆန္ဒနှစ်ခုကြားမှာ လွန်ဆွဲနေခြင်းကြောင့် စိတ်အရမ်းကို ပင်ပန်းနေပါတယ်။ ဒါပေမယ့် .. အခုလို Design လေးတွေလုပ်၊ ပန်းချီလေးတွေဆွဲ၊ ကဗျာလေးတွေရေး၊ လူများတွေပျော်စေခြင်းအလို့ငှာ ဟာသလေးတွေပြောပြရင်း ဘ၀အမောတွေကို ဖြေဖျောက်ရတာ အရသာတစ်မျိုးပါ။

Sexy Naughty Bitchy Wallpaper (Res: 1024 x 768, Size: 521 Kb)

ကိုတိုး

Jul 6, 2007

ကျွန်တော်တို့ မိသားစု နှင့် ဆွေမျိုးသားချင်း ဟာသများ (၁)


ဟာသဥာဏ်ရွှင်တတ်တဲ့ ကျွန်တော်တို့ မိသားစုနဲ့ ကျွန်တော့် ဦးကြီးတော်များဟာ မိတ်ဆွေအပေါင်းအသင်းများ အတွက်တော့ ဟဒယရွှင်ဆေးများ တိုက်ကြွေးသလိုပေါ့။

ဒီအကြောင်းလေးတွေကတော့ ကျွန်တော်တို့ အိမ်သူအိမ်သား မိသားစုများ နှင့် ဆွေမျိုးသားချင်းတွေ ဗီဒီယို၊ ရုတ်ရှင်များကြည့်ကြရင်း နောက်နောက်ပြောင်ပြောင်ပြောဆိုရာမှ ဖြစ်ပေါ်လာတဲ့ ဟာသလေးတွေပါ။

မြန်မာရုတ်ရှင်နဲ့ ဗီဒီယိုတွေထဲမှာတော့ သိတော်မူကြတဲ့အတိုင်းပေါ့ .. အမေလုပ်တဲ့သူက သမီးလုပ်တဲ့သူကို အတင်းယောင်္ကျားပေးစားခြင်းပါ။ သမီးလုပ်သူက “ဟင့်အင်း .. မေမေ မတရားဘူး .. မေမေ မတရားဘူး .. သမီးသူ့ကို လုံးဝမကြိုက်ဘူး .. ချစ်လို့လဲမရဘူး .. သမီးသူ့ကိုလုံးဝမယူချင်ဘူး” လို့ ငြင်းဆန်ဘူးခံပေမယ့် အမေက “ဟဲ့ .. ငါစီစဉ်တာကို ညီး ငြင်းဖို့ မကြိုးစားနဲ့ .. မောင်(x x x) ဘယ်သူနဲ့ ညီးယူကိုယူရမယ်” ဆိုတာတွေပေါ့ .. ဥပမာပြောရရင် .. ခင်သန်းနုပါဝင်သရုပ်ဆောင်တဲ့ .. နွားတစ်ထောင် ဆိုတဲ့ .. ဇာတ်ကားထဲမှာလိုပေါ့ .. အမေလုပ်တဲ့သူတွေက သမီးလုပ်တဲ့သူတွေအတွက် အတင်းယောင်္ကျားပေးစားတဲ့ ဇာတ်ဝင်ခန်းတွေပါ။

ထိုဇာတ်လမ်းမျိုးတွေ ထိုအခန်းမျိုးတွေ ကြုံတိုင်း ကျွန်တော့် ဦးကြီးတော် အငယ်ဆုံးနဲ့ ကျွန်တော်တို့တစ်တွေ တစ်ညီတစ်ညွတ်ထဲ အော်ကြတာကတော့ .. “ဟင့်အင်း .. သမီး အဲ့ဒီလူကို လုံးဝမကြိုက်လို့ မယူနိုင်ဘူး .. မေမေကြိုက်ရင် မေမေပဲယူလိုက်” ဆိုတာပါပဲဗျာ .. ကြားရတဲ့သူအပေါင်းကတော့ မပြုံးပဲ ၀ါးလုံးကွဲအောင် ရယ်ရတာပေါ့။

ကိုတိုး

Jun 29, 2007

Happy Birthday .. KO TOE, June 30


ဇွန်လ ၃၀ ရက်နေ့ဟာ ကျွန်တော့်မွေးနေ့ပါ။ ငွေကြေးမတောင့်တင်းတဲ့ ကျွန်တော့်အတွက်ကတော့ မွေးနေ့မှာ ဘုန်းကြီး ၄ ပါးပင့်ပြီး ဆွမ်းကြွေးရုံလောက်ပါပဲ။ ကုသိုလ်ဆိုလို့ အပတ်စဉ် စနေ နဲ့ တနင်္ဂနွေ နေ့တွေတိုင်းမှာ ငါးတွေကို ပါမုန့်သွားကြွေးတာလောက်ပါပဲ။ ကိန်းကြီးခန်းကြီးနေတာမျိုးကို မကြိုက်တဲ့ ကျွန်တော်ဟာ မွေးနေ့ပွဲတွေ ပါတီတွေလုပ်တတ်တဲ့ အကျင့်လည်း မရှိဘူး .. ကိုယ်ကိုယ်တိုင်လည်း သူများမွေးနေ့တွေ ပါတီပွဲတွေကို သွားတာလည်း ၀ါသနာမပါဘူး။ သွားလည်း မသွားချင်ခဲ့ဘူး။ ကျွန်တော့်မွေးနေ့မှာ အစီအစဉ်လိုက်ပြီး ကျေးဇူးတင်ရမယ် ဆိုရင်ဖြင့် .. ကျွန်တော့် အမေရယ်၊ ဆုံးသွားတဲ့ အဖေရယ် .. ဒီအသက်အရွယ်ထိတိုင်အောင် ဖေးဖေးမမ ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျွန်တော့် ဦးလေးတွေနဲ့ အန်တီတွေရယ် .. တစ်ယောက်ကို တစ်ယောက် ကူညီတတ်ကျတဲ့ ကျွန်တော့်ညီလေးတွေနဲ့ ကျွန်တော့်ညီမရယ် .. အမြဲတမ်း အားပေးစကားများပြောတတ်ကြတဲ့ သူငယ်ချင်းတွေပါပဲ ဗျာ။ မွေးနေ့မှာ ဆုတောင်းပေးတဲ့သူတွေကိုလည်း အထူးကျေးဇူးတင်ပါတယ် ..
အခုနကရုံးဆင်းခါနီးမို့ လောလောနဲ့ရေးလိုက်တာ .. ဆရာသမားတွေကို ကျေးဇူးတင်ဖို့မေ့သွားခဲ့တယ်။ ကျွန်တော် ဒီအသက်အရွယ်ထိ သင်ကြားပေးခဲ့တဲ့ .. သင်ကြားပေးနေစဲဖြစ်တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့ကိုလည်း ကျေးဇူးတင်မိပါတယ်။ သူတို့တွေရဲ့ သွင်သင်ဆုံးမမှု့မပါခဲ့ရင် ဒီနေ့မှာ ကျွန်တော်ဒီလိုမျိုးဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော် နားလည်နေမိလို့ပါ။

ကိုတိုး

Jun 15, 2007

မိုးတွေရွာရင်


CMS လေးက Tag လုပ်လို့ရေးလိုက်ရတာပါပဲ။

(၁) ငယ်ငယ်တုန်းကနေ နည်းနည်းအရွယ်ရောက်တဲ့အထိ မိုးရွာရင် အိမ်ရှေ့ထွက်ပြီး ဘောလုံးကန်တယ်။ (မဆန်းပါ .. အားလုံးလိုလိုလုပ်တတ်၏)

(၂) နောက်တော့ သူငယ်ချင်းတွေနဲ့ ဆိုင်ကယ်ပတ်စီးတယ်။ မန္တလေးတက္ကသိုလ်ထဲက မိုးမမြင်လေမမြင် အချစ်ဇာတ်လမ်းစဉ်နေကြသော အတွဲတွေကို ဒုက္ခသွားပေးတယ်။ (ဥပမာ။ ။ စက်ဘီးများ၊ ဆိုင်ကယ်များကို လေသွားလျှော့ခြင်း)။ နောက်တော့ လ္ဘက်ရည်ဆိုင်ထိုင်ပြီး အ၀စားကြတယ်။ ဒါကတော့ ကျွန်တော့သူငယ်ချင်း ယောင်္ကျားလေးတွေရော မိန်းကလေးတွေပါ မိုးရွာတိုင်း ထွက်လည်ကြတယ်။ မှိုင်းပြာမှုံရီနေတဲ့ ကောင်းကင်၊ မိုးရနံ့လေးတွေကို ရှုရှိုက်၊ မိုးစက်မိုးပေါက်တွေရဲ့အောက်မှာ အားလုံးသီချင်းတွေပြိုင်တူဆိုရင်း လျှောက်လည်ရတဲ့ ခံစားချက်က ပြောပြလို့ဘယ်ရပါ့မလဲ။ (အားလုံးကို ရူးတယ်နှမ်းတယ်ပြောလည်း မတတ်နိုင်ဘူး)

(၃) ဟိုးတုန်းကဆို မန္တလေးတောင်ပေါ်တက်ပြီး မှုန်ဝါးဝါး မန္တလေးမြို့ကြီးကို တစ်ယောက်ထဲ သွားသွားထိုင်ကြည့်ရင်း ငေးနေမိတယ်။ (ထူးပေ၏ .. ရူးပေ၏)

(၄) တစ်ခါတလေအရူးထပြီး မန္တလေးကျုံးဘေးမှာပြေးတယ်။ (ထူးပေ၏ .. ရူးပေ၏)

(၅) ဟိုစဉ်အခါက မိုးတွေသည်းတိုင်း ကောင်မလေးအိမ်နဲ့ .. မလှမ်းမကမ်းမှာ သွားသွားထိုင်တတ်တယ်။ (ပြန်စဉ်းစားတိုင်း အရူးတစ်ယောက်လိုပါလားဟ ဟုရေရွတ်မိတယ်၊ နောက်နောင်တွင် ကျွန်တော့်လို မလုပ်ရန် လူငယ်များကို တိုက်တွန်းပါသည် .. ဘာကြောင့်လည်းဆိုတော့ များသောအားဖြင့် မိန်းကလေးများသည် မိုးရွာတိုင်း စောင်ခြုံကွေးတတ်ကြသည် ဟု ကြားသိရပါသည်။ သင့်ကိုလည်း သူမြင်မည်မဟုတ်ပေ .. သင်လည်း ထိုအတွက်ကြောင့် ဘာမှ အမှတ်ရမည်မဟုတ် .. ကံမကောင်းအကြောင်းမလှက အဆုတ်အအေးပတ်တတ်သည်)

(၆) ယခုအချိန် .. ထိုင်းမှာတော့ တစ်ခါတလေ မိုးရွာထဲလမ်းလျှောက်တယ်။ တစ်ခါတလေတော့ ရမ်ခန်ဟန် (Ramkhamhaeng) အားကစားကွင်းထဲက ထိုင်ခုံလေးတစ်ခုမှာ တစ်ယောက်ထဲသွားထိုင်ပြီး အပြတ်ကို လွမ်းဆွေးနေတတ်တယ်။ တစ်ခါတလေ အိမ်နားက ကန်ကြီးထဲက ငါးတွေကို ပါမုန့်တွေအထုတ်လိုက် သွားကြွေးတတ်တယ်။ (ရူးတယ်နှမ်းတယ်ပြောလည်း မတတ်နိုင်ဘူး)

(၇) ယနေ့ထက်ထိအောင် မိုးရွာတိုင်း ထီးမဆောင်းတတ်တဲ့ အကျင့်ဟာ ချစ်သူရတဲ့နေ့မှပဲ ပျောက်သွားမှာပါလို့ အမြဲတမ်းပြောတတ်တယ်။ ဘယ်သူထီးဝယ်ပေးပေး တောင်ပြော မြောက်ပြော ဆင်ခြေပေးပြီး ငြင်းတတ်တယ်။ ဘယ်လောက်မိုးရွာမိုးရွာ ကိုယ်ကိုယ်တိုင်လည်း ထီးမဆောင်းဘူး။ ဘာကြောင့်လည်းဆိုတော့ ချစ်တဲ့သူက ကျွန်တော့်ကို ထီးလိုက်မိုးပေးပြီး မိုးရွာထဲမှာ လျှောက်သွားချင်လို့ဆိုတဲ့ နေ့ရက်တွေကို အမြဲတမ်းဆောင့်မျှော်နေလို့ပါပဲ .. ဗျာ။ (ရူးတယ်နှမ်းတယ်ပြောလည်း မတတ်နိုင်ဘူး)

“နေမြင့်လေ အရူးရင့်လေ” .. .. “အင်း” .. “ကျွန်တော့်အတွက်တော့ မိုးတွေရွာရင် အရူးရင့်လေများလား” .. ပြောမပြတတ်တော့

ကိုတိုး

Jun 10, 2007

ကလေးမွေးတိုင်း ဘေဘီဘိုက်တာနဲ့ ကိုတိုးကို သတိရပါ


“ကလေးမွေးတိုင်း ဘေဘီဘိုက်တာကို သတိရပါ” ဆိုတဲ့ ဟိုးအရင်က မြန်မာရုပ်မြင်သံကြားက ဘေဘီဘိုက်တာ ကလေးအားတိုးဆေး ကြော်ငြာလေးကို သိကြမှာပါ။ မောင်ကိုတိုးတစ်ယောက် ဒီလိုရေးလိုက်တာ တခြားတော့ မဟုတ်ပါဘူး။ ကျောင်းနောက်ဆုံးနှစ်က သူငယ်ချင်းတွေ ခွဲခွာရတော့မှာမို့ တစ်ယောက်နဲ့တစ်ယောက် အမှတ်တရစာလေးတွေရေးပေးကြတော့ ကိုတိုးတစ်ယောက် လာရေးခိုင်းတဲ့ ကောင်မလေးတွေအားလုံးကို “ကလေးမွေးတိုင်း ဘေဘီဘိုက်တာကို သတိရပါ” ဆိုတဲ့ စာလေးတစ်ကြောင်းကို ရေးပေးခဲ့ပါတယ်။ သူတို့တစ်တွေဘယ်နေရာတွေရောက်လို့ ဘယ်လိုနေကြတယ်ဆိုတာကို နိုင်ငံခြားမှာနေတဲ့ ကျွန်တော်တစ်ယောက် မသိပေမယ့် သူတို့တွေ ကလေးတွေမွေးတိုင်း ကျွန်တော့် စစနောက်နောက်ရေးပေးလိုက်တဲ့စာသားလေးနဲ့ ကျွန်တော့်ကို သတိရနေမှာပါ။

ကိုတိုး