Showing posts with label Mandalay University. Show all posts
Showing posts with label Mandalay University. Show all posts

Jul 15, 2007

အားလုံးကို သတိရပါတယ်

“သတိရနေတယ် ... သူငယ်ချင်းရေ .. တို့များ ငယ်ငယ်တုန်းက ရွာအ၀င်လမ်းဆီကနေ လက်ချင်းယှက်ကာ ပြေးကာ လွှားကာ ကျောင်းတက်လာကြတာတွေ .. မေ့နိုင်ပါ့မလား .. မင်းတို့ငါတို့ ငယ်ငယ်တုန်းကလေ .. ” ဘာရယ်မှ မဟုတ်ပါဘူး .. တွံတေးသိန်းတန် သီချင်းလေးကို နားထောင်ရင်း ကျောင်းကသူငယ်ချင်းတွေနဲ့ အလုပ်ကသူငယ်ချင်းတွေကို
သတိရနေမိတာ အမှန်ပါ။
လက်ဝဲမှ လက်ယာသို့ - သာကျော်ဖြူ၊ ကိုတင်ကို (MCC)၊ ပါပါလေး၊ ကျွန်တော်ပေါ့ဗျာ၊ အန်တီကြီး (မှတ်ချက်။ ။နာမည်အရင်းမေ့နေသည်)၊ အိလေး၊ ဖြိုး၊ အိသန့်၊ သန့်ရွှေစင် (MCC)၊ ဒါဒါ၊ ဂျုဂျူး၊ အေးထွန်း (ကျွန်တော်တို့ အဖွဲ့ရဲ့ ကိုလေးဖြူပေါ့)၊ အေးမင်းထွန်း၊ ကိုဦး (ကျွန်တော်တို့ အဖွဲ့ရဲ့ အနိုင်၊ အောင်သူ၊ မင်းအောင်၊ တွံတေးသိန်းတန်၊ ဟင်္သတထွန်းရင် အစရှိတဲ့ .. တောကြိုက်သီချင်းများကို အပီဆိုတတ်သူ)၊ ကိုသန့်ဇင် ခေါ် ကျွန်တော့်နာမည် မောင်သန့်ဇင်ပါခင်ဗျာ။
ဒါကတော့ DCD ကဘော်ဒါတွေပေါ့။ လက်ဝဲမှ လက်ယာသို့ - အဆိုတော်၊ မော်ဒယ်၊ ကွန်ပျုတာသင်တန်းဆရာ Blogger ဇော်မိုးအောင်၊ ကျွန်တော်ပေါ့ဗျာ၊ ရိုးသားလှတဲ့ ရှမ်းကလေး တင်ထွန်းအောင်၊ သူငယ်ချင်းလည်းဖြစ် ဂျာကြီးလည်းဖြစ်တဲ့ ကိုဝင်းဌေးဦး၊ အမြဲတမ်း အတည်ပေါက်နဲ့ ဟာသတွေ လုပ်တတ်တဲ့ ကိုမင်း၊ ဒီစီဒီရဲ့ လက်ရှိပင်တိုင် Customer တွေရစ်တာကို အမြဲတမ်း သည်းခံလေ့ရှိတဲ့ ကျော်ဝင်းဆွေ (ခ) ကျော်ကြီး

မန္တလေးက သူငယ်ချင်းတွေအားလုံးကို ဒီရက်ပိုင်းတွေမှာ အမြဲသတိရနေမိတယ်။ ကျွန်တော်ပေါင်းသင်းခဲ့တဲ့ သူငယ်ချင်းတွေ အများစုဟာ တကယ့် ညီရင်းအကို တွေလိုပါပဲ။ နောက်ဆုံးကုန်ကုန်ပြောရရင် တစ်ယောက်အိမ် တစ်ယောက်ကို စားအိမ်သောက်အိမ် လို့တောင် ပြောရလောက်တယ်။ “ကိုတိုး ထမင်းစားအုံးမလား” ဆိုတာကတော့ သူတို့တွေအိမ်သွားလည်ရင်အမြဲကြားရတဲ့ အသံပါ။ အစားဆိုရင် ဟန်မဆောင်တတ်တဲ့ ကျွန်တော်ဟာလည်း ဘယ်တော့မှ မငြင်းတတ်ပါဘူး။ ၀င်တီးတယ်။ ချပေးသမျှ လည်း ကုန်အောင်တီးတယ်။ တစ်ခါတလေကြတော့လည်း သူငယ်ချင်းအိမ်တွေ အလည်ရောက်ရင်းနဲ့ “အန်တီရေ .. မနက်ဖြန်ကျတော့ ကြက်သားမဆလာဟင်းကောင်းကောင်းလေးနဲ့ ကြက်ဥကြော် နှစ်လုံးကြော်ထားလိုက်ပါ ဖြစ်နိုင်ရင် သရက်သီးဆီစိပ်လေးပါ စီစဉ်ထားလိုက်ပါ .. ကျောင်းကပြန်လာရင် ကျွန်တော်လာစားလှည့်မယ်” ကိုယ်က စားချင်တာကို အတည်ပေါက်နဲ့ပြောလည်း သူတို့က “အေးအေး .. မနက်ဖြန်လာခဲ့လို့” ပြောပြီး စားမည့်အရာတွေကို စီစဉ်ပေးထားတတ်ကြပါတယ်။ ဟင်းချက်အရမ်းကောင်းကျတဲ့ ကျွန်တော့်အမေလက်ရာနဲ့ သူငယ်ချင်းတွေရဲ့ အမေတွေလက်ရာကို ဘယ်သူငယ်ချင်းမှ မစားချင်ဘူးလို့ မငြင်းတတ်ကျပါဘူး။ ဘာသာခြားတွေ၊ လူမျိုးခြားတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်တဲ့ ကျွန်တော့်ကိုလည်း သူတို့အိမ်တွေရောက်တိုင်း စကားကို လှိုက်လှိုက်လှဲလှဲ အကြောင်းအရာမျိုးစုံဖြင့် ပြောတတ်ကြပါတယ်။ ကိုယ်က မရောက်ဖြစ်ရင်တောင် သူငယ်ချင်းတွေရဲ့ မိဘတွေက မေးတတ်ကြရုံတင်မကဘူး .. လာပါလို့လည်း ဖိတ်တတ်ကြပါသေးတယ်။

ဒါပေမယ့် နိုင်ငံခြားလည်းရောက်တော့ အဲဒီလောက် ဖေါ်ရွေပျူငှာတဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေဟာ မရှိသလောက် ဆိုသလိုပါပဲ။ သူတို့ရဲ့ အလွန့်အလွန်ဆိုတာက စားသောက်ဆိုင်တွေမှာ အားလုံးရှယ်လုပ်ပြီး အားရပါးရ သွားစားတတ်တာလောက်ပါပဲ။ ဒါမျိုးတွေရေးပြလို့ “မောင်ကိုတိုး တစ်ယောက်ဖြင့် စူစကာ ပုဏ္ဏား လှူတာအကုန်စား .. စားချင်ရှာလွန်းလို့ Blog ပေါ်ထိ လာရေးရတယ်” လို့ပြောလည်း ပြောစရာဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဆိုလိုချင်တာက ကျွန်တော့်ဘ၀ရဲ့ မန္တလေးမှာ ဖြတ်သန်းခဲ့တဲ့ သူငယ်ချင်းတွေနဲ့ပတ်သက်တဲ့ ညီရင်းအကိုသဖွယ် ပေါင်းသင်းဆက်ဆံရင်းနှီးမှု့မျိုးဟာ .. နိုင်ငံခြားဆိုတဲ့ နေရာတွေမှာ မရတော့တဲ့ အကြောင်းလေးတစ်ခု အနေနဲ့ ရေးပြရခြင်းပါ။
လက်ဝဲမှ လက်ယာသို့ - “အစဉ်အရမ်းမိတဲ့ ရှင်ဂွမ်းဂွိ” လို့ ပြောရလောက်တဲ့ ဘေဘေး၊ မွန်မွန်၊ အမြဲတမ်း တကျက်တကျက်ရန်ဖြစ်တတ်တဲ့ မနီလာ .. နောက်ကတော့ မင်းလေး မင်းကြီး နတ်ဝင်နေတဲ့အလား လက်ညိုးလေးတွေကိုယ်စီထောင်ထားတဲ့ ကျွန်တော်၊ ကျော်ကြီး နဲ့ တင်ထွန်းအောင် တို့ အညာဒေသရဲ့ Parado ပေါ်တွင် (မိုးလေးတွေ မှိုင်းညို့နေတဲ့ အချိန်မှာ .. မုံရွာနားက ရွာလေးတွေဟာ တော်တော်လေး လှတယ်)
မုံရွာဖိုဝင်တောင်ရောက် သူငယ်ချင်းကျော်ကြီး နှင့် ကျွန်တော်

ကိုတိုး

Nov 27, 2006

မမှန်းပါနဲ့ မိမုန်းရယ်

၁၉၉၆ခုနှစ်ရဲ့ ဆောင်းပေါက်ခါစ တစ်ရက်မှာပါ . . . . .

မန္တလေးတက္ကသိုလ် မိန်းဆောင် (Main Building) ရဲ့လှေကားတစ်တွေမှာ ပထမနှစ် အသစ်စက်စက် ကျောင်းသားတွေဖြစ်တဲ့ ကျွန်တော် နဲ့ ကျွန်တော့် သူငယ်ချင်းနှစ်ယောက် ထိုင်နေကြရင်း မိန်းကလေး လှလှလေးတွေကို ငမ်း နေကြတာတော့ အမှန်ရယ်ပါ။

ထိုအချိန်ပျာပျာသလဲ ရောက်လာတာက ပဲပင်ပေါက်လက်ရေး ပိုင်ရှင်သူငယ်ချင်းတစ်ယောက်။ ထိုပဲပင်ပေါက် လက်ရေးပိုင်ရှင် တောင်ပေါ်သားသူငယ်ချင်းရဲ့ စကားအဆိုအရ သူအသည်းအသန် လိုက်နေတဲ့ ကောင်မလေးကို စိတ်ဆိုးအောင် ဘာတွေသွား လုပ်လာမှန်းမသိ၊ သူရေးထားတဲ့ တောင်းပန်စာကို ကျွန်တော်က လက်ရေးလှလှနဲ့ ပြန်ကူးပေးရန် လာပြီးအကူအညီ လာတောင်းတယ်လေ။ ကျွန်တော်ဆိုတဲ့ကောင်က ဒါမျိုးဆိုရင် ကူညီချင်တာက ရှေ့ဆုံးက။ ကျောင်းမှာတုန်းက မိန်းမချောလေးတွေရဲ့ ပန်းချီပုံတူဆွဲရန်၊ ကဗျာစာအုပ်တွေအတွက် ရုပ်ပုံများရေးဆွဲရမည် ဆိုလျှင် ဒီကကောင်က အခမဲ့ အိပ်စိုက်ကူညီရန်ဝန်မလေးသူ။ ဒါနဲ့ဘဲ ကျောင်းထဲက လက်ဘက်ရည်ဆိုင်တစ်ခုမှာ သူငယ်ချင်းတွေနဲ့သွားထိုင်ရင်း သူရေးထားတဲ့ စာလေး သုံး လေးကြောင်း ကို ရည်းစားစာ ရေးလျှင် သုံးတဲ့ စာရွက်လှလှလေးပေါ်မှာ ကူးပေးလိုက်တယ်။ မှတ်မှတ်ရရ အဲဒီတောင်ပေါ်သားလည်း ပျော်ပြီး သူစားထားတဲ့မုန့်ဖိုးတောင် မရှင်း ‘‘ငါ စာ သွားပေးလိုက်အုံးမယ်လို့’’ ပြောပြောဆိုဆိုနဲ့ ထပြေးလေရော။

နောက်တစ်နေ့ ကျောင်းခန်းရှေ့မှာ သူငယ်ချင်းတွေနဲ့ စကားပြောနေတုန်း ကောင်မလေးတစ်သိုက် ရောက်လာပြီး အဲဒီထဲမှ စာပေးခဲ့ရတဲ့ အနှီကောင်မလေးက တောင်ပေါ်သားကို လွယ်အိပ်နဲ့ပစ်ပေါက်ပြီး ‘‘နင်လို အကောင်မျိုးကို ငါက ဘာကိစ္စနဲ့ မှန်းရ မှာလဲ xxxxxxxxxxxxx’’ လို့အော်ရော၊ ပြီးတော့ဘာစကားတွေမှန်းတောင် မသိတော့ပါဘူးဗျာ၊ သူ့သူငယ်ချင်းတွေကပါ မရပ်မနား တောင်ပေါ်သားကို ပြောဆိုပြီး သူပေးခဲ့တဲ့စာနဲ့ မျက်နှာကို ပစ်ပေါက်သွားလေရော။ သူငယ်ချင်းတွေအားလုံးနဲ့ တစ်ခြားကျောင်းသူ ကျောင်းသားတွေကတော့ ပါးစပ်ဟောင်းသားနဲ့ ‘‘ဘာလဲ ဟ’’ ပေါ့။ သူငယ်ချင်း မျက်နှာကတော့ ရဲတောက်၍ ကြောင်တောင်တောင် ဖြစ်နေရှာပါတယ်။

မနေနိုင်တဲ့ ကျွန်တော်က လုံးထွေးနေတဲ့စာလေးကို ဖြီပြီး အခြားသူငယ်ချင်းတွေနဲ့ ဖတ်မိတယ်။ စာက ကျွန်တော့်လက်ရေး အတိုင်းပါပဲ။ ရုတ်တရက် သူငယ်ချင်းတစ်ယောက်က ‘‘သေဟေ့ သေသေ’’ ‘‘ဟေ့ကောင် မင်း (မုန်း) ကိုပေါင်းတာ (မှန်း) ဖြစ်နေပြီကွ’’ ဟုတ်ပါသည် (တစ် ခေါင်း ငှင်) အစား (ဟတ် ထိုး) များနှင့်ပေါင်းမိ၍ စာမှာ ‘‘နင် ငါ့ကို မှန်းနေလား၊ နင် ငါ့ကို မှန်း နေတယ်ဆိုတာ ငါသိပါတယ်၊ ငါ့ရဲ့ လုပ်ရပ်တွေအားလုံးကလည်း နင် မှန်းလည်း မှန်းလောက်စရာပါပဲလို့ ငါသိနေပြီးသားပါ။ ဒါပေမဲ့ နင်ငါ့ကိုနောက်ထပ်ပြီးမမှန်း ဖို့ ငါတောင်းပန်ပါတယ်’’ ဟူ၍ ဖြစ်သွားတယ်။ ‘‘သေကွာ’’ ဆိုတဲ့နောက်ဆုံးမှာတော့ သူငယ်ချင်းကိုတော့ ‘‘ငါ စာလုံးပေါင်းမှားသွားလို့ ငါ့ကိုခွင့်လွှတ်ပါကွာ’’လို့ တောင်းပန်လိုက်ပါတယ်။ သူက ‘‘ရပါတယ်’’ လို့ ငိုသံပါကြီးနဲ့ ဖြေလိုက်ပါတယ်။ အမှန်တကယ် စာထဲမှာ အဲဒီကောင်မလေးနာမည်ကို စာထိပ်မှာရယ် တောင်ပေါ်သား နာမည်ကို စာရဲ့အောက်မှာရယ် ကလွဲလို့၊ စာရဲ့ အဓိပ္ပာယ်အရင်းက ရှင်းပါတယ် . . . . . ‘‘နင် ငါ့ကို မုန်းနေလား၊ နင်ငါ့ကို မုန်းနေတယ်ဆိုတာ ငါသိပါတယ်၊ ငါ့ရဲ့ လုပ်ရပ်တွေအားလုံးကလည်း နင် မုန်းလည်း မုန်းလောက်စရာပါပဲလို့ ငါသိနေပြီးသားပါ။ ဒါပေမဲ့ နင်ငါ့ကိုနောက်ထပ်ပြီးမမုန်း ဖို့ ငါတောင်းပန်ပါတယ်’’ ဆိုတာပါပဲ။ သူရေးခိုင်းလို့ သာရေးပေးလိုက်ရပါတယ် သူနဲ့ အဲဒီကောင်မလေး အကြောင်း၊ သူ့နဲ့ဘာပြဿနာတွေ ဖြစ်ခဲ့သလဲ ဆိုတာကိုလည်း အဲဒီတုန်းက မသိရိုးအမှန်ပါ။ နောက် မေးကြည့်တော့မှာ စတွေ့လို့ ရည်းစားစကား လိုက်ပြောရုံ အဆင့်သာ လို့သိလိုက်ရတော့တာပါပဲ။ စာရေးတုန်း ဘေးမှာရှိခဲ့တဲ့ သူငယ်ချင်းက စပ်စပ်စုစု စာကိုဝင်ဖတ်ပြီး သူထသွားတော့ ‘‘ဒီကောင် တောင်ပေါ်သား ရည်စားစာပေးတာ ပြတ်တယ်ကွ၊ ကောင်မလေး ဖတ်ချင်အောင် ကဗျာလေးတောင် ထည့်မရေးဘူးလို့’’ ဟာသလေးတောင် နှောလိုက်ပါသေးတယ်။

အဲဒီတုန်းကတော့ ကျွန်တော်တို့သူငယ်ချင်းတွေ သူ့အတွက် အနှီကောင်မလေးဆီသွားပြီး ဖြစ်ကြောင်းရယ်မှ ကုန်စင် ပြောပြခဲ့ပါသေးတယ်။ ဒါပေမဲ့ အပြောကြီးတဲ့ရွှေမင်းသမီးက မာနတွေအပြတ်ကြီး ပြနေလေရဲ့။ ကြီးလည်းကြီးချင်စရာ ဘာကြောင့်လဲဆိုတော့ သူ့ကိုလိုက်တဲ့ ဘဲတွေ ငနဲတွေက တစီတတန်း၊ တို့တောင်ပေါ်သားလည်း အပါပေါ့ သူ့ကိုယ်သူ ရုပ်ရှင်မင်းသမီးများ မှတ်နေတာလားမသိ သို့တည်းမဟုတ် ရုပ်ရှင်ရိုက်ကွင်းတစ်ခုတွင် သရုပ်ဆောင်နေတယ်လို့ ထင်နေသလားတော့ မသိရိုးအမှန်ပါ၊ စိတ်ဆိုးမာန်ဆိုးနဲ့ ဒေါသအမျိုးမျိုးကိုထွက်နေတဲ့ အမူအရာတွေ အမျိုးမျိုးလုပ်ပြနေတော့တာပါပဲ။ မျက်နှာကို ရှုံမဲ့၍ နှုတ်ခမ်းစူ နှုတ်ခမ်းပြတ်မတတ် ကိုက်ပြနေတော့တာပါပဲ။ နောက်ဆုံး ‘‘ရှင်တို့အခုထွက်သွား၊ အခုထွက်မသွားရင် ပါချုပ်နဲ့ သွားတိုင်မယ်’’ ဆိုတော့မှ လက်လျှော့လိုက် ရပါတော့တယ်။

သူငယ်ချင်းတစ်ချို့ကတော့ စစနောက်နောက်နဲ့ ‘‘မင်းတော့ ဒါ သီးသန့် ဇာတ်လမ်းတော့လုပ်ချလိုက်ပြီ’’ လို့ ဆိုကြပါတယ်။ တစ်ယောက်သော သူငယ်ချင်းကတော့ ‘‘နင် ဒါတော်သေးတယ် ငါဆိုရင်တော့ ပါးကျိုးအောင်ရိုက်မယ်’’ လို့ ဆိုရော။ ကျွန်တော်လည်း အဲဒီတုန်းက စိတ်တော်တော်ညစ်ခဲ့ရတယ်။ သူငယ်ချင်းတစ်ချို့ကတော့ ‘‘ခေါက်ထားလိုက်ပါ သူ့ကိစ္စ သူ့ဘာသာ ရှင်းလိမ့်မယ်၊ မင်းဘာမှ စိတ်ညစ်မနေနဲ့လို့’’ဆိုပါတယ်။ ညနေဖက် အမကြီးတွေအဆောင်ကို သွားလည်တော့ (ကျွန်တော်တို့အခေါ် အစ်မကြီးတွေပေါ့၊ ဘာကြောင့်လဲ ဆိုတော့ သူတို့က 4th year ကျောင်းသူကြီးတွေပါ။) သူတို့ကတော့ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်ကို ‘‘ငါ့မောင်တို့ရယ် အသစ်ကလေးတွေမို့လို့ ဒါလောက်အကဲပိုပြနေတာပါ’’ လို့ နှစ်သိမ့်ရှာပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ စာလုံးပေါင်း မှားပေါင်းမိတာကလွဲလို့ တခြားဘာစိတ်ကူးမှ မရှိခဲ့ပါ။ နောက်ရက်များမှာတော့ တောင်ပေါ်သားလည်း ကျွန်တော့်အပေါ်အရင်လိုမဟုတ်တော့၊ သူငယ်ချင်းအဖြစ်ပေါင်းသင်းဆက်ဆံမှု့နဲ့ အပြုံးအရယ်ကိုပါ တစ်ဝက် ကျော်ကျော် လျှော့ချလိုက်တာကိုတော့ သတိထားမိလိုက်ပါတယ်။ နောက်ကျောင်းပိတ်လို့ သူတို့တွေလည်း နယ်တွေကို အသီးသီး ပြန်သွားကြပါတယ်။

နောက် လအတန်ကြာတော့ အိမ်နားက ခေါက်ဆွဲဆိုင် အသွား အနောက်ကနေ နာမည်ခေါ်သံကြားလို့ လှည့် ကြည့်တော့ တောင်ပေါ်သား၊ ဆိုင်ကယ်နောက်ကတော့ ကောင်မလေးတစ်ယောက်။ ထင်တဲ့အတိုင်းပါပဲ သူ့ရည်းစားလို့ မိတ်ဆက်ပေးပါတယ်။ နောက်တော့ လက်ဘက်ရည်ဆိုင်သွားထိုင်ပြီး ကျောင်းကသူငယ်ချင်းအကြောင်းတွေကို နာရီ အတော်ကြာ တ၀ကြီးထိုင်ပြောကြတယ်။ သူ့ကို ‘‘မိမုန်းနဲ့ရောတွေ့သေးလားလို့’’ မေးတော့ ‘‘တော်ပါတော့’’လို့ ရယ်ပြီးပြောပါတယ်။ နောက်နှစ်အနည်းငယ် အကြာမှာတော့ မိမုန်းတစ်ယောက် နယ်မှာ လင်ရ . . . . . အဲလေ . . . . . အိမ်ထောင်ကျသွားတယ်လို့ ကျောင်းက စကားဝိုင်းတစ်ခုက ကြားရပါတယ်။

နှုတ်တစ်ရာ စာတစ်လုံး ဆိုတာ ဒါမျိုးကိုလည်း ဆိုလိုနိုင်ပါတယ်။ ယခုထက်ထိအောင် ကျွန်တော်ကတော့ စာလုံးပေါင်းမှားမြဲ မှားနေဆဲပါပဲ။ ကလေးကျောင်းသားဘ၀ကတော့ ဆရာမတွေက "နင် ရှန်းလို့" ဆုမရတာလို့ ဆိုကြပါတယ်။ ရုံးမှာလည်း တစ်ခါတစ်လေ စာလုံးပေါင်းမှားမိလို့ လူကြီးတွေရဲ့ သတိပေးခြင်းကို ခံခဲ့ရသေးတယ်။ ဒါပေမဲ့ လုပ်ရပ်တိုင်းမှာက ကျွန်ပျူတာလို Undo နှိပ်၍ နောက်ပြန်သွားလို့ မရပါ။ မမှားတာပဲကောင်းပါတယ်။

ဒီလောက်ပါပဲ။ ယခုဆိုရင်တော့ ဒီအကြောင်းအရာလေးက ၁၀ နှစ်ပြည့်တော့မည်။ ကျွန်တော့်ဘ၀မှာ ကျွန်တော်ချစ်တဲ့ မန္တလေးမြို့ရယ်၊ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ခဲ့ကြတဲ့ မန္တလေးတက္ကသိုလ်ရယ် ကိုတော့အမြဲအမှတ်ရနေဆဲပါ။ ရင်ထဲအသည်းထဲက ခံစားမှု့တွေကတော့ စာစီကုံးလည်း လက်ရှုံးရုံသာ ဖြစ်ပေတော့မည်။ ရေးမပြတတ်တော့ပါ။

ဒီလောကမှာ တောင်းပန်တိုင်းလည်း လွယ်လွယ်နဲ့ခွင့်မလွှတ်တတ်ကြသော မိမုန်းလေးများ နှင့် မိမုန်းကြီးများလည်း ဆက်၍ မှန်းနိုင်ကြပါစေ . . . . . အဲ . . . . . မုန်းနိုင်ကြပါစေ။

အမှားပါရင်တော့ ခွင့်လွတ်နိုင်ကြပါစေ။

ကိုတိုး