Showing posts with label About My Friend. Show all posts
Showing posts with label About My Friend. Show all posts

Nov 21, 2008

လက်ကြီးမှ ကိုင်လို့ရမယ့် ဆေးဂွင်

လက်ကြီးမှ ကိုင်လို့ရမယ့် ဆေးဂွင်
ကိုတိုးရေးသားသည်

ဇာတ်လမ်းက ဒီလိုဗျ ..

မောင်ကိုတိုးရဲ့ အရင် အလုပ်မှာ .. အပျိုကြီးတွေ ပေါမှပေါ ပေါ့ .. အများအခေါ်ကတော့ “အပိုကြီး” တွေပေါ့။ သြော် .. အပျိုကြီးတို့ခမျာမှာလည်း “လင်ယူသားမွေး” အရေးကို စဉ်းစားမိဟန် ရှိပုံမရ .. သူတို့ စိတ်အစဉ်မှာ အရိပ်ဝင်နေတာက ငွေကို လုံးခနဲရသော ပွပေါက် (သို့မဟုတ်) “ဂွင်” ဆိုသော ဝေါဟာရကို အာရုံသွင်းထားပုံရသည်။ ပြောလိုက်တဲ့ စကားအချို့ကို အနည်းငယ် ကောင်နုတ်တင်ပြမည် ဆိုရင်ဖြင့်လည်း “အဲဒီကောင် ဟို ဂွင် တွေ့လို့ ပွသွားတာ” “အင်း .. အဲဒါလည်း ဂွင် ပဲ” “တရုတ်ပြည်ဘက်က ဟို ပစ္စည်းတွေကလည်း ဂွင် မသေးဘူး နော်” အစရှိသည်ဖြင့် ဖြစ်လေတော့သည်။

တရက်တော့ ပေါ့ဗျာ ..

“ဒီမှာ မနီလာ၊ မသန္တာ နဲ့ မမွန် တို့ရေ .. ကျွန်တော့်မှာ ဂွင် တစ်ခု တွေ့ထားတယ် .. ပွပေါက် ဗျို့” ဆိုပြီး ရုံးက ရှမ်းလေး ဆိုသော ညီငယ်လေးက ဇာတ်လမ်းကို စချီသည်။ “ဟဲ့ .. နေပါဦး .. နင့် ဂွင် ဆိုတာက ဘာ ဂွင် လည်း” လို့ တစ်ယောက်သော အပျိုကြီးက မျက်လုံး အပြူးသားနဲ့ မေးရှာတော့သည်။ “ဆေးဂွင် .. ဗျို့ .. ဆေးဂွင်” ဆိုပြီး ရှမ်းလေးက ဖြေလိုက်ပါတယ်။ ရှမ်းလေးက ဆက်ပြီး “ဒါပေမယ့် .. နယ်နယ်ရရ တော့ မဟုတ်ဘူး နော် .. လက်ကြီးမှ ရမယ်” (မှတ်ချက် .. သိတဲ့ အတိုင်းပဲ လေ .. “လက်ကြီး” တယ် ဆိုတာက စီးပွားရေးလောကမှာ “ငွေထုတ်ကြီး” (သို့မဟုတ်) “အရင်းနှီးကြီးခြင်း” လို့ဆိုတာပေါ့ ဗျာ။)

“အေး .. ငါတို့ စိတ်ဝင်စားတယ် .. နင့် ဆေးဂွင် က ဘာဆေးဂွင်လည်း .. ငါတို့ကို ပြော” .. “အာ .. နေပါဦး ဗျာ .. ဒီလို ပြောလို့မရဘူး .. ခင်ဗျားတို့ လက်ကြီးဖို့သာ အရေးကြီးတယ် .. လက်မကြီးရင်တော့ ကိုင်လို့ရမှာ မဟုတ်ဘူး” .. “အာ .. နင် ငါတို့ကို အထင်မသေးပါနဲ့ .. နင့် ဆေးဂွင်က သာ ကြီးပလေ့စေ .. ငါတို့ ရှိသမျှကို ပုံအောပြီး ကိုင်မယ်” လို့ အပျိုကြီးများ ပြောလိုက်တဲ့ စကားအဆုံးမှာ .. ရှမ်းလေး ပြောလိုက်တဲ့ အဖြေကြောင့် .. အပျိုကြီးတွေထံမှ “ဟဲ့ .. သေ x xx xxx .. . ကောင်စုတ် ... x x x” အစရှိတဲ့ ဝေါဟာရများကို ကြားရပေမယ့် .. အခြားကြားရသူအပေါင်းကတော့ မပြုံးပဲ ၀ါးလုံးကွဲအောင်ရယ်ကြပါတယ်။

ရှမ်းလေးပြောလိုက်တာက “ဆေးဂွင် ဆိုတာ ဆင်ဂွေးကိုပြောတာ .. ခင်ဗျားတို့ လက်ကြီးရင် သွားကိုင်ပေါ့” ဆိုတာပါပဲ ဗျာ ..

အားလုံးကို လေးစားလျှက်

ကိုတိုး

Oct 22, 2007

ကျွန်တော်နှင့်သူငယ်ချင်းများ (၉)


လွန်လေပြီးသောနှစ်အတော်ကြာကပေါ့ ဗျာ ..

မောင်ကိုတိုးနဲ့သူငယ်ချင်းတစ်ယောက် ဆိုင်ကယ်ဖြင့် ကျူရှင်သွားတုန်း လမ်းမှာ ပြောမနာဆိုမနာ ငယ်သူငယ်ချင်းတစ်ယောက်ကို အိမ်တစ်အိမ်အရှေ့မှာ အမှတ်မထင်တွေ့လိုက်တာပါတယ်။ ဒါနဲ့ပဲ အော်ကြီးဟစ်ကျယ် .. “ဟေ့ကောင် .. မင်းပျောက်နေတာ အတော်ကြာလှပေါ့” .. “မင်းဘာတက်နေတာလဲ” .. “မင်းဘာတွေလုပ်နေတာလဲ ကွ” .. “မင်း ဟိုဆော်နဲ့ကရော ဘယ်လိုတုန်း” တစ်ယောက်တစ်ခွန်း စီတန်းပြီး မေးခွန်းထုပ်လိုက်ကြပါတယ်။ သူကတော့ အဝေးသင်တက်နေတယ်ဆိုတာနဲ့ သူမိန်းမရသွားပြီဆိုတာကို ပြုံးဖြီးဖြီး ပြောလိုက်ပါတယ်။ ဒါနဲ့ပဲ အဲဒီအိမ်ရှေ့မှာ ထွက်ရပ်နေတဲ့ အန်တီကြီးနဲ့ အန်ကယ်ကြီးနှစ်ယောက်ကို သူ့အဖေနဲ့သူ့အမေလို့ထင်မိရင်း .. ပါးစပ်ဆော့တတ်တဲ့ ကျွန်တော်နဲ့ပါလာတဲ့ သူငယ်ချင်းကပဲ “နေစမ်းပါဦးကွ .. မင်း မိန်းမက ဟို ဆော်ပဲလား .. ဒါက မင်းအိမ်လား .. ဟိုအန်တီနဲ့ အန်ကယ်နဲ့ကရော မင်းအမေနဲ့မင်းအဖေလား.. နောင်ကြုံရင်တော့ ထမင်းလေးဘာလေး ၀င်စားဦးမှ” လို့ စစနောက်နောက်ပြောလိုက်တဲ့ အဆုံးမှာ သူက “မဟုတ်ဘူးကွ .. ဒါက ငါ့ယောက်ခမအိမ် .. ဟိုက ငါ့ယောက်ခမတွေပါ” လို့ဖြေလိုက်ပါတယ်။ ကျွန်တော့်နောက်ထိုင်လိုက်လာတဲ့ သူငယ်ချင်းက “ဟေ့ကောင် .. မင်းတော့ ခက်တော့တာပဲ .. ငါ့ယောက်ခမ အိမ်လို့ မပြောရဘူး .. ငါ့မိန်းမ အမွေဆိုင်အိမ်လို့ ပြောရတယ်ကွ” လို့ ပါးစပ်ထပ်ဆော့လိုက်တဲ့ စကားအဆုံးမှာ သူ့ယောက်ခမဆီက အော်ကြီးဟစ်ကျယ်လှမ်းပြောလိုက်တာကတော့ “မင်းနဲ့ကွာ .. ဒီလို .. ပေါက်ကရကောင်တွေကို အပေါင်းအသင်းလုပ်ရတယ်လို့ ” ဆိုတာပါပဲ ဗျာ ..

ဒါနဲ့ပဲ သူငယ်ချင်းကို နှုတ်ဆက်ရင်း ဆိုင်ကယ် ဘက်မှန်ကနေ ခပ်လှမ်းလှမ်းထိ နောက်ကို မလုံမလဲ ကြည့်ခဲ့ရသူကတော့ ကျွန်တော်ပါ ဗျာ။

အင်း ဇာတ်တော့ ရှုပ်သား .. Equation ချရင် “ယောက်ခမ အိမ် = မိန်းမအမွေဆိုင် အိမ်” ဆိုတာ ရှင်းနေသားနဲ့

အားလုံးနားလည်နိုင်ကျပါစေ

ကိုတိုး

Oct 10, 2007

ကျွန်တော်နှင့်သူငယ်ချင်းများ (၈)


ထိုင်းနိုင်ငံရောက်ကတည်းက ရုံးက ထိုင်းသူငယ်ချင်းတွေကို မြန်မာဆိုင်ခေါ်ပြီး မြန်မာအစားအစာကို Promotion လုပ်ရတာ အမောသားပါ ဗျာ။ ဒါပေမယ့်ဗျာ .. ထိုင်းတွေ မြန်မာအစားအစာကို စားပြီး ပေးခဲ့တဲ့ Comment တွေကို ပြောရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရာကြမှာမို့ မပြောတော့ပါဘူးလို့ စဉ်းစားနေရင်း ဒီစာကိုရေးလိုက်ရတာပဲ .. (ဟီး ..)

ဇာတ်လမ်းက ဒီလိုဗျ

“မင်းတို့ မြန်မာအစားအစာက ဘယ်လိုလဲ” လို့မေးလာခဲ့ရင် .. “လာခဲ့” လို့ ခေါ်တတ်တာက ကျွန်တော်မျိုး မောင်ကိုတိုးပါ။ “လာခဲ့” လို့သာ ခေါ်ပါတယ် ဒါပေမယ့် ပိုက်ဆံကတော့ ကိုယ့်စရိတ်ကိုယ်ပေးပေါ့။ ဒါနဲ့ အိမ်နားက မြန်မာဆိုင်တွေ ရုံးဆင်းချိန်တိုင်း ခေါ်သွားပြီး ကျွေးမွေးလေ့ရှိပါတယ်။ မြန်မာအစားအစာကို ထိုင်းလူမျိုးများ မည်မျှကြိုက်သလဲလို့ ပြောရရင် တစ်ခါဆို တစ်ခါပါပဲ ဗျာ။ နောက်ကို ဖိတ်ရင်လည်း “ရပါတယ်” ဆိုတာကို မပြုံးမရီ စကားလုံးစီကာ “ငါ ချိန်းထားတာရှိလို့” တို့ “သွားစရာ ရှိလို့” တို့ဆိုပြီး ပြောတတ်တာက ထိုင်းလူမျိုး သူငယ်ချင်းတွေပါ။ အချိုအချဉ်အစပ်တွေ အစားများတဲ့ ထိုင်းတို့ရဲ့ အပြောကတော့ .. “ဆီများလို့” တို့ “အရသာပေါ့တယ်”တို့ ဆိုတာ ပေါ့ဗျာ။

ဒါနဲ့ တစ်ရက်မှာ .. ရုံးက မြန်မာအစားအစာမစားဖူးသေးတဲ့ ထိုင်းတွေလည်း ဘာပဲဖြစ်ဖြစ် သွားစားကြည့်မယ် ဆိုပြီး လိုက်လာလေရော။ အဲဒီနေ့က ရွှေတောင်ခေါက်ဆွဲ ရှိတာနဲ့ ရွှေတောင်ခေါက်ဆွဲကို မှာပေးလိုက်တယ်။ ဒါနဲ့ “ရွှေတောင်ခေါက်ဆွဲ” ကို ဘာလဲလို့မေးတော့ ဘာသာပြန်အလွန်ကောင်းလှတဲ့ ကိုတိုးကလည်း အတည်ပေါက်နဲ့ “Golden Mountain Noodle” လို့ လက်ဟန်ပါပါနဲ့ တောင်ပုံရာပုံ ပုံစံမျိုး ပြောထည့်လိုက်တယ်။ တစ်ယောက်သော ထိုင်းက ပျာကြီးပျာယာနဲ့ “ကိုတိုး ကိုတိုး ငါတို့ နည်းနည်းပဲ စားမှာနော် .. မင်းမှာလိုက်တဲ့ ခေါက်ဆွဲက “Golden Mountain Noodle” ဆိုတော့ အရမ်းများနေပြီး ဈေးများ အရမ်းကြီးနေမလားလို့” ဆိုတဲ့ မေးခွန်းအနောက်မှာ မပြုံးပဲ ၀ါးလုံးကွဲအောင် ရယ်တဲ့သူက ကျွန်တော်ပါပဲ ဗျာ။

(မှတ်ချက်။ ။ထိုသို့လည်း မဟုတ်ရပါဘူး .. မြန်မာဆိုင်က ဒန်ပေါက်ကို အသည်းစွဲဖြစ်သွားတဲ့ နိုင်ငံခြားအသိမိတ်ဆွေ ရှိသလို .. မြန်မာအစားအစာကို နှစ်သက်တဲ့ ထိုင်းလူမျိုး အမျိုးသမီးကြီး တစ်ယောက်လည်း မြန်မာဆိုင်မှာ အစားမပျက်တာ တွေ့ရစဲပါ ဗျာ။)

ကိုတိုး

Sep 2, 2007

ကျွန်တော်နှင့်သူငယ်ချင်းများ (၇)


“သားလေးမွေးရင် ကိုယ့်နာမည်ပေးပါ” .... “သားလေးမွေးရင် ကိုယ့်နာမည်ပေးလိုက်ပါ” ဆိုတဲ့ အဆိုတော် လွှမ်းမိုး သီချင်းကို ကိုတိုးတို့ သူငယ်ချင်းတွေ ဗိုက်ကြီးသယ်တွေ မြင်တိုင်း အမြဲတမ်းလိုလို ဆိုတတ်ကျပါတယ်။ ဟိုးအရင် တက္ကသိုလ်ကျောင်းသားဘ၀က ဗိုက်တကားကားနဲ့ အတန်းဖော် တစ်ယောက် သူ့ ယောင်္ကျားနဲ့ ကျောင်းခန်းထဲဝင်လာတုန်း စစနောက်နောက် ဆိုလိုက်မိလို့ သူ့ယောင်္ကျားက ဒေါသမီးတွေ ဟုန်းဟုန်းတောက်နေတဲ့ အကြည့်နဲ့ ကြည့်သွားပါလေရဲ့ ဗျာ။ လမ်းသွားရင်းလည်း ဗိုက်ကြီးသည်တွေ မြင်တိုင်း စစနောက်နောက် ဆိုတတ်ကျသေးပါတယ်။ တစ်ခါတုန်းကတော့ “ရှင့်နာမည်သာပြောပါ .. ကျွန်မသာ သားလေးမွေးရင် ရှင့်နာမည် ပေးလိုက်ပါ့မယ်” လို့ အာကြမ်းကြမ်းနဲ့ လာသရမ်းသွားတဲ့ မမဗိုက်ကြီးသည် ရဲ့ မထင်မှတ်တဲ့ အပြုအမူကြောင့် အာစေးစွာ ငိုင်ငေးသွားသူက ကျွန်တော်ပါ။ အူကြောင်ကြောင်နိုင်လှတဲ့ ကျွန်တော်ကလည်း “ဟုတ် .. ဟုတ် .. ကျွန်တော့်နာမည် ကိုတိုး ပါ ခင်ဗျာ” လို့ ဖြေလိုက်မိတာက သူငယ်ချင်းတွေကြားမှာ ဟာသတောင် မြှောက်ခဲ့ပါတယ်။

တစ်ခါတလေကျတော့လည်း ဒီလို စ ကျပါသေးတယ်။ ဥပမာ အတွဲ နှစ်ယောက် ကျွန်တော့်တို့ အရှေ့ဖြတ်လျှောက်သွားလို့ကတော့ .. “မင်း မောင့်ကို အရွဲ့တိုက်ပြီး ဒီကောင်နဲ့ တွဲပြတာပေါ့လေ ... ရပါတယ် ကွာ ... ရပါတယ် ...” တို့၊ “မင်းအတွက် ကိုယ် သိပ်စိုးရိမ်တယ်ကွာ” တို့ ဆိုပြီး မကြားတကြား တိုးတီးစွာ ရိုက်ကွင်းထဲများ ရောက်နေတဲ့ ရုပ်ရှင်မင်းသားဆန်ဆန် ငိုတော့မယ့် အသံလေးနဲ့ ခပ်တည်တည် နဲ့ ပြောတတ်ကျပါသေးတယ်။ ထိုသို့သောအချိန်မျိုးမှာတော့ စောင်းကန်း စောင်းကန်းနဲ့ “ဒီကောင် ငါ့ရည်းစားရဲ့ အရင် ဟိုဟာ လား” ဆိုတဲ့ သံသဃ မျက်လုံးတွေနဲ့ ထိုဘဲတွေ ငနဲတွေက ကြည့်သွားလို့ကတော့ .... သူတို့ကို နောက်ကနေကြည့်ရင်း ကျိတ်ရယ် တတ်ကျတဲ့ သူတွေဟာ တခြား ဘယ်သူမှ မဟုတ်ပါဘူး .... ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းတွေပါပဲ ဗျာ။

ဒါပေမယ့် အခုအချိန်မှာတော့ ဒီလို ဟာသ လုပ်တတ်တဲ့ ကျွန်တော့်ရဲ့ အမူအကျင့်တွေနဲ့ အပြောလေးတွေကို နှုတ်က မထွက်နိုင်အောင်ကို အာစေးနေမိတာက အမှန်ပါ။

ဒီ အကြောင်းလေးကို ပြန်ပြောင်းအောင်းမေ့စွာ ရေးနေခိုက် “သားလေးမွေးရင် ကိုယ့်နာမည်ပေးပါ” .... “သားလေးမွေးရင် ကိုယ့်နာမည်ပေးလိုက်ပါ” လို့ တိုးတီးစွာရေရွတ်ရင်း

ကိုတိုး

Aug 14, 2007

ဒီလိုလည်း ဖြစ်တတ်ပါတယ်


ဟိုးတစ်လောက နေ့ခင်းကြောင်တောင် အားကစားလုပ်ပြီး ဗိုက်ဆာဆာနဲ့ အလှမ်းမဝေးလှတဲ့ အိမ်နားက ကုလားဆိုင်တစ်ဆိုင်မှာသွားစားဖြစ်တယ်။ အိမ်နားမှာတော့ ထိုင်း၊ မြန်မာ၊ တရုပ်၊ ကုလားဆိုင်တွေကတော့ ပေါမှပေါ။

ဒါနဲ့ ဆိုင်လည်းရောက်တော့ ဗိုက်ဆာဆာနဲ့ Dosa (မြန်မာအခေါ် “တိုရှည်”) ခြောက်ချပ် .. ကြက်ကီးမား ၁ ပွဲ၊ အာလူးဟင်း တစ်ပွဲ စားပြီး ဒိန်ချည် ၂ ခွက် ဆင့်သောက်ရော။ (ပြောမယ့်သာပြောတာ ထည့်ပေးတာတွေက နည်းနေတော့ အာတောင် ကောင်းကောင်း မဆွတ်ရှာဘူး၊ ဟင်းတွေကလည်း အရောင်တင်မှုန့်တွေဘယ်လောက်များထည့် ထားသလဲလို့မပြောတော့ပါဘူး ဘုန်းကြီးသင်္ကန်းတွေများ ထည့်ချက်ထားလား အောင့်မေ့ရတယ်) ဒါနဲ့ သူငယ်ချင်းတစ်ယောက်ကို ဆိုင်ရှေ့မှာတွေ့တော့ သူ့ပါခေါ်ပြီး ဒိန်ချည်သောက်မလား ငါပေးပါ့မယ် လို့ပြောပြီး ဆိုင်ထဲခေါ်လိုက်တယ်။ နောက်တော့ ဆိုင်ထဲမှာ သူနဲ့ “ကိုယ့်ကိုယ်ကို အားကိုးရေးနဲ့ မည်သူ့မှ အားမကိုးရေး” အစရှိတဲ့ အကြောင်းအရာတွေကို စီစာပတ်ကုံး စာစီကုံးသကဲ့သို့ ကျွန်တော်က စပြောတယ်။

နောက် ပိုက်ဆံရှင်းမယ် လုပ်တော့ ပိုက်ဆံအိပ်က ပါမလားဘူး။ ဒါနဲ့ သူငယ်ချင်းကို မင်းမှာပါရင် ခဏလောက်ဆိုက်ပြီးပေးလိုက်ပါ ငါနောက်မင်းဆီချက်ချင်းလာပေးပါ့မယ်လို့ ပြောတာနဲ့ သူက ပိုက်ဆံထုပ်ပြီးရှင်းလိုက်တယ်။ သေပါလေရော ..... သူကတော့ ကျွန်တော့်ရဲ့ “ကိုယ့်ကိုယ်ကို အားကိုးရေးနဲ့ မည်သူ့မှ အားမကိုးရေး” ခေါင်းစဉ်နဲ့ ဟောပြောသွားတာတွေကိုတော့ ဘယ်လိုမြင်မလဲ ဗျာ ..

ဒီလိုလည်း ဖြစ်တတ်ပါတယ်

ကိုတိုး

Jul 15, 2007

အားလုံးကို သတိရပါတယ်

“သတိရနေတယ် ... သူငယ်ချင်းရေ .. တို့များ ငယ်ငယ်တုန်းက ရွာအ၀င်လမ်းဆီကနေ လက်ချင်းယှက်ကာ ပြေးကာ လွှားကာ ကျောင်းတက်လာကြတာတွေ .. မေ့နိုင်ပါ့မလား .. မင်းတို့ငါတို့ ငယ်ငယ်တုန်းကလေ .. ” ဘာရယ်မှ မဟုတ်ပါဘူး .. တွံတေးသိန်းတန် သီချင်းလေးကို နားထောင်ရင်း ကျောင်းကသူငယ်ချင်းတွေနဲ့ အလုပ်ကသူငယ်ချင်းတွေကို
သတိရနေမိတာ အမှန်ပါ။
လက်ဝဲမှ လက်ယာသို့ - သာကျော်ဖြူ၊ ကိုတင်ကို (MCC)၊ ပါပါလေး၊ ကျွန်တော်ပေါ့ဗျာ၊ အန်တီကြီး (မှတ်ချက်။ ။နာမည်အရင်းမေ့နေသည်)၊ အိလေး၊ ဖြိုး၊ အိသန့်၊ သန့်ရွှေစင် (MCC)၊ ဒါဒါ၊ ဂျုဂျူး၊ အေးထွန်း (ကျွန်တော်တို့ အဖွဲ့ရဲ့ ကိုလေးဖြူပေါ့)၊ အေးမင်းထွန်း၊ ကိုဦး (ကျွန်တော်တို့ အဖွဲ့ရဲ့ အနိုင်၊ အောင်သူ၊ မင်းအောင်၊ တွံတေးသိန်းတန်၊ ဟင်္သတထွန်းရင် အစရှိတဲ့ .. တောကြိုက်သီချင်းများကို အပီဆိုတတ်သူ)၊ ကိုသန့်ဇင် ခေါ် ကျွန်တော့်နာမည် မောင်သန့်ဇင်ပါခင်ဗျာ။
ဒါကတော့ DCD ကဘော်ဒါတွေပေါ့။ လက်ဝဲမှ လက်ယာသို့ - အဆိုတော်၊ မော်ဒယ်၊ ကွန်ပျုတာသင်တန်းဆရာ Blogger ဇော်မိုးအောင်၊ ကျွန်တော်ပေါ့ဗျာ၊ ရိုးသားလှတဲ့ ရှမ်းကလေး တင်ထွန်းအောင်၊ သူငယ်ချင်းလည်းဖြစ် ဂျာကြီးလည်းဖြစ်တဲ့ ကိုဝင်းဌေးဦး၊ အမြဲတမ်း အတည်ပေါက်နဲ့ ဟာသတွေ လုပ်တတ်တဲ့ ကိုမင်း၊ ဒီစီဒီရဲ့ လက်ရှိပင်တိုင် Customer တွေရစ်တာကို အမြဲတမ်း သည်းခံလေ့ရှိတဲ့ ကျော်ဝင်းဆွေ (ခ) ကျော်ကြီး

မန္တလေးက သူငယ်ချင်းတွေအားလုံးကို ဒီရက်ပိုင်းတွေမှာ အမြဲသတိရနေမိတယ်။ ကျွန်တော်ပေါင်းသင်းခဲ့တဲ့ သူငယ်ချင်းတွေ အများစုဟာ တကယ့် ညီရင်းအကို တွေလိုပါပဲ။ နောက်ဆုံးကုန်ကုန်ပြောရရင် တစ်ယောက်အိမ် တစ်ယောက်ကို စားအိမ်သောက်အိမ် လို့တောင် ပြောရလောက်တယ်။ “ကိုတိုး ထမင်းစားအုံးမလား” ဆိုတာကတော့ သူတို့တွေအိမ်သွားလည်ရင်အမြဲကြားရတဲ့ အသံပါ။ အစားဆိုရင် ဟန်မဆောင်တတ်တဲ့ ကျွန်တော်ဟာလည်း ဘယ်တော့မှ မငြင်းတတ်ပါဘူး။ ၀င်တီးတယ်။ ချပေးသမျှ လည်း ကုန်အောင်တီးတယ်။ တစ်ခါတလေကြတော့လည်း သူငယ်ချင်းအိမ်တွေ အလည်ရောက်ရင်းနဲ့ “အန်တီရေ .. မနက်ဖြန်ကျတော့ ကြက်သားမဆလာဟင်းကောင်းကောင်းလေးနဲ့ ကြက်ဥကြော် နှစ်လုံးကြော်ထားလိုက်ပါ ဖြစ်နိုင်ရင် သရက်သီးဆီစိပ်လေးပါ စီစဉ်ထားလိုက်ပါ .. ကျောင်းကပြန်လာရင် ကျွန်တော်လာစားလှည့်မယ်” ကိုယ်က စားချင်တာကို အတည်ပေါက်နဲ့ပြောလည်း သူတို့က “အေးအေး .. မနက်ဖြန်လာခဲ့လို့” ပြောပြီး စားမည့်အရာတွေကို စီစဉ်ပေးထားတတ်ကြပါတယ်။ ဟင်းချက်အရမ်းကောင်းကျတဲ့ ကျွန်တော့်အမေလက်ရာနဲ့ သူငယ်ချင်းတွေရဲ့ အမေတွေလက်ရာကို ဘယ်သူငယ်ချင်းမှ မစားချင်ဘူးလို့ မငြင်းတတ်ကျပါဘူး။ ဘာသာခြားတွေ၊ လူမျိုးခြားတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်တဲ့ ကျွန်တော့်ကိုလည်း သူတို့အိမ်တွေရောက်တိုင်း စကားကို လှိုက်လှိုက်လှဲလှဲ အကြောင်းအရာမျိုးစုံဖြင့် ပြောတတ်ကြပါတယ်။ ကိုယ်က မရောက်ဖြစ်ရင်တောင် သူငယ်ချင်းတွေရဲ့ မိဘတွေက မေးတတ်ကြရုံတင်မကဘူး .. လာပါလို့လည်း ဖိတ်တတ်ကြပါသေးတယ်။

ဒါပေမယ့် နိုင်ငံခြားလည်းရောက်တော့ အဲဒီလောက် ဖေါ်ရွေပျူငှာတဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေဟာ မရှိသလောက် ဆိုသလိုပါပဲ။ သူတို့ရဲ့ အလွန့်အလွန်ဆိုတာက စားသောက်ဆိုင်တွေမှာ အားလုံးရှယ်လုပ်ပြီး အားရပါးရ သွားစားတတ်တာလောက်ပါပဲ။ ဒါမျိုးတွေရေးပြလို့ “မောင်ကိုတိုး တစ်ယောက်ဖြင့် စူစကာ ပုဏ္ဏား လှူတာအကုန်စား .. စားချင်ရှာလွန်းလို့ Blog ပေါ်ထိ လာရေးရတယ်” လို့ပြောလည်း ပြောစရာဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဆိုလိုချင်တာက ကျွန်တော့်ဘ၀ရဲ့ မန္တလေးမှာ ဖြတ်သန်းခဲ့တဲ့ သူငယ်ချင်းတွေနဲ့ပတ်သက်တဲ့ ညီရင်းအကိုသဖွယ် ပေါင်းသင်းဆက်ဆံရင်းနှီးမှု့မျိုးဟာ .. နိုင်ငံခြားဆိုတဲ့ နေရာတွေမှာ မရတော့တဲ့ အကြောင်းလေးတစ်ခု အနေနဲ့ ရေးပြရခြင်းပါ။
လက်ဝဲမှ လက်ယာသို့ - “အစဉ်အရမ်းမိတဲ့ ရှင်ဂွမ်းဂွိ” လို့ ပြောရလောက်တဲ့ ဘေဘေး၊ မွန်မွန်၊ အမြဲတမ်း တကျက်တကျက်ရန်ဖြစ်တတ်တဲ့ မနီလာ .. နောက်ကတော့ မင်းလေး မင်းကြီး နတ်ဝင်နေတဲ့အလား လက်ညိုးလေးတွေကိုယ်စီထောင်ထားတဲ့ ကျွန်တော်၊ ကျော်ကြီး နဲ့ တင်ထွန်းအောင် တို့ အညာဒေသရဲ့ Parado ပေါ်တွင် (မိုးလေးတွေ မှိုင်းညို့နေတဲ့ အချိန်မှာ .. မုံရွာနားက ရွာလေးတွေဟာ တော်တော်လေး လှတယ်)
မုံရွာဖိုဝင်တောင်ရောက် သူငယ်ချင်းကျော်ကြီး နှင့် ကျွန်တော်

ကိုတိုး

Jun 10, 2007

ကလေးမွေးတိုင်း ဘေဘီဘိုက်တာနဲ့ ကိုတိုးကို သတိရပါ


“ကလေးမွေးတိုင်း ဘေဘီဘိုက်တာကို သတိရပါ” ဆိုတဲ့ ဟိုးအရင်က မြန်မာရုပ်မြင်သံကြားက ဘေဘီဘိုက်တာ ကလေးအားတိုးဆေး ကြော်ငြာလေးကို သိကြမှာပါ။ မောင်ကိုတိုးတစ်ယောက် ဒီလိုရေးလိုက်တာ တခြားတော့ မဟုတ်ပါဘူး။ ကျောင်းနောက်ဆုံးနှစ်က သူငယ်ချင်းတွေ ခွဲခွာရတော့မှာမို့ တစ်ယောက်နဲ့တစ်ယောက် အမှတ်တရစာလေးတွေရေးပေးကြတော့ ကိုတိုးတစ်ယောက် လာရေးခိုင်းတဲ့ ကောင်မလေးတွေအားလုံးကို “ကလေးမွေးတိုင်း ဘေဘီဘိုက်တာကို သတိရပါ” ဆိုတဲ့ စာလေးတစ်ကြောင်းကို ရေးပေးခဲ့ပါတယ်။ သူတို့တစ်တွေဘယ်နေရာတွေရောက်လို့ ဘယ်လိုနေကြတယ်ဆိုတာကို နိုင်ငံခြားမှာနေတဲ့ ကျွန်တော်တစ်ယောက် မသိပေမယ့် သူတို့တွေ ကလေးတွေမွေးတိုင်း ကျွန်တော့် စစနောက်နောက်ရေးပေးလိုက်တဲ့စာသားလေးနဲ့ ကျွန်တော့်ကို သတိရနေမှာပါ။

ကိုတိုး

Apr 22, 2007

Size 34 ကို Try ကြည့်တော့မလို့ ဗျ


ကျွန်တော်က တစ်ခါတလေ အူကြောင်ကြား။ Mr. Bean ဆန်ဆန်ပေါ့။
ပြီးခဲ့တဲ့ ၃ ၄ လလောက်က ဂျင်းဘောင်းဘီ သွားဝယ်မလို့ Shopping Mall တစ်ခုကိုသွားခဲ့တယ်။ ဒါနဲ့ ဂျင်းအထည်နေရာတစ်နေရာလည်းရောက်တော့ ဟိုကြည့်ဒီကြည့်ပေါ့။ ကိုယ်ကြိုက်တဲ့ အရောင်လည်းတွေ့တော့ အစမ်းဝတ်ကြည့်မလို့ အရောင်းစာရေးမလေးတွေကို ဘေးဘယ် လိုက်ရှာမိတယ်။ ဖြစ်ချင်တော့ ဟိုလှည့်ကြည့် ဒီလှည့်ကြည့်နဲ့ ကျောဘက်အခြမ်းက မိန်းမ၀တ် ဂျင်းဘောင်းဘီတွေ ထပ်ထားတဲ့ဘက်ကို မျက်နှာလှည့်မိသွားတာ မသိလိုက်ဘူး။
ဒါနဲ့ အရောင်းစာရေးမလေးနှစ်ယောက်အနားရောက်လာတော့ သူက Size ဘယ်လောက်လဲလို့မေးတယ်။ ဒါနဲ့ ကျွန်တော်က Size No. 34 ဆိုတော့ သူက ရှာပေးတယ်။ ဒါနဲ့ ငါ အစမ်းဝတ်ကြည့်မလို့ဆိုတော့ သူက အူကြောင်ကြောင်ကြည့်နေတယ်။ ငါဘယ်နေရာနားမှာ သွားဝတ်ရမလဲ ဆိုတော့လည်း သူက ကြောင်ကြည့်နေတုန်းပဲ။ ဒါနဲ့သူက "Mister .. it's for woman" လို့ဆိုတော့ မှ .. ဟုတ်သား ဗျ .. ဟီး .. အခုခေတ် ကောင်မလေးတွေ ၀တ်တဲ့ .. ဖင်ကြပ်ကြပ် ဂွတိုတို ဗိုက်ပေါ်ချက်ပြုတ် ဘောင်းဘီပုံစံ ဗျ .. တော်သေးတာပေါ့ ဗျာ .. သွား Try ကြည့်လို့ကတော့ အကျိုးနည်းရချည်ရဲ့ ဗျာ။ ရှက်ရှက်ဆိုတော့လည်း ဟိုကြည့်ဒီကြည့် Mr. Bean ပုံစံမျိုးနဲ့ ရှောင်တခင် လှည့်ထွက်လာခဲ့ရတယ် .. ဟီး ..

ကိုတိုး

Apr 13, 2007

ကျွန်တော်နှင့်သူငယ်ချင်းများ (၆)


သင်္ကြန်မလည်တာ ယခုနှစ်နဲ့ဆိုရင် ၁၀ နှစ်တိတိတောင်ရှိသွားပေမယ့် ဟိုးအရင် ကျောင်းသားလူငယ်ဘ၀က ဖြစ်ကြောင်းရယ်မှ ကုန်စဉ်လေးတွေကိုတော့ စီကာပတ်ကုံးစာစီကုံးလို့ရေးရမယ် ဆိုရင်ဖြင့် ..

ကျွန်တော် ၉ တန်း နဲ့ ၁၀ တန်းနှစ် ကျောင်းပြီးခါစ လောက်ကပေါ့ ..

မျောက်ရှုံးအောင် သောင်းကျန်းလှတဲ့ သူငယ်ချင်းတွေနဲ့ သင်္ကြန်လည်ခဲ့ဖူးတယ်။ ပေါက်ကရကောင်လေးတွေလို့ ဆိုစမှတ်ပြုလည်း ဆိုရလောက်ပါပေတယ် ..

သူငယ်ချင်းတွေရဲ့ အဖေတွေ အမေတွေက အားလုံးကို ထိမ်းသိမ်းပေးဖို့အမြဲ အမှာစကားများပြောကြားတိုင်း အမြဲနားထောင်ရသူက တခြားဘယ်သူမှ မဟုတ်ပါဘူး .. ကျွန်တော်မောင်ကိုတိုးပါပဲ ဗျာ .. သူတို့လည်တာကလည်း ကမ်းကုန်လောက်ပါတယ် .. သင်္ကြန်စကတည်းက နှစ်ဆန်းတစ်ရက်နေ့အထိ လည်တယ် .. ညလည်း လည်တယ် .. တော်ပါတော့ကို ပြောယူရအောင်လည်း လည်တယ် ..

အဲ .. ညရောက်ရင်တော့ သူငယ်ချင်းအိမ်က ပလပ်စတစ်ပေပါ နှစ်ပိုင်းကို ကားပေါ်တင်ပြီး ရေခဲတုန်းထည့် တွေ့ရာလူပတ် .. ပျိုပျိုအိုအို ကလေးလူကြီး လမ်းတွေ့တာ

အကုန်ပက် ..

ဖြစ်ချင်တော့ ညလည်စာအဖြစ် မန္တလေးက ကီးမားတင်ဝင်းဆိုတဲ့ အလင်းဆိုင် (မှတ်ချက် .. အလင်းဆိုင် ဆိုသည်မှာ ညလုံးပေါက်ဖွင့်တဲ့ စားသောက်ဆိုင်လို့ ဆိုလိုပါတယ်) မှာ စားရင်း ရေ၀င်ဖြည့်လေ့ရှိတယ်။ သင်္ကြန်ရက်တိုင်းလိုလိုမှာ မန္တလေးမီတာရေလိုင်းက လာတဲ့ ရေဟာ ကလေးသေးပေါက်သလောက်သာသာ သာရှိမယ် ထင်ပါတယ် .. တစ်ခါတလေ အဲဒီ ကီးမားတင်ဝင်း လက်ဘက်ရည်ဆိုင် ရောက်ရောက်ချင်းကို သူတို့ ပန်းကန်ဆေးတဲ့ နေရာနားက ပိုက်မှာ ရေ၀င်ခံထားရင်ကို စားပြီးသောက်ပြီးတဲ့ ထိ တော်တော်နဲ့ကို ရေမပြည့်ဘူး ..

ဒါနဲ့ တစ်ရက်မှာ ...သူငယ်ချင်းတစ်ယောက်က ဘာမပြော ညာမပြောနဲ့ သူတို့ ခံထားတဲ့ ရေကို ဒန်ကန်လိုက် မလာပြီးဖြည့်တော့တာပါပဲ။ ထင်တော့ထင်သားပဲ .. ရေတွေက ဆီတွေဝေ့နေပြီး မဆလာနံ့တွေ ဒံပေါက်နံ့တွေသင်းလို့နေတော့ ပန်ကန်းဆေးတဲ့ ရေပဲဖြစ်ရမယ်လို့။ နောက် ဓါတ်မီးနဲ့ထိုးကြည့်တော့မှ ဆီတွေဝေ့နေတဲ့ နောက်ဆုံးရေကျန် ဆေးတဲ့ ရေပဲဖြစ်ရမယ်လို့။ မထူးတော့ပါဘူး ဆိုပြီး ညမှာ တွေ့သမျှ အကုန်ပက်တယ် .. ပက်တိုင်းလည်း ဒံပေါက်နံ့တွေ မဆလာနံ့တွေက သင်းလို့နေတယ် .. မန္တလေးမြို့ကတော့ သိတော်မူကြတဲ့အတိုင်းပါပဲ .. လမ်းဘေးဝယ်ယာမှာ တစ်ချို့ အငှားယာဉ်ပိုင်ရှင်တွေက ယာဉ်နောက်ပိုင်းမှာ ခြင်ထောင် ထောင်လို့ အိပ်တတ်ကြတယ်။ သူငယ်ချင်းတွေကလည်း ဆိုးမှဆိုး .. ထိုအိပ်နေတဲ့ လူတွေလည်း အငြိမ်မနေရဘူး .. ကားနဲ့ဖြတ်သွားတဲ့ အချိန် ပုံးနဲ့ပါသိပ်တော့ တာပါပဲ .. တစ်ချို့လည်း .. မအေညီမ မိုးမွှန်အောင်ကို ဆဲဆိုပြီးကျန်နေခဲ့ကြတယ် ..

ထိမ်းမရတဲ့ သူငယ်ချင်းတွေအတွက်တော့ စိတ်ပျက်မိသူက ကျွန်တော်ပါ .. ဒါပေမယ့် သူတို့တွေ ရေပက်ပြီးတိုင်း တ၀ါးဝါး တဟားဟားနဲ့ ရယ်ကြရင်လည်း လိုက်ရယ်တတ်သူက ကျွန်တော်ပါပဲ ..

မစားရ အညှော်ခံ ဒံပေါက်ရနံ့ကတော့ သင်းမှာ အမှန်ပါပဲ ..

အားလုံးခွင့်လွှတ်နားလည်း နိုင်ကြပါစေ

ကိုတိုး

Mar 27, 2007

ပရိတ်ကြီး ၁၁ သုတ် နှင့် ဆဲဗန်းအလဲဗန်း


မနေ့က အလုပ်က ထိုင်းမလေးတစ်ယောက် ဖခင်ဆုံးလို့ အသုဘရှု့သွားခဲ့တယ်။ ဟိုလည်းရောက်ပြီးခဏကြာတော့ ထိုင်းဘုန်းတော်ကြီးများက ရွတ်ဖတ်ကြပါတယ်။

ဒါနဲ့ .. ဘေးက ထိုင်းမလေးကို “ဘုန်းကြီးတွေ ဘာရွတ်နေသလဲဆိုတာ နင်သိသလား” လို့မေးတော့
သူက “တစ်ချို့သာသိပြီး တစ်ချို့ကို မသိကြောင်း” ပြန်ပြောပါတယ်။

နောက်တော့ ပရိတ်ကြီး ၁၁ သုတ်အကျဉ်းကို ရွတ်နေချိန်တွင် မောင်ကိုတိုးက ထပ်၍မေးခွန်းထုတ်ပါတယ် ..
“အခု ဘုန်းကြီးတွေ ဘာရွတ်နေသလဲဆိုတာရော သိသလား” လို့မေးတော့
“သူက မသိကြောင်း” ပေါ့။

ဒါနဲ့ပဲ ကျွန်တော်က “အခု ပရိတ်ကြီး ၁၁ သုတ်ရွတ်နေကြောင်း” ကိုပြောတော့ .......... ဟိုး .. တစ်ယောက်ကျော်က ထိုင်းမလေးက နားစွန်နားဖျားကြားပြီး “ကိုတိုး ဒီနေရာနားမှာ ဆဲဗန်းအလဲဗန်း ဆိုင်မရှိဘူးလို့” လှမ်းဖြေလိုက်တယ်။ သူ့အပြောကြောင့် ရယ်မိကြပေမယ့် အသုဘမှာလည်းဖြစ် ဘေးက တစ်ယောက်နှစ်ယောက်က ကြည့်နေလို့လည်းဖြစ် .. ရယ်ချင်စိတ်ကို မနည်း ပါးစပ်ကြီးပိတ်ပြီး ထိမ်းထားပေကြမယ့် စပ်ဖြီးဖြီးဖြစ်နေတဲ့ ကျွန်တော်တို့အမူအရာတွေကိုတော့ ပုန်းကွယ်လို့မရတာ မြင်တဲ့လူတိုင်း သိမှာပါ။

သူလည်း ၁၁ ပါတာနဲ့ နားစွန်နားဖျားကြားပြီး ...

ကိုတိုး

Mar 23, 2007

Cute Baby

ကလေးချစ်တတ်တဲ့ ကျွန်တော် ဒီပုံလေးကို Friendster က User တစ်ယောက်ဆီကနေ Copy ကူးလာခြင်းပါ။ ခွင့်မတောင်းပဲ ကူးတော့ ခိုးတယ် လို့ဆိုလေမလား။ ဘာပဲဖြစ်ဖြစ်ပေါ့ ဒီ ၀၀ ကစ်ကစ် ကလေးလေးရဲ့ လျှာတစ်လစ်လေးနဲ့ အမူယာကို သဘောကျလွန်းလို့ပါ။

ရုံးက ကလေးရူးရူးနေတဲ့ ဗိုက်စကြီးခါစ ထိုင်းမလေးတစ်ယောက်ကို ဒီပုံလေးပြတော့ သိပ်သဘောကျလွန်းလို့ တစိမ့်စိမ့်ကြည့်နေတာက အမှန်ပါ။ ကျွန်တော်တောင် ကလေးချစ်တတ်ရင် ကလေးကို ၀မ်းလွယ်ထားတဲ့ မိခင်လောင်းတစ်ယောက်အနေနဲ့ ဘယ်လောက်များ ချစ်တတ်မလည်း ဆိုတာ သူ့ကို ကြည့်ရင်း နားလည်မိပါတယ် ဗျာ။


Title: Cute Baby

Mar 11, 2007

ဘယ်တော့မှမမေ့ဘူး


တစ်ရက်တော့ ကျော်ကြီးရောက်လာပါလေရော။ ကျော်ကြီး ဆိုတာက ကျော်ဝင်းဆွေ ပေါ့။ ကျွန်တော့်သူငယ်ချင်း။ အိမ်ကတော့ သိတဲ့ အတိုင်းပဲ ညီအကိုသုံးယောက်ရှိတော့ သူငယ်ချင်းအပေါင်းအသင်းတွေလာတာများတယ်။ ကျွန်တော်ကလည်း သူလာနေတုန်း ကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းနေလိုက်တာ လွန်ပါလေရော။ ကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းတာတော့ တခြားမဟုတ်ပါ။ ဟိုးအရင်က ဦးကျော်ဟိန်း .. နောက်တော့ ကိုဇော်ပိုင် ဆိုထားတဲ့ ဘယ်တော့မှမမေ့ဘူး ဆိုတဲ့ သီချင်းထဲက “ဒီ ကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာ အစက ပြန်စလို့ရရင် .. အရင်လိုမျှော်လင့်ချက်နဲ့ .. ရှင်သန်အားမွေးလိုက်ချင် .. ” စာသားတွေပါ။ သူလည်း အိမ်လာတိုင်း ဂိမ်းဆော့၊ မဆော့ရင် စာအုပ်ဖတ်၊ မဖတ်ရင်လည်း စကားပြောပေါ့။ ကျွန်တော်ကလည်း အဲဒီသီချင်းရဲ့ ကော့ဒ်တွေကို အလွတ်ရအောင် အသားကုန် တစ်ခေါက်ပြီးတစ်ခေါက် ဂစ်တာတီးရင်း ဆိုနေတော့တာပါပဲ။

နောက်တစ်နေ့ကျတော့ သူလာတုန်း ညီတော် ကိုယ်တော်လေး မျိုးကျော်ထွန်းကပါ အဲဒီသီချင်းကို ဆိုပြီး အလွတ်ရအောင် တီးနေတော့ သူက အခုလို သူငယ်ချင်းတွေကြားမှာ ဟာသလေး တစ်ခုအဖြစ် ပြောပြတတ်ပါတယ်။ “ကိုတိုးတို့ ညီအကိုတွေများ လွန်ပါရော .. ကမ္ဘာကို အကိုက နောက်ပြန်လှည့်ခိုင်းလိုက် .. ညီက နောက်ပြန်လှည့်ခိုင်းလိုက်နဲ့” ဆိုတာပါပဲ ဗျာ။

ဘာရယ်မှ မဟုတ်ပါဘူး .. ဒီသီချင်းကို ဆိုတိုင်း ကျော်ကြီးပြောပြောနေကျ ဟာသလေးကို သတိရရင်း .. ရေးလိုက်ရခြင်းပါ ..

ကိုတိုး

Feb 24, 2007

ငါ့ဘကြီးရဲ့ မခင်နှင်းဆီ


“မခင်နှင်းဆီ ရယ် .. မခင်နှင်းဆီ ရယ် .. တဖက်သတ်ကျိတ်ပိုးလေးနဲ့ တိတ်တခိုးဆွေးတဲ့ ကျွန်တော်ရယ် .. ဘာပဲပြောပြော ရာဇ၀င်ရှိတယ် .. ခုတော့လဲ ဒါတွေ ဒါတွေ ပြီးခဲ့ပါပြီ .. ပြီးခဲ့ပါပြီ .. ဒါပေမယ့်လည်း .. တစ်ရံတစ်ခါတော့ .. သတိရနေပါသည် .. သြော် .. သြော် .. ငယ်ငယ်တုန်းက .. မခင်နှင်းဆီ .. ”

အဆိုတော်ကိုလွှမ်းမိုး ဆိုတဲ့ သီချင်းပေါ့၊ အခုနားထောင်ဖြစ်တာက ရာဇာဝင်းတင့်ကပြန်ဆိုထားခြင်းပါ ..

အဲ .. အဲဒီသီချင်းကို ကိုတိုးတစ်ယောက် သိပ်ကြိုက်တာပေါ့ .. တစ်ပတ်ကိုတော့ အနည်းဆုံး တစ်ခါ နှစ်ခါလောက် နားထောင်ဖြစ်ပါတယ် .. ဒါပေမယ့် ဟိုးတလောက ဒီသီချင်းကို ဘာရယ်ကြောင့်မှန်းမသိ ရုံးမှာ အဲဒီ သီချင်းတစ်ပုဒ်တည်းကိုပဲ .. လေးငါးရက်လောက်ဆက်တိုက်လောက် နားထောင်ဖြစ်တယ်။ ရုံးမှာ နားထောင်တယ် ဆိုလို့ Speaker နဲ့တော့ မထင်လိုက်ပါနဲ့ .. Headset နဲ့ပါ ဗျာ .. ဒါပေမယ့် အသံလေးတင်ထားတဲ့ အတွက် ဘေးနားကလူကတော့ ကျွန်တော်ဘာနားထောင်နေသလဲဆိုတာကို အတိုင်းသားကြားနေရမှာပါ။ ဒီအတွက် .. သူ့မှာ စိတ်အနှောက်ယှက်ဖြစ်စရာမလိုပါဘူး .. သူလည်းထိုနည်းတူပါပဲ .. သူ့သီချင်းသူ Headset နဲ့နားထောင်တတ်ကြပါတယ်။ သူ့သီချင်းကိုယ်ကြား ကိုယ့်သီချင်းသူကြားပေါ့။ ကျွန်တော် မြန်မာသီချင်းတွေ နားထောင်တတ်တယ်ဆိုတာကိုတော့ သူတို့သိပါတယ်။

ဒါပေမယ့် .. မှတ်မှတ်ရရ .. တနင်္လာနေ့လောက်ကနေ စလိုက်တာ သောကြာနေ့လောက်လည်းရောက်တော့ အရှေ့က ထိုင်းမလေးက နောက်ကိုလှည့်ပြီး စပ်စပ်စုစုနဲ့ .. “ဘာလို့ ဒီသီချင်းတစ်ပုဒ်တည်းကို နေ့တိုင်းဖွင့်နေရတာလည်း .. ပြင်းစရာမကောင်းဘူးလား .. ဘာကိစ္စနဲ့ ဒီလောက်တောင် ဒီသီချင်းကို ကြိုက်ရတာလဲ .. သီချင်းအဆိုတော်နဲ့ သီချင်းနာမည်ကရော” လို့ ဆက်တိုက်မေးခွန်းတွေနောက်မှာ ကျွန်တော်ခပ်တည်တည်နဲ့ “ငါ့ဘကြီးရဲ့ မခင်နှင်းဆီ” လို့ ဖြေလိုက်ပါတယ်။ ကြောင်စီစီလုပ်နေတဲ့ သူ့ကိုကြည့်နေရင်း သူ နောက်ထပ်ဘာမေးခွန်းတွေထပ်မေးမလဲဆိုတာကို ကျွန်တော့်အနေနဲ့ သိပါတယ် .. ဒါပေမယ့် “မင်းအလုပ်ကို မင်းလုပ်ပါလား .. သိချင်ရင်နောက်မှ ငါ့ဘကြီးနဲ့ မခင်နှင်းဆီအကြောင်းကိုမေးပါလား” ဆိုပြီး အတည်ပေါက်နဲ့ထပ်ပြောလိုက်တော့မှ “အိုကေ .. အိုကေ” ဆိုပြီး လှည့်သွားပါတော့တယ် ဗျာ။ ပြောလိုက်တဲ့ စကားအတွက် သူ့နောက်ကနေ ကြိတ်ပြီးပြုံးနေတဲ့သူကတော့ ကျွန်တော်ပါ ဗျာ။

အန္ဒိယလေသံဝဲ၀ဲဖြင့် အမြဲပြောပြောတတ်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ “ငါသူ့ကို ခါးတည်တည် (ခပ်တည်တည်) နဲ့ ပြောလိုက်တယ်” ဆိုတဲ့ စကားလေးကို သတိရရင်း

ကိုတိုး

Feb 19, 2007

သူငယ်ချင်းရဲ့ ရဟန်းခံပွဲ သို့တစ်ခေါက်

ဟိုတစ်နေ့က သူငယ်ချင်း ဘန့် ရဲ့ ရဟန်းခံပွဲကို ညီတော် ကိုယ်တော်လေး မျိုးကျော်ထွန်း နဲ့ သွားခဲ့တယ်။ ထိုင်းနိုင်ငံရောက်တာ ၃ နှစ်နီးပါး ရှိပေမယ့် ဘုန်းကြီးကျောင်းကို ၃ ခါလောက်ပဲ ရောက်ခဲ့တယ်။ ၃ ခါလောက်ပဲ ရောက်တယ်ဆိုလို့ ဘာသာတရားမကိုင်းရှိုင်းဘူးလို့တော့ မထင်လိုက်ပါနဲ့ ဗျာ။
မနက် ၇ နာရီကျော်လောက် က Taxi စီးသွားလိုက်တာ ၈ နာရီကျော်ကျော်လောက်မှ ရောက်တယ်။ ဘုန်းကြီးကျောင်းကတော့ မြဘုရားနားက ရှေးဟောင်းဘုန်းတော်ကြီး ကျောင်းပါ။ စ၀င်ကတည်းက ကျောင်းပရ၀ဏ်အတွင်းက ထိုင်း သုခုမ အနုပညာ လက်ရာတွေကို ငေးရတာ အမောသားပါ။ ကျောင်းအတွင်းမှာတော့ ကိုယ့်ထက် ဦးအောင်ရောက်နေတဲ့ သူငယ်ချင်းတွေ စုံလို့ပါပဲ။ ခဏနေတော့ ဘုန်းကြီး ဘန့် သင်္ကန်းမစီးမှီ ဖိုးသူတော်လို အဖြူရောင် သင်္ကန်းပတ်ပြီး ထွက်လာပါတယ်။ ပွဲလာ ဆွေမျိုးညာတိ မိတ်သင်္ဂဟ အပေါင်းတို့ကလည်း ဘုန်ကြီး ဘန့် နဲ့ ဓါတ်ပုံတွေ ရိုက်ကြပေါ့။ ဒါပေမယ့်လည်း အသွင်မတူ အနေထိုင်မတူ စကားမတူတဲ့ ကျွန်တော်တို့ ညီအကို နှစ်ယောက်ကိုတော့ တိုင်းတပါးသားတွေလို့ လူတွေက ရိတ်မိနေတာကိုတော့ သိပါတယ်။ နောက်တော့လည်း ဘုန်းကြီး ဘန့်ကပဲ “မြန်မာပြည်မှ သူငယ်ချင်းများ”လို့ အားလုံးနဲ့ မိတ်ဆက်ပေးပါတယ်။ ပြီးတာနဲ့ ကျောင်းကို ပတ် ဘုရားကျောင်းဆောင် အတွင်းမှာ ရွတ်ဖတ်ပြီး သင်္ကန်းစီးပါတယ်။
အဲ .. နောက်ဆုံး အစီအစဉ်ကတော့ ကိုတိုးတို့ အကြိုက် “အလှူ” ပါပဲ။ ဘူဖေး ပုံစံ ဟင်းလျာတွေ မြင်ကတည်းက ပြေးဆွဲချင်တာ မနဲစိတ်ထိမ်းထားရတယ်။ စားဆိုတာနဲ့ သူငယ်ချင်းအားလုံးကလည်း အကြံတူ ဟန်မမူသူတွေမို့ အပြေးအလွှားသွားဆွဲရင်း တီးကြပေမယ့် “ဟိုကောင်လေးတွေက မြန်မာလေးတွေ” ဆိုတဲ့ ပွဲလာ ပရိတ်သတ်တွေရဲ့ အကြည့်တွေကြောင့် အ၀တီးချင်တဲ့ စိတ်ကို ဘရိတ်အုပ်ခဲ့ရပါတယ်။ ဟင်းတွေကလည်း ထိုင်းအစားအစာတွေနဲ့ ထိုင်းအချိုပွဲတွေဆိုတော့ ပြောနေစရာ မလိုတော့ ပေမဲ့ ဒီစာရေးရင်းကတော့ နောက်ဘယ်ပွဲတွေများ သွားကြိတ်ရမလဲဆိုတာကို စိတ်ကူးနေဆဲပါ။

ကိုတိုး