Jan 28, 2007

ကျွန်တော်နှင့် သူငယ်ချင်းများ (၄)


ရှမ်းလူမျိုးများ ပြောတာဆိုတာ ဘယ်လောက်ရိုးသားပွင့်လင်းသလဲဆိုရင် ..

တစ်ခါသားပေါ့ဗျာ ..

ကျောင်းက သူငယ်ချင်းတွေကို မန္တလေးကဘုရားပွဲတစ်ခုကို ခေါ်သွားလေရဲ့။ ဘုရားပွဲဆိုတော့လည်း အငြိမ့်ပါတာပေါ့။ ဒါနဲ့ အငြိမ့်ကြည့်ချင်ကြတယ်ဆိုတော့လည်း ရပ်ကြည့်ရတာပေါ့။ အဲ .. ခဏအကြာမှာတော့ ရှေ့နားမလှမ်းမကမ်းမှာ ရပ်ကြည့်နေတဲ့ သူငယ်ချင်း ရှမ်းကလေး တစ်ယောက် အနားကို အခြောက်သုံးလေးယောက်လောက် ရောက်လာတယ်။ ဒါနဲ့ အခြောက်တို့ပီပီ လက်သရမ်းတော့ .. “နင်နဲ့ငါ” နာမ်စားသုံးပြောလေ့ရှိတဲ့ သူငယ်ချင်းရှမ်းကလေး အော်လိုက်ပုံက “ဟေ့ကောင် .. နင့်မှာလဲ ငါ့လိုဟာမျိုးရှိရဲ့သားနဲ့ .. ငါ့ဟာကို ဘာလို့လာကိုင်ရတာလဲ .. နင့်ဟာ နင်ကိုင်ပါလား” တဲ့ဗျာ။ ထိုအော်သံကြောင့် .. မပြုံးပဲ ၀ါးလုံးကွဲ ရယ်တာက ကျွန်တော်တို့သူငယ်ချင်းတစ်သိုက်နဲ့ ဘေးကကြားတဲ့သူတွေပေါ့ ဗျာ။

ကိုတိုး

Jan 22, 2007

ကျွန်တော်နှင့် သူငယ်ချင်းများ (၃)


တက္ကသိုလ်တက်ခါစ ကျောင်းသားဘ၀ကပေါ့။ ကိုတိုးတို့ သူငယ်ချင်းတစ်သိုက် ညနေစောင်းရင်တော့ ဆိုင်ကယ်ကိုယ်စီနဲ့ လူပျိုလှည့်ထွက်ရတာက အမောသားပေါ့ ဗျာ။ လူပျိုလှည့်တဲ့ နေရာတွေကလည်းများများစားစားရယ်လို့မဟုတ်ပါဘူး။ ကောင်မလေးအိမ်နား ဝေ့ကာဝိုက်ကာနဲ့ပေါ့။ ကောင်မလေးကို မတွေ့လည်း သူနေတဲ့ တိုက်ကို ပြုံးကြည့်ပြန်လာရုံပဲပေါ့ ဗျာ။ နောက်တော့ ... သူငယ်ချင်းများသွားရာ မန္တလေးတက္ကသိုလ်နားက အမျိုးသမီးဆောင်တွေလည်းပါသပေါ့။ အဆောင်က မမတို့ကတော့ ဘာပျူငှာလည်းတော့ မမေးလိုက်ပါနဲ့။ (မှတ်ချက်။ ။ပျူငှာကြမှာပေါ့ ဗျ ... “မောင်လေးတို့ရေ ... ဟိုနားလေးလိုက်ပို့ပါဦး” .. “ကောင်လေးရေ ... ဒီနားလေးလိုက်ပို့ပါဦး” ဆိုပြီး ... ခိုင်းကောင်းလို့ပေါ့ ဗျာ။) တစ်ချို့ကလည်း ဘဲတွေ ငနဲတွေ ပိုင်ရှင်တွေ ရှိပါလျှက်နဲ့ “မောင်လေးတို့ရယ် မမတို့မှာလေ မင်းတို့မလာရင် ပြင်းလွန်းလို့” ဆိုပြီး အပြတ်ကိုချွှဲပြတတ်ကြတဲ့ မမမင်းသမီးများလည်း ရှိသေး ဗျာ။

အင်း ... ဇာတ်လမ်းကတော့ ဒီကစရမယ် ...

တစ်ရက် သူငယ်ချင်းတစ်ယောက်နဲ့ အဆောင်ဘက်ကို အလည်သွားပြီးပြန်အလာ။ ညနေစောင်းလို့ တော်တော်လည်းမှောင်နေလေပြီ။ ကျွန်တော်က ဆိုင်ကယ်မောင်းတယ်၊ သူကနောက်ကနေထိုင်လိုက်လာတယ်။ ဒါနဲ့ မန္တလေးက ၈၁ လမ်းအတိုင်းမောင်းအလာ ၃၆ လမ်းလောက်အရောက်မှာတော့ အင်မတန်ကို ချောမောလှပတဲ့ နတ်မိမယ်လေးတစ်ပါးကို စတွေ့လိုက်သူက ကျွန်တော့်သူငယ်ချင်းပါ။ “ကိုတိုး .. ကိုတိုး ဟိုမှာဟိုမှာ ဆော်လေးမိုက်တယ် .. ဟ” ဟုနောက်ကနေ အလှန့်တကြားအော်လိုက်ပါတယ်။ ဟုတ်ပါတယ်ဗျာ .. ကောင်မလေးက တော်တော့်ကို လှတဲ့ ကောင်မလေး၊ သူ့ကြည့်ရတာ တော်တော်လေးလှပါတယ်ဗျာ မျက်နှာလေးကလည်း ၀င်း၊ နှာတံလေးကလည်း စင်း၊ အသားလေးကလည်း ချော ဆိုက္ကားအနောက်မှာ ပေါင်ပေါ်ဈေးခြင်းလေးတင်ပြီး ထိုင်လိုက်လာပါတယ်။ ကောင်မလေးကတော့ အသက်ကတော့ ၂၀ ၀န်းကျင်လောက်တော့ ရှိမယ်ထင်တယ်။ ဆိုက္ကားအရှေ့မှာတော့ အနောက်ကနေ လူမမြင်ရပေမယ့် အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်လို့တော့ ထင်မိတယ်။ “ကိုတိုး နောက်ကနေအိမ်လိုက်ကြည့်ရအောင်” လို့ပြောတဲ့ အဆုံးမှာ ဆိုင်ကယ်လက်ကိုင်က သူထိုင်လိုက်လာတဲ့ ဆိုက္ကားအနောက်ကနေ ဦးတည်နေပါပြီ။

ဒါနဲ့ သူ့နောက် ခပ်လှမ်းလှမ်းကနေ လိုက်လာပြီး ခဏကြာတော့ ထိုရွှေမင်းသမီးက စပြီးပြုံးပြပါတယ်။ နောက်ကကောင်ကတော့ “ဟ ဟ .. ဟေ့ကောင် ဟေ့ကောင် ဟိုမှာ ငါတို့ကို ပြုံးပြတယ် ကွ” .. လို့အလန့်တကြား အော်ပါလေရော။ ကျွန်တော်ကတော့ “ဒါဆိုရင်တော့ အခြေအနေမဆိုးဘူးကွ .. မီးစိမ်းပြနေတယ်လို့ဆိုရမှာပေါ့”။ ဒါနဲ့ ဟိုကောင်ကဘာအတွေးတွေပေါက်သွားလည်းတော့ မသိ .. ဘာစပြောတယ်များမှတ်သလဲ ဗျာ ... “ဟေ့ကောင် ကိုတိုး မင်းမှာ ကြိုက်စရာ ဆော်ရှိတယ်ကွ” “ဒါလေးတော့ ငါ လိုက်မယ်ကွာ ... ဆိုင်ကယ်ကို မင်းမမောင်းတော့နဲ့ ငါပဲမောင်းမယ်လို့” ပြောပြောဆိုဆို ဗျာ။ ကျွန်တော်ကတော့ “မင်းက ဘကြီးတောင် မသေသေးဘူး ... အမွေလိုချင်နေပြန်ပြီ” ဆိုပြီး ဆိုင်ကယ်ကို ဘေးထိုးရပ်လိုက်ပါတယ်။ ဒါနဲ့ သူကဆိုင်ကယ်ကို ရှေ့ကမောင်းပြီး ကျွန်တော်ကနောက်ကထိုင်လိုက်ရင်း အဲ့ဒီ ရွှေမင်းသမီး စီးလာတဲ့ ဆိုက္ကားရဲ့အနောက် ခပ်လှမ်းလှမ်းကနေ မောင်းလာလေရဲ့ ဗျာ။ အဲ့ဒီကောင်လည်း ရွှေမင်းသမီးကို ဆိုင်ကယ်အရှေ့ကမောင်းရင်း ဘာတွေသွားလုပ်ပြလည်းမသိ .. နောက်တော့ ရွှေမင်းသမီးက လျှာထုပ်ပြလိုက် မျက်စိမှိတ်ပြလိုက် နဲ့ ဟုတ်နေတော့တာပဲ။ ကျွန်တော်ကတော့ “ဟေ့ကောင် မင်းကပ်ပြီးတော့ စကားမပြောလိုက်နဲ့ ဘာဖြစ်လို့လဲဆိုတော့ အရှေ့မှာ သူ့ဘွားတော်ကြီးလားမသိဘူး၊ တော်ကြာ ကွိုင်တက်နေလိမ့်အုံးမယ်” လို့ပြောတော့ “ဟေ့ကောင် ကိုတိုး ... ငါတို့အကြည်ဆိုက်နေတဲ့ ကိစ္စကို မင်းမနာလိုမဖြစ်စမ်းပါနဲ့” လို့ မောင်မင်းကြီးသားကနောက်လှည့်ပြောပါလေရဲ့ ဗျာ။ သူ့စကားကြောင့် လူကတော့ အောင့်သက်သက်ပေါ့။

ရွှေမင်းသမီးကလည်း လှလည်းလှပါပေရဲ့ဗျာ။ မြင်သူတကာငေးလောက်တယ်။ မောင်ကိုတိုးတစ်ယောက် “ရွှေမင်းသမီး” အဖြစ်တင်စားထားတာကတော့ ခြေဆုံးခေါင်းဆုံး ကြည့်ထားခြင်းကြောင့်ပါ။ (မှန်တာပြော ချမ်းသာပါရစေ) ဟိုကောင်နဲ့ ရွှေမင်းသမီးတို့ကတော့ ကြည်နူးနေကြပုံပဲဗျာ။ နောက်ကထိုင်လိုက်လာတဲ့ မောင်ကိုတိုး မျက်လုံးထဲမှာတော့ ဆိုင်ကယ်မီးရောင်အောက်က ရွှေမင်းသမီးရဲ့ အမူအရာတွေဟာ မင်းသမီးထက်ထက်မိုးဦးလား အမှတ်ရမိပါရဲ့ ဗျာ။ မျက်စပြစ်ပြလိုက်၊ မျက်လုံးမှိတ်ပြလိုက်၊ နှာခေါင်းရှုံပြလိုက်၊ ပြုံးပြလိုက်နဲ့ အမူအရာတွေကစုံစနီဖာပါပဲ ဗျာ။ ဒါနဲ့ ၂၉လမ်းကျော်လို့ မန္တလာဆေးခန်းနားအရောက်မှာ ဆိုက္ကားရပ်လိုက်ပါတယ်။ ကျွန်တော်တို့ဆိုင်ကယ်လည်း ဆေးခန်းနဲ့ မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းတနေရာမှာ ထိုးရပ်လိုက်ပါတယ်။ ကျွန်တော်တို့အထင်ကတော့ သူ့အမေလား ဘာလားတော့ မသိ ထိုအမျိုးသမီးကြီးနေမကောင်းဖြစ်လို့ဆေးခန်းလာတာလား ပေါ့ဗျာ။ ဒါပေမယ့် ဆိုက္ကားအနောက်ကစဆင်းတဲ့ ထိုရွှေမင်းသမီးကို မြင်တော့ နှစ်ယောက်သားပြိုင်တူအော်လိုက်တာက “ဟာ ဟာ .. ဗိုက်ကြီးသယ်ကြီး” ဆိုတာပါပဲဗျာ။ ဟုတ်ပါတယ် မှားစရာမရှိပါ ဗိုက်ကြီးသယ်မှ ဗိုက်ကြီးသယ်ပါ ဗျာ။ ဗိုက်ကြီးခါစလားတော့ မသိ။ “ပူ”တာလား “စူ”တာလားတော့ မသိ ဗိုက်ကတော့ ပူတာမှ တော်တော်လည်းကြွတက်နေပြီ ဗျာ။ ကျွန်တော်ကတော့ ဘာရယ်မှန်းမသိတော့ ရီလိုက်တာက အူတက်မတတ်ပဲဗျာ။ ဘေးကလူတွေကတော့ ကျွန်တော့်ကို ကြည့်ပြီး ဒီကောင်ဘာများ ဖြစ်သွားတာလည်း ပေါ့။ ဟိုသူငယ်ချင်း မောင်မင်းကြီးသားရဲ့ မျက်နှာမှာ ရှက်ရာတွေချည်းပါပဲ ဗျာ။ တစ်ခဏအတွင်းမှာပဲ “ဟေ့ကောင် ကိုတိုး လာသွားမယ်လို့ ဆိုပြီး” နောက်တောင် ပြန်လှည့်မကြည့်တော့ပါဘူး ... ထိုနေရာနားကထွက်ခွာခဲ့ရတော့တာပါပဲ။

ဒီအဖြစ်လေးကို သူငယ်ချင်းတွေကြား ရယ်စရာတစ်ခုအနေနဲ့ ပြန်ပြောပြတတ်စမြဲပါ။ တစ်ချို့ကတော့ “မင်းတို့ကတော့ အ ပါကွာ .. ဗိုက်ကြီးသယ် မှန်းတောင် မရိတ်မိဘူးလား” လို့မေးကြတိုင်း “ဘယ်သိမလဲ ... ဗျာ ... သူက ပေါင်ပေါ်တင်ထားတဲ့ ဈေးခြင်းနဲ့ကွယ်ထားလို့” ဆိုပြီး ပြန်ဖြေရတယ်။ သူငယ်ချင်းအချို့ကတော့ “သူ့မှာ ပိုင်ရှင်လိုနေလို့ နေမှာပါကွာ ... တာဝန်ယူလိုက်ပါ ကုသိုလ်တောင်ရသေး”လို့ စကြပေမယ့် တစ်ချို့ကြတော့လည်း “မင်းတို့ ကာမေသု မိစ္ဆာစာရာကံတော့ ကြွပြီ” လို့စကြတယ်။ ဒါပေမယ့် သူငယ်ချင်းတစ်ယောက်ကတော့ “ဗိုက်ကြီးသယ်လည်း မဟုတ်ဘူး၊ ကာမေသု မိစ္ဆာစာရာကံလည်း မကြွဘူး .. အဲ့ဒီဆော် အပေါစားအရက်တွေသောက်ပြီး ရေဖျင်းစွဲနေတဲ့ ဗိုက်ကို လာပြတာ” လို့ ဟာသနှောပြောတော့ ရယ်ရတာ ပွက်လောညံပေါ့ ဗျာ။ (သူငယ်ချင်းတစ်ယောက်က သူနဲ့ သူ့သူငယ်ချင်းတွေလည်း မန္တလေးဘူတာရုံမှာ အလားတူအဖြစ်မျိုးလို ပုံစံမျိုးကိုကြုံခဲ့ဖူးကြောင်း ပြောပြပါတယ်)

ဒါပေမယ့် ထိုဗိုက်ပူမ ဘာကြောင့် မူယာမာယာအိုက်တင်တွေကို အမျိုးမျိုးလုပ်ပြခဲ့သလဲ ဆိုတာကိုတော့ မတွေးတတ်တော့ပါဘူး ဗျာ။

ကိုတိုး

Jan 19, 2007

ကျွန်တော်နှင့် သူငယ်ချင်းများ (၂)


မှတ်မှတ်ရရ . . . . . ၉တန်းကျောင်းသားဘ၀ကပေါ့ ဗျာ။ အဲ့ဒီ ကောင်မလေးက ညိုချောလေး ဗျ။ ကျွန်တော်တို့တစ်တွေကတော့ သိတော်မူကြတဲ့အတိုင်းပဲ ဗျာ ... မိန်းကလေးတွေ အိမ်ရှေ့ဖြတ်တိုင်း ပေါက်ကရလေးဆယ်ထဲမှ တစ်ခုကိုအော်ရမှ ထမင်းစားမိန်မည့်သဘောရှိလေးလားတော့ မသိ .. အဲ့ဒီ ကောင်မလေး အိမ်ရှေ့ရောက်ရင်တော့ “အချစ်ဆုံးလေး အသည်းလေး ပူတူးတူးလေး” ရဲ့နောက်မှာ သူ့နာမည်ကိုပါတွဲ အော်လေ့ရှိတယ်။
မန္တလေးမှာကတော့ သိတဲ့အတိုင်း တစ်ချို့အိမ်တွေက ညနေဆိုရင် မိသားစုလိုက် အိမ်ရှေ့ထွက်ထိုင်ကြတာများတယ်။ ဒါကတော့ မန္တလေးရဲ့ လူနေမှု့ပုံစံလို့ ပြောလည်းရမှာပါ။ အဲ .. အဲ့ဒီ ကောင်မလေးရဲ့ မိသားစု အထူးသဖြင့် သူ့အဖေ၊ သူ့အမေ နဲ့ ဦးလေး ဒေါ်ဒေါ်လေးတွေပါ ညနေဆိုရင် အိမ်ပြင်ထွက်ထိုင်တတ်ကြပါတယ်။ ကျွန်တော်တို့တစ်တွေက လူအုပ်တောင့်သလားမမေးနဲ့ အသံလည်း ဘာအောင် သလဲလို့တော့ မမေးနဲ့တော့ ဗျာ .. သူတို့အိမ်ကလူတွေရှေ့လည်း အဲ့ဒီ အသည်းလေးတို့ ဘာလေးတို့ ဆိုပြီး ကောင်းမလေးနာမည်နဲ့ပါ တွဲအော်ပါတယ်။ ကျွန်တော်တို့အဖွဲ့ဖြတ်လာတိုင်း အဲ့ဒီ ကောင်မလေးအဖေကတော့ မျက်မှောင်ကြီးကုတ်ပြီး ဒေါသမီးတွေဟုန်းဟုန်းတောက်နေတဲ့ အကြည့်နဲ့ပေါ့။

တစ်ရက်မှာ . . . . .

ကျွန်တော်တို့ အဖွဲ့ထဲက တစ်ယောက် .. အဲ့ဒီ ကောင်မလေးအိမ်ရှေ့အရောက်မှာ စက်ဘီးကို မတ်တပ်ရပ် နင်းတုန်း ချိန်းချော်သွားရာ စက်ဘီးဘောင်နဲ့ သူ့( )နဲ့ ရိုက်ပြီး ၀ုန်း ကနဲ လဲကျပြီး ကျန်နေခဲ့ပါတယ်။ ဖြစ်ဖြစ်ခြင်းတော့ ဘာရယ်လို့မသိကြပေမယ့် နောက်လှည့်ကြည့်မှ
အဲ့ဒီကောင် လမ်းမပေါ်မှာ သူ့ဟာသူကိုင်ပြီး လူးလှိမ့်နေလေရဲ့ ဗျာ။ အဲ့ဒီကောင်မလေး အဖေက ပြေးလာပြီး တတွတ်တွတ်နဲ့ ဘာတွေပြောနေမှန်းမသိ။ နောက် လမ်းသွားလမ်းလာတွေ ပါ အုံလာပြီး သူ့ကိုပြုစုနေပါတယ်။ ကျွန်တော်တို့တစ်တွေကတော့ တကယ့် သူငယ်ချင်းကောင်းပီသသူများလားတော့ မသိ .. ခပ်ဝေးဝေး လမ်းဒေါင့် တစ်နေရာမှ ရပ်ကြည့်နေပါတော့တယ် ဗျာ။ လူတွေက သူ့ကို တော်တော် နှာနှပ်ယူနေရပုံရတယ်။ ၁၀ မိနစ်လောက်အကြာမှာတော့ သူ့ဟာသူကိုင်ပြီး ကွတကွတနဲ့ မျက်ရည်တွေဝဲပြီး စက်ဘီးကိုတွန်းပြီး လျှောက်လာပါတော့တယ်။ သူ့တစ်ကိုယ်လုံးလည်း ဖုန်ပေါတဲ့ မန္တလေးမြို့ရဲ့လမ်းမပေါ်လူးထားလို့လားတော့မသိ ပေပွနေလေရဲ့ ဗျာ။ ကျွန်တော်တို့နားရောက်တော့လည်း ၀ိုင်းမေးကြပေမယ့် မျက်ရည်တွေဝဲပြီး စကားမပြောနိုင်သေးဘူး။ သူ့ဝေဒနာက တော်တော့်ကို ကြေမွတဲ့အထိ ခံစားနေရပုံပဲ ဗျာ။ (မှတ်ချက်။ ။ အဲ့ဒီ ဝေဒနာ ဘယ်လောက်ထိပြင်းသလဲဆိုတာကို ခံစားဖူးတဲ့ ယောင်္ကျားလေးများ သာသိပါလိမ့်မယ်။) တော်တော်လေး .. ကြာမှ “ဟေ့ကောင် မင်းကို ဟို .. အန်ကယ်ကြီး ဘာတွေလာအော်နေတာလည်းလို့မေးတော့” သူငယ်ချင်း ဖြေလိုက်တာက “မှတ်ပြီလားကွ .. မှတ်ပြီလားကွ .. အော်ချင်အုံးကွ ငါ့သမီးနာမည်” လို့ဖြစ်ပါတော့တယ် ဗျာ။

ကိုတိုး

Jan 17, 2007

“ရှင်သန်ခြင်း”

“ရှင်သန်ခြင်း”

ခံစားရတဲ့ ဝေဒနာတွေက
လူကို သေစေလောက်တယ်
အရင်လို ပျော်ရွှင်မှု့တွေက
ဘာရယ်မှန်းမသိတော့
စိတ်တိုင်းမကျတာက
ဘ၀ရဲ့ ခါးသီးမှု့တွေပါ
အချစ်ဆိုတဲ့ အရာကိုတော့
လက်လွှတ် အရူးပေးခဲ့ရင်း
“ရှင်သန်ခြင်း” ဆိုတဲ့
ဝေါဟာရ တစ်ခုကို
ပျော်ရွှင်မှု့တွေနဲ့
ခံစားပါရစေ . . .

Jan 13, 2007

ယနေ့ကိုတိုး

ဒီနေ့ Honour Certificate တစ်ခု ရခဲ့ပါသည်။ ထို Certificate ကတော့ Signification Contribution အတွက် Appreciation Certificate တစ်ခုဖြစ်ပြီး Web Designer/Web Developer Award အတွက်ရခဲ့ခြင်းပါ။


ဒီပုံကတော့ “အန်ကယ်” တို့ “ဦးလေး” တို့ “ဦး” တို့ မကြာမကြာ အခေါ်ခံရသော “ကိုတိုး” ဆိုတဲ့လူပါ ဗျာ။

ကိုတိုး

My Photo Gallery 7

အကောင်းဆုံး သူငယ်ချင်းများသည်ကား လည်ပင်းညစ်တတ်ကြသည်။


Title: Best Friends

My Photo Gallery 6

တခေါင်းလုံးစွတ်စွတ်ဖြူနေတဲ့ အဖိုးကြီးအဖွားကြီးများကို တွေ့ရခဲ၏။ ဒါကိုအမိအရ မှတ်တမ်းတင်ထားလိုက်ခြင်းပါ။


ဆံနွယ်တွေ ဖွေးဖွေးဖြူတဲ့အထိ ချစ်ကြသူများ

ကျွန်တော်နှင့် သူငယ်ချင်းများ (၁)


“အမာ .. ရေ .. အမာ ..” “အမာ .. မအမာ” ဟုအသံသေးအသံကြောင်များဖြင့် အော်သံများသည် ကျွန်တော်တို့ကျူရှင်မှ ညမိုးချုပ်ပြန်လာကြတိုင်းဖြစ်လေသည်။ ထို “အမာ” ဆိုတဲ့ နာမည်ပိုင်ရှင်ကား တစ်ခြားမဟုတ် လူထုဒေါ်အမာ ပင်ဖြစ်ပေသည်။ ဟုတ်ပါတယ် ... ကျွန်တော်တို့သည်ကား အသက် ၁၅ နှစ် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်အရွယ်များ၊ စက်ဘီး ကိုယ်စီဖြင့် အယောက် ၂၀ လောက်တော့ ရှိမည်ထင်သည်။ ကျူရှင်မှ ညမိုးချုပ်ပြန်လာတိုင်း ၈၄ လမ်းတစ်လျှောက်မှ အသိမိတ်ဆွေနာမည်များ၊ သူငယ်ချင်းနာမည်များ၊ နှင့် အခြားခြားသောဆိုင်းဘုတ်များကို နောက်ပြောင်အော်ဟစ်ကြသည်က ကျွန်တော်တို့အတွက်တော့ အဆန်းမဟုတ်ခဲ့ပါ။

“ဟေ့ အသည်းလေး မ(....) ကို ဒီနေ့အိမ်ပြန်နောက်ကြမယ်ဟေ့” ဟု ကောင်မလေးတွေအိမ်ရှေ့နားအရောက်တွင် အော်ဟစ်ကြခြင်း၊ “ဗျို့ ဦး(....) ယောက်ခမကြီး ကာရာအိုကေဆိုင်မှာတွေ့တယ်နော်” လို့ ထိုသို့တဖန်အော်ကြခြင်းကား ကျောင်းမှ ကောင်မလေးများရဲ့ အဖေနာမည်းများပင်၊ အတန်းဖော် ကောင်မလေးများရဲ့ အဖေ အမေ နာမည်များသိလို့ကတော့ ထိုအိမ်ရှေ့ကို ဖြတ်တိုင်း အော်ကြမည်မှာ ဧကန်။ လူထုဒေါ်အမာဆိုသည့် အဖွားကြီးတောင် အေးအေးဆေးဆေး မနေရ၊ သူ့နာမည်ကို ပင် စစနောက်နောက်အော်ခဲ့ကြတာသာ ကြည့်ပေတော့။ လမ်းတစ်လျှောက် သီချင်းတကြော်ကြော်ဆိုကြတဲ့သူက ဆို၊ အော်တဲ့လူက အော်။ ဒါကတော့ ပျော်စရာ။

သူငယ်ချင်းများထဲတွင်တော့ လူဝကြီးတစ်ကောင်ပါသည်။ အဲ့ဒီကောင်ကြီးက ဂျပန်ဆူမို နပန်းသမားလား အောင့်မေ့ရတယ်။ ၀ တာကတော့ ကမ်းကုန်နေသည်။ အသံကလည်း အောင်မှအောင်၊ သူက ကျွန်တော်တို့အဖွဲ့ရဲ့ ပင်တိုင် ရှေ့ဆောင်။ သူအော်တိုင်း နောက်မှ လိုက်အော်သူကအော် ရယ်တဲ့လူက ရယ်။ အဆိုးဆုံးကတော့ ဆရာဦးမျိုးညွှန့်ကျူရှင်ရှေ့အရောက်တွင်ပေတည်း။ ဆရာဦးမျိုးညွှန့်ဆိုသည်ကား မန္တလေးမှ နာမည်ကျော် ကျူရှင်ဆရာတစ်ဦး။ ဖက်တီးကတော့ အရှေ့ဆုံးမှ တိုင် လိုက်သည်ကား “မျိုးညွှန့် နှာခေါင်း” .. အဲဒါကို နောက်မှကျွန်တော်တို့တစ်တွေက လိုက်၍ “ပေ တစ်သောင်း” ဟုအော်ကြသည်။ ကျွန်တော်တို့ အော်တဲ့ အသံအဆုံးမှာတော့ ဆရာဦးမျိုးညွှန့် ကျူရှင်မှ စာသင်ကျောင်းသူကျောင်းသားများကတော့ ကျွန်တော်တို့တစ်တွေ အော်လိုက်တဲ့ အသံကြောင့် တ၀ါးဝါးတဟားဟား နဲ့ရယ်ပြီး ကျန်နေခဲ့ပါတယ်။
ဟုတ်လည်း ဟုတ်ရှာပါသည် ဆရာကြီးနှာခေါင်းခမျာ အိန္ဒိယလူမျိုးတွေကြား ပိုမိုထူးခြားစွာ ရှည်နေပါသည်။ နောက်ပိုင်းတော့ ညီလေးများက သူ့ကျူရှင်တက်ကြသဖြင့် ဆရာနဲ့ စကားပြောဖော်ဖြစ်ခဲ့ပါတယ်။

တစ်ခါတလေကြတော့ ၈၄ လမ်းမှပေါ်က စတိုးဆိုင်တွေကိုဝင်ပြီး အဲ့ဒီ သူငယ်ချင်းလူဝကြီးကို လက်ညှိးထိုးရင်း “အမရေ သူ့အရွယ်အတွင်းခံဘောင်းဘီ ရှိလားလို့” ၀င်မေးတဲ့ သူငယ်ချင်းများကလည်း ရှိသေးတယ်။ အများစုကတော့ “မရှိပါဘူး မောင်လေးတို့ ရယ်”လို့ ဖြေကြပေမယ့် တစ်ချို့ အရောင်းစာရေးမများကတော့ “ဟင့်အင်း ... မင်းတို့လို ဆိုဒ်သေးသေးလေးတွေ အတွက်တော့ ရှိတယ်” လို့ အထင်အမြင်သေးတဲ့ အကြည့်နဲ့ပါတွဲပြီး
ပြန်ရွဲ့ပြောခဲ့ကြပါသေးတယ် ဗျာ။

ဘာရယ်မှတော့ မဟုတ်ပါ၊ လူငယ်တို့ဘာသာဘာဝ နောက်နောက်ပြောင်ပြောင် ဟေးလားဝါးလား အော်ကြခြင်းများကို ပြန်ပြောင်းသတိတရဖြင့် ရေးလိုက်ခြင်း ဖြစ်ပါတယ်။

နားလည်ခွင့်လွှတ်နိုင်ကြပါစေ

ကိုတိုး

Jan 9, 2007

တစ်ခါသုံး အချစ်

တစ်ခါသုံး အချစ်

ထားခဲ့ပါ အချစ်ရယ်
မင်းဘ၀ သူနဲ့ပျော်
မပျော်သော အပြုံးတွေနဲ့
ဘ၀ကို ရှေ့ဆက်ရင်း
ရှင်သန်နေတဲ့
နှလုံးသားတစ်ခုကို
ဘ၀ရဲ့နောက်ဆုံးရက်များတိုင်
လေရှူဖို့သာ သုံးပါ့မယ်

ကိုတိုး

Jan 8, 2007

“မဟိုဒင်း”

“မဟိုဒင်း”

အပြုံးများနဲ့
အဖော်ကွဲ အရှုံးသမား မို့
ပစ်ခွာသွားတဲ့
ချစ်ရတဲ့ “မမ” ကို
အသစ်ရှာမထားတဲ့ မေတ္တာနဲ့
နာမ်စားသုံး ခေါ်လိုက်တယ်
“မဟိုဒင်း” တဲ့လေး

ကိုတိုး

Jan 6, 2007

ရှင်းပြဖို့တော့ တော်တော်ခက်လိမ့်မယ် (၄)


ဒါကတော့ ကျောင်းတုန်းက အကြောင်းလေးဖြစ်ပေမယ့် ရိုင်းတယ်ထင်ရင် ခွင့်လွတ်ကြပါ။

“ဟို .. စာအုပ်ဗျာ ..... ဟို .. ပုံတွေ .. ဟို .. စာတွေပါတဲ့ စာအုပ်တွေ .......... ဟို .. ပုံတွေ၊ ဟို .. စာတွေ ဆိုတာ .. ဟိုဟာ .. တွေဗျာ၊ ဟိုဒင်း ပုံတွေနဲ့ ဟိုဒင်းစာတွေဗျာ” အဲဒီစာအုပ်တွေကို ကျွန်တော်တို့ကျောင်းသားဘ၀က စိတ်ဝင်တစားဖတ်ကြ၊ ကြည့်ကြပါတယ်။ ဒါနဲ့ တစ်ရက်ကျတော့ သူငယ်ချင်းတစ်ယောက်က ထိုစာအုပ်တွေကို အတန်းထဲယူလာပါတယ်။ ကျွန်တော်တို့လည်း “မမြင်ဖူး မူးမြစ်ထင်” တစ်ယောက်ကိုတစ်ယောက်လက်ဆင့်ကမ်းပြီး ဆရာမ စာသင်နေခိုက် ခိုးကြည့်၊ ခိုးဖတ်ကြတယ်။ အတန်းထဲမှာတော့ စာသင်နေတုန်း တအားခေါင်းငုံနေသူတွေကိုကြည့်လိုက်ရင်တော့ ဘာမှမမှတ်နဲ့ ဟိုစာအုပ်တွေကို ခေါင်းငုံဖတ်နေပြီလို့သာ မှတ်လိုက်ပေတော့။

ဒီလိုနဲ့တစ်နေ့မှာ ဆရာမ နဲ့ ပက်ပင်းတိုးပါလေရော။ ဆရာမက အပျိုကြီးမမ။ ဖြစ်ချင်တော့ အရမ်းကို အူတူတူနိုင်လှတဲ့ သူငယ်ချင်းတစ်ယောက် ခိုးဖတ်နေတဲ့အချိန်မှာ ပက်ပင်းတိုးတာ။ ဒါနဲ့ ဆရာမက “ငါ ဒါမျိုးလုံးဝမကြိုက်ဖူး၊ ဒါ ကျောင်းသားအလုပ်လည်း မဟုတ်ဘူး၊ ကျောင်းကလည်း ဒါမျိုးကို လုံးဝလက်မခံဘူး” လို့အသံမာမာနဲ့ ပြောလိုက်တယ်။ ဆရာမက ဆက်၍ “နောက်နေ့ကျတော့ မင်းအမေကို ခေါ်လာခဲ့ .. ဒီကိစ္စကို မင်းအမေကို တိုင်ရမယ်” လို့ပြောပါလေရော။ ထိုစာအုပ်တွေကိုတော့ ဆရာမက သိမ်းသွားပါတယ်။

နောက်တစ်နေ့

ကျောင်းတက်ခေါင်းလောင်းထိုးပြီး တော်တော်အကြာတွင် အခန်းပေါက်၌ ထိုသူငယ်ချင်းနှင့် လူဝကြီးတစ်ယောက် လာရပ်ပြီး “မင်္ဂလာပါ ဆရာမ ... ဆရာမ ဘာကိစ္စများ ရှိလို့ ကျွန်တော့်ကို ခေါ်ခိုင်းလိုက်တာပါလည်း ဆရာမ” “ကျွန်တော် မောင် .... ရဲ့အဖေပါ ဆရာမ” လို့ လှမ်းပြောလိုက်ပါတယ်။ ရုတ်တရက် ကြားလိုက်တဲ့ အသံနှင့်တကွ ဆရာမမှာ အပျိုကြီးမမတို့ ပီပီ ရှက်သွေးဖျန်းလိုက်ပုံများ မျက်နှာကို နီရဲသွားပါတော့တယ်။ နောက်တော့ ဆရာမမှာ အသံတုန်တုန်နဲ့ “ဟို .. ဟို .. ဘာမှမဟုတ်ပါဘူး၊ ကလေးကို ကြိုးစားဖို့နဲ့ ဒီထက်ပိုကြိုးစားရင် အဆင့်တွေ ပိုတက်လာမှာလို့ .. ပြောချင်တာပါ” လို့ဆိုပြီး ပြောလိုက်ပါတယ်။ ထိုသူငယ်ချင်းအဖေကပဲ “ဟုတ်ကဲ့ .. ကျေးဇူးတင်ပါတယ် ဆရာမ
.. ကျွန်တော့်သားကို ဒီထက်ပိုပြီးကြိုးစားအောင် .. ပြောပါ့မယ် .. ကျွန်တော့်ကို သွားခွင့်ပြုပါအုံး” ဆိုပြီး ပြန်သွားပါလေတော့တယ်။ အတန်းထဲက ကျောင်းသားတွေကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးနေကြတယ်။

ဆရာမခမျာ .. မျက်နှာနီနေပြီး အရမ်းရှက်နေပုံရပါတယ် .. ခေါင်းကြီးငုံပြီး ဟိုလုပ်ဒီလုပ်နဲ့ ဖြစ်နေပါတယ်။ နောက် ငါးမိနစ်လောက်မှာတော့ ဘာဖြစ်သွားလည်းမသိ .. သူငယ်ချင်းကို ခေါ်ပြီး .. ကြိမ်လုံးနဲ့ တီးပါတော့တယ်။ အတန်းထဲက ကျောင်းသားတွေကတော့ ဘာဖြစ်လို့ တီးတယ်ဆိုတာသိပေမယ့် .. အတန်းဖော်မိန်းကလေးတွေကတော့ ကြောင်စီစီနဲ့ အံ့အားသင့်စွာ ကြည့်နေပါတော့တယ်။ ခုံချင်းကပ်လျှက် အတန်းဖော် မိန်းကလေးနှစ်ဦးကတော့ “ဟေ့ .. ဆရာမဘာဖြစ်သွားတာလဲ” လို့တိုးတိုးလေး လှမ်းမေးလိုက်တယ်။ ဒါကိုအဖြေရခက်နေတဲ့ ကျွန်တော့် အစား ဘေးက သူငယ်ချင်းက ဒီလို ဖြေပေးလိုက်ပါတယ်

“ရှင်းပြဖို့တော့ တော်တော်ခက်လိမ့်မယ်”

ကိုတိုး

မှတ်ချက်။ ။ ထိုသူငယ်ချင်းပြောပြချက်အရ သူလည်းသူ့အမေကို ထိုကိစ္စမပြောရဲ၍ သူ့အဖေအား ကျောင်းကခေါ်ခိုင်းကြောင်း၊ ဘာကိစ္စနဲ့ ခေါ်ခိုင်းသည်ကို မပြောခဲ့ကြောင်း။ ဒါပေမဲ့ ဆရာမ အပျိုကြီး .. ဘာကြောင့် ဒီလိုဖြစ်သွားသလဲ ဆိုတာကိုရော .... အင်း .. ဒါလည်း “ရှင်းပြဖို့တော့ တော်တော်ခက်လိမ့်မယ်” လို့ ထင်တာပါပဲ။

Jan 5, 2007

“လူပြေးပေါ့ကွာ”


ကျွန်တော်စကားပြောဖြစ်သော လူအများစုမှာ ကိုယ့်ထက်အသက်အရွယ်များစွာကြီးသော လူကြီးများဖြစ်ကြပါတယ်။ လူကြီးဆိုတဲ့ အတိုင်း သူတို့အတွေ့အကြုံတွေအကြောင်းတွေနဲ့ ဗဟုသုတမျိုးစုံကို အများဆုံးပြောပြတော့ ကျွန်တော့်မှာ ပညာရတာပေါ့။ တစ်ခါတုန်းကတော့ နာမည်ကျော်၊ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရဲ့ Biography အကြောင်းများကို အများဆုံးပြောဖြစ်တဲ့ ဆရာကြီးတစ်ယောက်နဲ့ စကားစမြည်လုပ်ခဲ့ကြပါတယ်။ ကျွန်တော်ကတော့ Wikipedia မှာနေ့စဉ် နာမည်ကျော် ပုဂ္ဂိုလ်တွေရဲ့အကြောင်းကို အမြဲဖတ် ဖြစ်တယ်။ တစ်ရက်မှာတော့ ကိုပေါ်ဦးသစ်ရေးထားတဲ့ အဆိုတော် ကိုလေးဖြူအကြောင်း ကိုဖတ်ဖြစ်ခဲ့တယ်။ ကိုလေးဖြူ ရဲ့ ဘ၀၊ သူ့ရဲ့ ဘ၀ကို Struggle လုပ်လာရတဲ့ အကြောင်း နှင့် သူ့ရဲ့ အဆောင်နေ ကျောင်းသားဘ၀ ကို ဖတ်ရင်း သဘောလည်းကျမိတယ်၊ မန္တလေးတက္ကသိုလ်ရောက် အဆောင်နေ ကျောင်းသူ၊ ကျောင်းသားများရဲ့ ခံစားမှု့တွေကို ဖတ်ရတော့လည်း စာနာမိပါတယ်။

နောက်တစ်နေ့မှာ ထိုဆရာကြီးနဲ့တွေ့တော့ “ဆရာ .. မနေ့တုန်းက ဖတ်လိုက်တဲ့ လေးဖြူ ဘ၀အကြောင်းကတော့ တော်တော်ကောင်းတယ်” လို့ ကျွန်တော်ကစပြီး စကားစမြည် လုပ်လိုက်ပါတယ်။
ဆရာကြီးက “ဒါနဲ့ လေးဖြူဆိုတာ ဘယ်သူလဲကွ .. သြော် .. လေးဖြူ ဆိုတော့ လူပြေးပေါ့ကွာ” လို့ပြောလိုက်တဲ့ စကားအဆုံးမှာ ဘ၀ကို Struggle လုပ်လာတဲ့ ကိုလေးဖြူရဲ့အကြောင်းကို ကျွန်တော့်ခမျာ ပြောရမှာ တွန့်သွားမိပါတော့တယ် ဗျာ။

ကိုတိုး

Jan 3, 2007

“မနောက်ပါနဲ့ ဒါယကာကြီး”


ဒါကတော့ ကျွန်တော် မန္တလေးတရုတ်တန်းရပ်ကွက်မှာ နေစဉ်တုန်းက နှစ်စဉ် ဘုရားပွဲလုပ်တိုင်း ကြုံတွေ့ခဲ့တဲ့ ဟာသလေးကို ပြန်ပြောင်းပြောပြခြင်းဖြစ်ပါတယ်။

မန္တလေးမြို့တွင် “တရုတ်တန်း” ဆိုသည်ကား ၂၆ လမ်း မှ ၃၁ လမ်းကြား၊ ၇၉ လမ်း နှင့် လမ်း ၈၀ ကြားကို ဆိုလိုခြင်းဖြစ်ပါတယ်။ ရပ်ကွက်ဘုရားပွဲကိုတော့ တရုတ်တန်း နှင့် ယွန်းတန်း ဓမ္မာရုံ ဘုရားပွဲ ရယ်လို့ ခေါ်ဝေါ်ကြတယ်။ ဘုရားပွဲကိုတော့ တရုတ်တန်းလူငယ် (သို့မဟုတ်) တရုတ်တန်းဗုဒ္ဓဝေယာဝစ္စလူငယ် အဖွဲ့က ဦးဆောင်ပြီးလုပ်ပါတယ်။ (မှတ်ချက်။ ။ တရုတ်တန်းလူငယ် ဟုသာခေါ်သော ထိုအဖွဲ့တွင် အသက် ၇၀ ကျော် အဖိုးကြီးများလည်း ပါဝင်ပါကြောင်း။)

ဘုရားပွဲလုပ်လို့ ငွေပဒေသာပင်များကို မဲဖောက်တိုင်း မဲလိပ်ဖြီပြီး အော်လိုက်ပုံက “နံပါတ်မှာ တစ် .. ငါး .. သုံး” “တစ်ရာငါးဆယ့်သုံး” .. “မောင်ကိုတိုး မဟိုဒင်း.. သားဘယ်သူ သမီးဘယ်ဝါ .. မိသားစု ကောင်းမှု့ အလှူတော်ငွေ ၁၀၀၀၀ ကျပ်တန် ငွေပဒေသာပင်ပါ ဘုရား” အစရှိသည်ဖြင့် ဘုရားပွဲဦးဆောင်သော လူကြီးများက ဘုန်းကြီးများ နှိုက်လိုက်သော မဲလိပ်များကို ဖွင့်ပြီး Microphone နဲ့အော်လေ့ရှိပါတယ်။ နှစ်စဉ် သံယာတော် အပါး ၅၀၀ ကျော်ကို ဆွမ်းလောင်း မဲဖောက်ပြီး လှူလေ့ရှိပါတယ်။ အောင်ဘာလေကတော့ နံပါတ် ၁၊ ၂၊ ၃ ကို အဓိကထားပြီး နံပါတ် ၃၀ လောက်ထိ ဆုမဲကြီးများကို ထည့်သွင်းပေးထားပါတယ်။ ကျန်မဲများကတော့ ရပ်ကွက်မှရပ်မိရပ်ဖများလှူဒါန်းသော ငွေပဒေသာပင်များသာ ဖြစ်ပေတော့သည်။

ဒါပေမယ့် တစ်ခါတလေတော့ တရုတ်တန်းလူငယ်တွေက လူငယ်တွေပီပီ စစနာက်နောက် နဲ့ အော်လိုက်ပုံက “နံပါတ်မှာ တစ်” ဆိုပြီး အသံပြဲကြီးနဲ့ အကျယ်ကြီး အော်လိုက်ပြီး နည်းနည်းလေးရပ်ထားပါတယ်။ ထိုသို့သောအခါမျိုး၌ မဲနှိုက်သော ဘုန်းဘုန်းကြီးမှာ ပြုံးပြုံးကြီးဖြစ်သွားပြီး ဘုန်းကြီးအထင်မှာတော့ “အောင်ဘာလေဆု ပေါက်ပြီ” ပေါ့။ ဒါပေမယ့် အော်တဲ့လူက ဆက်လက်၍ “လေး .. သုံး” “တစ်ရာလေးဆယ့်သုံး” ဆိုတော့ ဘုန်းဘုန်းခမျာ အောင်ဘာလေ မဟုတ်မှန်းသိတော့ သိပ်မပြုံးနိုင်ရှာတော့ပေ။ တစ်ခါတုန်းက ဘုန်းကြီးတစ်ပါး မဲနှိုက်တုန်း အော်တဲ့လူက ထိုသို့ စစနောက်နောက်အော်လိုက်တော့ ဘုန်းကြီးက “မနောက်ပါနဲ့ ဒါယကာကြီး” လို့ ခပ်တည်တည်ကြီးနဲ့ ပြောသွားပါလေတော့တယ်။

ကိုတိုး

ဦး၊ ဦးလေး၊ အန်ကယ် နှင့် သမီးများ


ကြည့်လေဗျာ “ဦး” တို့ “ဦးလေး” တို့ ခေါ်တဲ့ မိန်းကလေးတွေရဲ့ အသက်ကကျွန်တော်နဲ့မတိမ်းမယိမ်း ၂၀ ကျော် ၂၅ ၀န်းကျင် ကျွန်တော်က ၂၈။ ခေါ်စမ်းပါဗျာ “ကိုကို” တို့ “အကို” တို့ “ကိုကြီး” တို့။ ကလေးစိတ်မပျောက်သေးဘူးပြောပြော၊ လူကြီးစိတ်မဆန်ဘူးပြောပြော ထိုသို့အခေါ်ခံရပါက ဒေါသသည် နဘံမိုးယံသို့ တက်သွားလေတော့သည်။ ထိုသို့အခေါ်ခံရတိုင်း ခေါင်းမွေးဖြူနေပြီလား သို့တည်းမဟုတ် အရေတွန့်နေလို့လားလို့ ကိုယ့်ကိုယ်ကို မှန်ထဲလှည့်ပတ်ကြည့်တဲ့သူက ကျွန်တော်။ ထိုသို့ ဖြူခြင်း၊ တွန့်ခြင်းဆိုတာရယ်မရှိ။ တစ်ခါကဆိုရင် ကျွန်တော့်အသက်ရဲ့ ၆ နှစ်လောက်သာငယ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ခေါ်ပုံက “ဦးလေး” .. နောက် ၄ နှစ်လောက်ငယ်တဲ့ ဟာလေးကျပြန်တော့ “ဦး” .. သူတို့ကိုယ်သူတို့ကျတော့ “သမီး” “သမီးကလေ” စသည်ဖြင့် ငယ်မူပြန်ပါလေရော။ ဟိုးတစ်ခါ ရန်ကုန်ရောက်တုန်း ကိုယ့်ထက် ၁ နှစ်တောင်ကြီးတဲ့ အမျိုးသမီးတစ်ယောက် ခေါ်လိုက်ပုံက “အန်ကယ်” တဲ့ဗျာ။ ထိုသို့ အန်ကယ် အခေါ်ခံရစဉ်အချိန်ခါက မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး ဗရဗျစ်နဲ့ ကုလားဒိန်ရုပ်ပေါက်နေလို့များလား။ ထိုသို့လည်း မဆိုနိုင်သေးပါ။ ထိုသူမကတော့ လွန်လွန်းလေပြီ။
ပြီးခဲ့တဲ့ New Year ၁ ရက်နေ့က ကျောင်းနားပတ်ပြီး အေးချမ်းလှတဲ့ သစ်ပင်တွေကြား လမ်းလျှောက်ရင်းနဲ့ ဘုရားစာရွတ်နေမိတယ်။ လူလည်း စိတ်အေးချမ်းတာ အမှန်ပါ။ ဒါပေမယ့် ထိုအေးချမ်းမှု့ကား အခန်းပြန်လာတော့ ပျက်ပြယ်လေပြီ။ အခန်းနားက ကောင်မလေးက “ဦး” “ဦးဆီမှာ အိမ်ရှင်ရဲ့ဖုန်း နံပါတ်များ ရှိလား” ဆိုတဲ့ မေးခွန်းနောက်မှာတော့ ဒေါသကဘယ်ကထွက်လာလဲတော့ မသိ။ မနည်းဆွဲထားရတယ်။ နောက်တော့ ဖုန်းနံပါတ်ပေးပြီး အခန်းပြန်ခဲ့တယ်။ ထိုသို့သော အကြောင်းအရာများနှင့်ပတ်သက်၍ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတစ်ချို့က “ကိုတိုးရာ ထားလိုက်စမ်းပါ သူတို့ ဦးခေါ်လည်း သမီးရဲ့ ဦး တို့ ဦးရဲ့သမီး တို့ ဘာတို့ပေါ့” လို့ဆိုကြပေမယ့် ကျွန်တော်ကတော့ စိတ်ပျက်မိတာကတော့ အမှန်ပါ။ တစ်ချို့ကျတော့လည်း ထိုသို့ဆိုပြန်တယ် “ကိုတိုးက အတည်ပေါက်ကြီး နေလို့ သူတို့က ကိုတိုးကို ခင် ချင်လို့ စ တာတဲ့” မဟုတ်သေးပါဘူး “ခင် ချင်ရင်လည်း ထမင်းစား ဖိတ်ပေါ့ ဗျာ”။ မည်သူတွေဘယ်လိုပင်ဆိုပါစေ ထိုသို့ခေါ်သော မိန်းကလေးများကို ၀ါးစားမတတ်စိမ်းစိမ်းကြီးမျက်လုံးကြီးပြူးပြီးစိုက်ကြည့်တတ်တဲ့ လူက ကျွန်တော်ပေါ့ ဗျာ။

ကိုတိုး