Showing posts with label Feeling. Show all posts
Showing posts with label Feeling. Show all posts

Mar 3, 2008

Re-Rendering

Feb 19, 2008

ကမ္ဘာမကျော်သေးသော ကျွန်တော့် Quote များအကြောင်း (၁)

www.myohanhtun.com


ဒါကတော့ ကျွန်တော် အမြဲတမ်း တွေးတွေးပြီးရေးတတ်တဲ့ ဒိုင်ယာရီထဲက စာသားလေးတွေ၊ ကဗျာထဲက စာသားလေးတွေ ကို ပြန်ပြောင်းအောင်းမေ့တဲ့ အနေနဲ့ ဖော်ပြခြင်းပါ။ ကမ္ဘာမကျော်သေးသော ကျွန်တော့် Quote များအကြောင်းလို့ ခေါင်းစဉ်ကိုလည်း ကြိုက်နှစ်သက်မိတာတော့ အမှန်ပါ။ အင်း ဆီဈေးကြီးလို့ နေမှာပေါ့ .. ဟယ် .. ဒါမမဟုတ် ဒယ်အိုးမဆန့်လို့နေမှာပေါ့ကွာ ဆိုတဲ့ အပြောင်အပျက်စကားလေးတွေကို ကြားယောင်မိရင်း ..

မှတ်ချက်။ ။ ကြိုးစားပြီးအင်္ဂလိပ်လိုရေးထားတဲ့ အောက်က အင်္ဂလိပ်လို စာသားလေးက ချောမွေ့လှပခြင်း ရှိချင်မှ ရှိလိမ့်မယ် .. အင်္ဂလိပ်စာ ပိုမို .. နားလည်တတ်ကျွမ်းသူများ .. ပိုပြီး လှအောင် ပြင်ဆင်ပေးနိုင်ပါတယ် ဗျာ။

ကိုတိုး

Feb 14, 2008

ယဉ်ယဉ်လေးရူးလို့နေ (၂)

ယဉ်ယဉ်လေးရူးလို့နေ (၂)

တောင်ပံတွေ မပါခဲ့တဲ့ ငါဟာ
အနိမ့်ဆုံးနေရာကို
ခုန်တက်ဖို့တက်
အမြင့်ဆုံးထိ ပျံတတ်ချင်ခဲ့တယ်

ပန်းလေးတစ်ပွင့်ကို
ပွင့်လန်းလာအောင်
မစိုက်ပျိုးနိုင်ခဲ့တဲ့ ငါဟာ
ခန်းခြောက်နေတဲ့ အရာတွေကို
ပန်းဥယျာဉ်ကြီးတွေ အဖြစ်
ပြောင်းပစ်ချင်ခဲ့တယ်

လက်နက်မပါခဲ့တဲ့ ငါဟာ
သစ်တစ်ပင်ကို ခုတ်လှဲဖို့ထက်
အင်ပါယာကြီးတစ်ခုကို
တိုက်ယူချင်ခဲ့တယ်

ချောင်းတစ်ခုကိုတောင်
လက်ပစ်ကူးပြီး မဖြတ်ခဲ့တဲ့ ငါဟာ
သမုဒ္ဓရာကြီးကို
ကူးချင်ခဲ့တယ်

တကယ်တော့ ငါဟာ
စိတ်ကူးကောင်းတွေနဲ့
ယဉ်ယဉ်လေးရူးလို့နေ တာလား

ကိုတိုး

Feb 11, 2008

၎ နှစ်ရှိနေပြီ .. ရမ်ခမ်ဟန် ဆွိုင် ရီးဆစ်ဆီ

၎ နှစ်ရှိနေပြီ .. ရမ်ခမ်ဟန် ဆွိုင် ရီးဆစ်ဆီ

ဒီလမ်းထဲက
တ၀ူးဝူး ကိုယ်ပိုင်ကားတွေကို
ငေးကြည့်နေရင်း
၅ ဘတ်တန် အနီကားနဲ့ပဲ
လမ်းထိပ်ကို ထွက်ခဲ့ရတာ
၎ နှစ်ရှိနေပြီ

အိပ်တွေကိုယ်စီနဲ့ စာရွက်တွေပွေ့ပိုက်ရင်း
နားမလည်တဲ့ ဘာသာရပ်တွေ
အကြောင်းပြောနေတဲ့
လူတွေကို ငေးကြည့်ခဲ့ရတာလည်း
၎ နှစ်ရှိနေပြီ

“ထောက်ရိုင် ခရပ်” ဆိုပြီး
လက်ညှိုးကို ဟိုထိုးဒီထိုး
တစ်ယောက်တည်း
ကြောင်တောင်တောင်နဲ့
ဈေးဝယ်ထွက်ခဲ့ရတာလည်း
၎ နှစ်ရှိနေပြီ

ကျောင်းတော်ကြိးတွေရယ်
ရေကန်ကြီးရယ်
အားကစားကွင်းကြီးရယ်
အားကစားရုံကြီးရယ်
ငါအမြဲသွားသွား ဆွေးခဲ့ရတဲ့ နေရာလေးရယ်
ရေကန်ထဲက ငါ့သူငယ်ချင်း ငါးတွေရယ်
လမ်းထဲက ခွေးလေခွေးလွင့်တွေရယ်
မပြုံးမရီခဲ့တဲ့လူတွေရယ်
ခင်မင်ခဲ့တဲ့လူတွေရယ်
ကွန်ဒိုဆောင်ရယ်
သွားစားနေကြ ထမင်းဆိုင်တွေရယ်
ဒါတွေလည်း
၎ နှစ်ရှိနေပြီ

ကိုတိုး

Jan 12, 2008

ပဲဟင်းချက်တဲ့ မယ်ခင်



ပဲဟင်းချက်တဲ့ မယ်ခင်

ရီပြရုံလေးဖြင့်
သူ့ကိုကြိုက်တယ်ထင်
မယ်ခင်မှာ
ပဲဟင်းချက်တော့
ဆူဝေကာလျှံပါတော့တယ်
အိုးမီးကငြိမ်း

ကိုတိုး

Dec 6, 2007

ကွက်လပ်တွေနဲ့ အချစ်



ကွက်လပ်တွေနဲ့ အချစ်

မမရယ် ..
ကမ်းလက်မရှိတော့တဲ့
ဒီဘ၀မှာ
အလင်းတန်းမဲ့ ပုံရိပ်တွေကို
လွမ်းဆွေးနေရတဲ့
ကျွန်တော့်ရဲ့အဖြစ်တွေရော
အဝေးတစ်နေရာက မမ
သိနေမှာလား

မမရယ် ..
နိုးတစ်ဝက်အိမ်မက်တွေထဲမှာ
လှပတဲ့ ပုံရိပ်တွေကြောင့်
ရူးသွပ်သွားတဲ့ ကျွန်တော့်ကိုရော
မမ နားလည်ပေးမှာလား

မမရယ် ..
ဒီတစ်သက်မှာ
အချစ်တွေနဲ့ပေးဆပ်မယ့်
ကျွန်တော့်နှလုံးသားကို
အေးစက်နေတဲ့ နှလုံးသားနဲ့
ကွက်လပ်တွေကို အပြစ်ရှာကာ
မုန်းမေ့နေတော့မှာလား

ကိုတိုး

လွမ်းနေမယ် မမ



လွမ်းနေမယ် မမ

ငွေကြယ်လေးတွေ စီကာဝန်း
မညီမညာထွန်းလင်းတဲ့
ထက်ကောင်းကင်က
လမင်းရဲ့ အလင်းရောင်နဲ့
မမ ကိုလွမ်းနေတဲ့
အရိပ်တစ်စုံဟာ
သံစဉ်တွေ ဖြစ်ခဲ့ရပြီ

လွမ်းတေးတွေ ကြူ
မျက်ရည်တွေ ဆူ
ချိနဲ့ဆွံ့အတဲ့ နှလုံးသားတစ်ခု
အမြဲတိုးတီးစွာ ရေရွတ်နေမိတာက
“လွမ်းနေမယ် မမ”

ကိုတိုး

Oct 27, 2007

ယဉ်ယဉ်လေးရူးနေရပြီ

ယဉ်ယဉ်လေးရူးနေရပြီ

ရိုးရိုးလေးနဲ့
လှတဲ့ မင်းရယ်

မင်းလှမ်းခဲ့တဲ့
ခြေလှမ်းလှလှလေးရယ်

မင်းလျှောက်ခဲ့တဲ့
လမ်းလေးရယ်

မင်းပြောခဲ့တဲ့
အသံလေးရယ်

မင်းအမြဲဝယ်ခဲ့တဲ့
မုန့်ဆိုင်လေးရယ်

ဒီပုံရိပ်တွေကို
ငါပြန်မြင်ယောင်မိရင်း
ယဉ်ယဉ်လေးရူးနေရပြီ

ကိုတိုး

Oct 4, 2007

ရမ်ခမ်ဟန် ရဲ့ လမ်းဟောင်းလေး

ရမ်ခမ်ဟန် ရဲ့ လမ်းဟောင်းလေး

ရင်ထဲကစကား
သူ့နားမှာ မခါးရအောင်
စာလေးတွေက ဆင့်ဆိုလို့
ဖွင့်ဆိုတဲ့
ငါ့ရင်ခွင်ကို သူ မမြင်ရင်လည်း
ရမ်ခမ်ဟန် ရဲ့ လမ်းဟောင်းလေးက
“သူ့ကို သက်သေခေါ်ပါ” တဲ့

ငါ့အသည်းတွေ
ကွဲကြေပါလေပြီ
လေရူးတွေမြူး
စိတ်ကူးတွေ လှိုင်းကြမ်းလို့လူးတဲ့အလား
ထိုင်ကာဆွေး
ငိုင်ကာ ငေးနေရတဲ့ ငါ့အဖြစ်ကို
ရမ်ခမ်ဟန် ရဲ့ လမ်းဟောင်းလေးက
“တစ်နေ့တော့ သူပြန်လာမှာပါ” တဲ့

ကိုတိုး

ဒါကတော့ ရမ်ခမ်ဟန် အားကစားကွင်းထဲက ကျွန်တော် သွားထိုင်နေကြ ကျောက်တုန်းလေးပေါ်မှာ အလွမ်းတွေပိုမိရင်း ရေးစပ်ခဲ့တဲ့ ကဗျာလေးတစ်ခုပါ။

Sep 4, 2007

မခင်နှင်းဆီ

မခင်နှင်းဆီ

မူးဝေလို့ခြွေမယ့်လူတွေအတွက်
ဆူးတွေနဲ့ဝေတဲ့
မင်းရဲ့ အလှက
ငါ့ အတွက်တော့
ရင်မောစရာပါ ..

အချိန်မလွန်
ညှိုးမစွန်းသေးတဲ့
မင်းရဲ့ ဘ၀ကို
ဆူးတွေနဲ့ဆိုလည်း
ငါ လက်လှမ်းမှီချင်ပါသေးတယ်

ကိုတိုး

Apr 30, 2007

လေစိုစို တိမ်တွေငို

လေစိုစို တိမ်တွေငို

လေစိုစို တိမ်တွေငိုပါလို့
လွှင့်နေတဲ့ ငါ့စိတ်တွေကို
ဘယ်သူ ကူလို့ပဲ့ကိုင်ပါ့မလဲ

အလွမ်းတွေအမြဲဝေနေတဲ့
ငါ့အချိန်တွေကိုရော
ဘယ်သူလာလို့ ခူးပါ့မလဲ

စိတ်ကူးနဲ့ရူး
မထူးတော့ပါဘူးဆိုပြီး
ဘ၀တစ်ခုလုံးကို
ပျင်းရိစွာနဲ့ ဆုပ်ကိုင်ထားလေရဲ့

ကိုတိုး

Apr 28, 2007

ဒီလိုရှိပါတယ် လူကြီးမင်း


CMS နဲ့ မနိုင်းနိုင်းစနေတို့က Tag လုပ်လို့ ရေးလိုက်ရပါတယ် .. ပိုတယ်ထင်ရင်လည်း မတတ်နိုင်ဘူး။ လိုတယ်ထင်ရင်တော့ အကြံပေးပါ။ စိတ်မနှံ ရူးနန့်နန့်လို့ပြောလည်း မတတ်နိုင်ဘူး ဗျ။ စိတ်ထဲ ရှိသာတွေရေးလိုက်ရပေမယ့် ချန်ထားသေးတယ် ဗျာ။ ရူးတူးတူး ပေါတောတော ပြောလည်း မတတ်နိုင်ဘူး။

(၁) . . . . . အနုပညာကို သိပ်ဝါသနာပါသည်။ ကိုယ်ကိုယ်တိုင်လည်း အနုပညာသည် တစ်ယောက်ဖြစ်ချင်ခဲ့၏။ အတီးအမှုတ် ကဗျာ စာပေ ပန်းချီ ပန်းပု ဓါတ်ပုံပညာတို့ ကို လွန်စွာပင် နှစ်သက်သည်။ ပန်းချီ၊ ဒီဇိုင်း နှင့် ဗိသုကာ အတတ်တို့ကို လွန်စွာပင် အရူးအမူး ပြုလုပ်တတ်ခြင်း။ ကာလပေါ်တေးသီချင်းများ နှင့် ရုပ်ရှင် နောက်ခံ တီးလုံးများကို လွန်စွာ သဘောကျခြင်း။ ကြိုက်သော သီချင်းကို တစ်ပုဒ်တည်း ရက်ပေါင်းများစွာ လပေါင်းများစွာ ဖွင့်တတ်ခြင်း။

(၂) . . . . . လူမျိုးရေး၊ ဘာသာရေး နှင့် ကိုးကွယ်ယုံကြည်မှု့တို့ အပေါ် ခွဲခြားဆက်ဆံတတ်သူများကို လွန်စွာပင် မုန်းတီးခြင်း။ လောကတွင် လူဆိုး လူကောင်း အဖြစ်သာ ခွဲခြားသင့်သည် ဟုပင် ယုံကြည်မိသူဖြစ်ပါသည်။

(ဖြေရှင်းချက်။ ။ ကျွန်တော်လို ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ရှေ့ဘ၀ နောက်ဘ၀ ကံ ကံ၏ အကျိုးနှင့် အကြောင်းကို ယုံကြည်မိသူ ဖြစ်ပါလျှင် .. ကျွန်တော် လွန်လေပြီးသော ဘ၀များနှင့် နောင်ဖြစ်လာမည့် ဘ၀များသည် မည်သို့သောလူမျိုး မည့်သည့်ဘာသာကို ကိုးကွယ်မည့်သူ ဟုမသိပါ။ ထို့ကြောင့် ထိုသို့သော “သူကဘာလူမျိုးမို့” “သူက ဘာဘာသာဝင်မို့” ဆိုပြီး ခွဲခြားဆက်ဆံမှု့များကို လွန်စွာပင် စိတ်ပျက်မိပါသည်။)

(၃) . . . . . ပြသနာများကို ဖြေရှင်းရာတွင် ခေါင်းအေးအေးနှင့် ဖြေရှင်းခြင်းထက် .. ပွဲကြမ်းတတ်ခြင်း။ မှန်တယ် ထင်ရင် ထင်တိုင်း ကျဲတတ်ခြင်း။

(၄) . . . . . လိမ်လည်သူများ ညာပြောသူများကို အလွန်မုန်းတီးတတ်သည်။ လိမ်လည် ကောက်ကျစ်တတ်သူဟု သိပါက မိတ်ဆွေအပေါင်းအသင်းအဖြစ်မှ ရပ်စဲတတ်ခြင်း။ ငွေကြေးနှင့် ပတ်သက်သော ကိစ္စများတွင် ၁ ပြား ၁ ကျပ် မှ အစွန်းအထင်း မခံခြင်း။

(၅) . . . . . အားကစားကို လွန်စွာပင် သဘောကျလှသည်။ အားကစားရုံကို သိပ်ချစ်သည်။ အားကစားကွင်းတွေကို သိပ်မြတ်နိုးသည်။ အားကစား ပစ္စည်းများကို ၀ယ်ယူခြင်းအတွက် အလွန်ဝါသနာပါသည်။ ငယ်စဉ်အခါက ဘောလုံးကန်ခြင်းကို အလွန်သဘောကျခဲ့သည်။ နောက်ပိုင်းတွင် အလေးများဖြင့် ခွန်အားသုံးကစားရသော ခန္ဓာကိုယ် ကြံခိုင်စေမည့် အားကစားနည်းကို ချစ်မြတ်နိုးစွာ ကစားမြဲ ကစားစဲ ဖြစ်ပြီး ကာယဗလနှင့် အလေးမအားကစား၊ လက်ဝှေ့၊ နဘန်း နှင့် Ju Jutsu ကဲ့သို့သော ခွန်နှင့်အားနှင့် တွန်းတွန်းတိုက်တိုက်ကစားသော အားကစားနည်းများကို အလွန်ပင် ကြိုက်နှစ်သဘောကျသည်။ Liverpool ဘောလုံးအသင်းကို ငယ်စဉ်ကလေးဘ၀မှ စ၍ယခုထက်တိုင်အောင် အရူးအမူး အားပေးသူဖြစ်သည်။

(၆) . . . . . တွေ့တဲ့လူတိုင်းကို အားကစားရုံ နဲ့ အားကစားကွင်း သွားရန် အမြဲပြောဆိုခြင်း နှင့် မသွားသွားအောင် ဖြောင့်ဖျပြောဆိုတတ်ခြင်း။ အစာအဟာရအကြောင်းများနှင့် အခြားဆေးဘက်ဝင် အပင်များအကြောင်းကို ပြောဆိုလာသူများနှင့် တွေ့ပါက အထူးနှစ်သက်သဘောကျစွာ ပြောဆိုတတ်ခြင်း။

(၇) . . . . . အဟာရဖြစ်သော အစားအစာများကိုသာ ရွေးစားတတ်သော်လည်း .. ဈေးကြီးပေးပြီး စားရသော စားသောက်ဆိုင်များကို လုံးဝမကြိုက်ခြင်း။ မန္တလေးမှ အစားအစာများကို အလွန်ကြိုက်နှစ်သက်ပြီး .. အထူးသဖြင့် ရှမ်းခေါက်ဆွဲ၊ ၀က်သားတုတ်ထိုး၊ ချပါတီ၊ ဒိုစာ (မြန်မာ အခေါ် တိုရှည်)၊ ချစ်တီးထမင်း၊ ဆိတ်ဆွပ်ပြုတ်၊ နန်းကြီး မုန့်တီ၊ ဘယာကြော်၊ ငါးချိတ်ပေါင်း၊ မန္တလေး ထမင်းပေါင်း တို့ကို အထူးခုံမင်နှစ်သက်စွာ စားတတ်ခြင်း။ စားသောက်ရာတွင်လည်း အိနြေ္ဒရရ စတိုင်လ် တစ်ခွဲသားဖြင့် ကိန်းကြီးခန်းကြီး စားသောက်ခြင်းထက် လက်ဖြင့် အားရပါးရ နှယ်ဖတ်စားသောက်တတ်ခြင်း။ ကိတ်မုန့် လက်ဘက်ရည်၊ ကော်ဖီ တိုက်ကျွေးသော မင်္ဂလာဆောင်များ နှင့် စားဆိုမှ စားရသော မင်္ဂလာဆောင်တို့ကို သွားရမှာ လွန်စွာပင် စိတ်ပျက်မိခြင်း။ စားသောက်ဆိုင်များသွားစားရာတွင်လည်း အပြင်အဆင်လွန်လွန်းလှသည့် စားဖွယ်သောက်ဖွယ်များကို စိတ်ထဲမှနေ၍ “ချီး တန်ဆာဆင်ခြင်း” လို့ အမြဲ ပြောဆိုတတ်ခြင်း။

(၈) . . . . . မူးရစ်သေစာ သောက်စားတတ်ခြင်းကို လွန်စွာ မုန်းတီးခြင်း။ ထို့ထက် အရည်မရ အဖတ်မရ အံဖတ်စို့အောင် သောက်စားမူးရစ်တတ်သော လူများကို ကြည့်၍ လွန်စွာ စိတ်ပျက်တတ်သည်။

(၉) . . . . . အလုပ်မလုပ်ပဲ ယောင်ချာချာ လုပ်နေတတ်သူများ၊ အလုပ်မကျိုးစားသူများ၊ အချိန်ဆွဲတတ်သူများ၊ အလုပ်ကို လိုအပ်သည်ထက် ပိုကြာအောင် လုပ်တတ်သူများကို တွေ့တိုင်းဒေါသထွက်မိခြင်း။ အသေးစိတ်မလုပ်တတ်သော အလုပ်များနှင့် လူများကို တွေ့တိုင်း ဒေါသထွက်မိခြင်း။ ရည်းစားဖြင့် ဖုန်းအကြာကြီး ပြောတတ်သူ ယောင်္ကျားမိန်းမ များကို ကြည့်ပြီး အမြင်ကတ်ခြင်း။ (မှတ်ချက်။ ။ တစ်နေ့လာလည်း ဒါပဲ .. နောက်တစ်နေ့လည်း ဒါပဲ .. အကြောင်းအရာတစ်ခုနှစ်ခုလောက်ကို ထပ်ခါထပ်ခါ လေကုန်ခံ၍ အရည်မရ အဖတ်မရ ဖုန်းဖြင့် ရည်းစားစကားပြောတတ်သော ယောင်္ကျားမိန်းမ များကို အချိန်ဖြုန်းတီးသူများ အဖြစ် အမြင်ကတ်တတ်သူ ဖြစ်ပါသည်။) (မှတ်ချက်။ ။ကျွန်တော်သာ သူတို့ကဲ့သို့ လေသံချိုစွာ ပြောတတ်ပါလျှင် .. အချိန်ကုန်ခံ၍ ရည်းစားစကားပြောနေမည် မဟုတ်ပါ .. အရောင်းအ၀ယ် (သို့မဟုတ်) ပွဲစား လုပ်စားမည်။ မနာလို၍ ပြောခြင်းမဟုတ်ပါ။)

(၁၀) . . . . . မည်သူ့ကို မဆိုတွေ့ပါက မျက်နှာနှင့် အခြားခြားသော ကိုယ်ခန္ဓာမှ မှဲ့များနှင့် အင်္ဂါရုပ်ကို သေချာစွာ ကြည့်ရှု့တတ်ခြင်း။ ခင်မင်လာပါက လက်ကိုင်တတ်ခြင်း ..
အဲယောင်လို့ .. လက္ခဏာကို ကြည့်ခွင့်တောင်းတတ်ခြင်း။ (မှတ်ချက်။ ။ မောင်ကိုတိုးသည် ဗေဒင် လက္ခဏာ ဆရာ မဟုတ်ပါ၊ ၀ါသနာ ပါလွန်းခြင်းကြောင့် ဖြစ်ပါသည်။)

(၁၁) . . . . . အချိန်ကို အလွန်တန်ဖိုးထားတတ်ပါသည် .. တီဗီဂိမ်း လုံးဝမဆော့တော့ပါ (မှတ်ချက် .. ဟိုးအရင်က ဆော့ခဲ့ပါ၏) တီဗီ၊ ရုပ်ရှင် ကို လိုအပ်သည်ထက်
မကြည့်ပါ (ရုပ်ရှင်ရုံတွင် ရုပ်ရှင်ကြည့်ခြင်းသည် ကျွန်တော့် အတွက် အင်မတန် စိတ်ပျက်ဖွယ် ဖြစ်ရပါသည်။ လှုပ်လှုပ်ရှားရှား အမြဲနေတတ်တဲ့ ကျွန်တော့် အဖို့ အမှောင်ထဲတွင်ထိုင်ရသည်မှာ ကျွန်တော့်အတွက်ပြသနာ တစ်ခုဖြစ်ခဲ့သည်။ ထိုကြောင့် ရုပ်ရှင်ရုံသွားခြင်း ကို ရပ်စဲထားသည်။) ကွန်ပျူတာနှင့် ရုပ်ရှင်ကြည့်ပါကလည်း ဇာတ်ကား တစ်ကားကို မိနစ်၃၀ထက်ပိုမကြည့် .. ဖိုက်တင်ခန်းများနဲ့ အခြားလေပေါခန်းများကို ကျော်ကြည့်တတ်ခြင်းကြောင့်ဖြစ်ပါသည်။ အချိန်ကုန်မှာ ကြောက်သဖြင့် အခန်းတွင်လည်း တီဗီ လုံးဝမထားပါ။ (မှတ်ချက်။ ။ တာလီဘန်ဆန်ဆန် အစွန်းရောက် နေခြင်း မဟုတ်ပါ။)

(၁၂) . . . . . တော်တဲ့ တတ်တဲ့ အရမ်းအလုပ်လုပ်တတ်တဲ့ မြန်မာဆန်ဆန် မိန်းမမျိုးကို သဘောကျခြင်း နှင့် ချစ်တတ်ခြင်း။ ဘယ်လောက်လှနေပါစေ ချောနေပါစေ Sexy ကျနေပါစေ မချစ်တတ်ခြင်း။ ပျံတန့်တန့် နန့်တန့်တန့် ရူးနန့်နန့် ဘို့ရို့ဗားယား Fashion ဖြင့် စတိုင်ထုတ် ဟန်လုပ်တတ်သော မိန်းကလေးများနှင့် ဆံပင် နီကြောင်ကြား ဘူးရိုမလေးများကို လုံးလုံးမှ လုံးဝလုံးဝ သဘောမကျခြင်း။

(၁၃) . . . . . ပေါင်းသင်းဆက်ဆံရာတွင် လူကြီးများနှင့် ပိုမိုပေါင်းသင်းမိခြင်း။ လူကြီးများရဲ့ ရှေးဟောင်းနှောင်းဖြစ် ဘ၀သင်ခန်းစာများ နှင့် အခြားသော ဗဟုသုတ အကြောင်းပြောတတ်သော လူကြီးလူငယ်တို့ကို လွန်စာလေးစားတတ်ခြင်း။ လူငယ်များနဲ့ပေါင်းသင်းဆက်ဆံရာ၌ များသော အားဖြင့် အကြောင်းအရာတိုင်းကို ဟာသနှော၍ပြောတတ်သည်။ လေသံမာမာနှင့် စကားပြောတတ်သော ကျွန်တော့်ကိုတော့ တစ်ချို့က သဘောမကျတာက အမှန်ပါ။

(၁၄) . . . . . ကလေးအလွန်ချစ်တတ်သည်။ မွေးကာစ ကလေး ပိစိကွေးလေးများ နှင့် အလွန်ချစ်စရာအရမ်းကောင်းသော ကလေးများဆိုရင် ဖြစ်ညှစ်ချင်လာလောက်အောင်
ချစ်တတ်သဖြင့် စိတ်မနဲ ထိန်းထားရတတ်သည်။

(၁၅) . . . . . “ဦးလေး” လာခေါ်သော မိန်းကလေးများကို ဒေါသထွက်မိခြင်း နှင့် မိမိကိုယ်ကိုယ် “သမီး သမီး” လို့ တင်စားပြောတတ်သော မိန်းကလေးများကို လုံးဝ အပေါင်းအသင်းမလုပ်တတ်ခြင်း။ ဘာကြောင့်လည်းဆိုတော့ ဗျာ .... သူ့ ကိုယ်သူ သူ “သမီး” လို့ နာမ်းစားပြန်သုံးမှတော့ ကျွန်တော်က သူ့အဖေ သူ့ဦးလေး အရွယ်ဖြစ်သွားပေါ့ ဗျ။ ထို့ကြောင့် “သမီး” “သမီး” လို့ နာမ်စားသုံး ပြောတဲ့ မိန်းကလေးများကို ကြည့်ပြီး စိတ်အလွန်ပျက်ရခြင်း။ (မှတ်ချက်။ ။ ကျွန်တော့် အနေနဲ့ကတော့ မိန်းကလေးတွေနဲ့ တွက်ကပ် ရန်ဖြစ်ခြင်း မဟုတ်ပါ။ ကျွန်တော့် အမြင်မှာတော့ အသက် ၂၀ လောက် ကွာမှသာ “ဦးလေး” “အန်ကယ်” ခေါ်သင့်သည်ဟု ထင်မြင်မိပါသည်။ ထိုကဲ့သို့ အသက် လေးငါးနှစ် နှင့် ၁၀ နှစ်လောက်သာ ကွာသော သူများက “ဦးလေး” လို့ ခေါ် ခြင်းသည် တော်တော် ဂွ ကျလှသည် ဟု ထင်သည်။)

(၁၆) . . . . . ကောင်းကင် နှင့် ကြယ်များကို မနက်အစောကြီးတစ်ခါ ညတစ်ခါ ငေးတတ်သည် ကြည့်တတ်ခြင်း။

(၁၇) . . . . . စွန်လွှတ်ခြင်းအတတ်ကို ငယ်စဉ်ကလေး ဘ၀မှ ယခုထက်တိ တိုင်အောင် လွန်စွာ ၀ါသနာပါခြင်း။

(၁၈) . . . . . ဆင်းဆင်းရဲရဲ ကလေးလူငယ်များကို မြင်တိုင်း ကြည့်မိတိုင်း သူတို့ဘ၀အတွက် သနားမိခြင်း နှင့် ပညာမဲ့လူတန်းစားဖြစ်သွားမှာကို လွန်စွာ အမြဲစိုးရိမ်ပူပန်တတ်ခြင်း။

(၁၉) . . . . . အိမ်သာဆေးကြောခြင်းကို လွန်စွာပင် ၀ါသနာထုံခြင်း နှင့် အိမ်သာ သန့်ရှင်းမှု့ကို သွားလေရာတိုင်း လေ့လာတတ်ခြင်း။ (မှတ်ချက်။ ။ နောင်တစ်ချိန်တွင် စည်ပင်သာယာရေးဝန်ကြီး ဖြစ်ရန် ရည်ရွယ်သည်။)

(၂၀) . . . . . ပညာရေးကို အလွန်ရူးသွပ်ခြင်း နှင့် စာပေကို အရူးပမာ လေ့လာခြင်း။ ကွန်ပျူတာ၊ CG၊ Design .. သိပ္ပံ နှင့် နည်းပညာရပ်များ၊ ဆေးပညာရပ်တို့ကို လွန်စာပင်
စိတ်ပါဝင်စားခြင်း။

(၂၁) . . . . . တိုးတက်မှု့မရှိက လွန်စွာပင် စိတ်ဆင်းရဲတတ်သူဖြစ်ခြင်းနှင့် တိုးတက်မှု့များ မှတ်တမ်းမှတ်ရာများ စာရင်းဇယားများနှင့် အလွန်အလုပ်ရှုပ်တတ်ခြင်း။

(၂၂) . . . . . အသေးစိတ်လုပ်မှု့ကို အလွန်လုပ်တတ်ပြီး သဘောမကျတိုင်း ထပ်ခါထပ်ခါ လုပ်တတ်ခြင်း။

(၂၃) . . . . . ကိုယ့်ကိုယ် နှိမ်သောသူများ၊ နှိပ်ကွပ်ခဲ့သူများ၊ နှိမ့်ချသူများ နှင့် အထင်အမြင်သေးသူများကို လွန်စွာပင် ရင်ထဲ အသည်းထဲမှ ကျေးဇူးတင်တတ်ခြင်း။ (မှတ်ချက်။
။ သူတို့ရဲ့ နှိမ်တဲ့ အထင်အမြင်သေးတဲ့ အကြည့်တွေ စကားလုံးတွေကြောင့် ပိုပိုကြိုးစားတတ်ခြင်းကြောင့်ပါ။)

(၂၄) . . . . . နှုတ်ခမ်းမွေးကားကားဖြင့် ယောင်ထုံး ထုံးထားသော ရှေးခေတ် မြန်မာ မင်းညီမင်းသားများရဲ့ ယောင်ကြီးဗွေ စတိုင်ကို ငယ်စဉ်ကလေးဘ၀မှစ၍ ယခုတိုင်
အလွန်သဘောကျသဖြင့် နောင်လာမည့် အချိန်ကာလ၌ ထိုစတိုင်ကို ထားရန် အသင့်ရှိနေသည်။ မိခင်ဖြစ်သူမှလည်း ထို ယောင်ကြီးဗွေ စတိုင်မျိုးထားရန် တိုက်တွန်းသည်။ (မှတ်ချက်။ ။ ဇာတ်ရူး၊ မင်းသားရူး၊ ဘုရင်ရူး မဟုတ်ပါ။)

ကိုတိုး

Mar 31, 2007

ငါ .. လွမ်းလို့ပါ .. ရမ်ခမ်ဟန် ရယ်



ရမ်ခမ်ဟန် . . ရယ်

စနေနဲ့တနင်္ဂနွေကို
မင်းက လွမ်းရက်တွေအဖြစ်
သတ်မှတ် ပေးတော့မှာလား .. ရမ်ခမ်ဟန် ..

ငါ မင်းရဲ့ ရင်ခွင်ထဲမှာ
လျှောက်နေပေမဲ့
ရင်ထဲမှာ ဟာနေသလိုပါပဲ .. ရမ်ခမ်ဟန် ရယ် ..

ဟို ..........
ယိုယို့ .. နင် .. ယိုယို့ ဆောင် .. တို့
ပိုက်လုံးကိုင် အဖွဲ့ရဲ့ အော်သံတွေက
ငါ့ကို လှောင်ပြောင်နေတဲ့ အတိုင်း
ငါခံစားရပါတယ် .. ရမ်ခမ်ဟန် ရယ်..

ရမ်ခမ်ဟန် ..
ငါ့ ကို အေးမျှတဲ့ မင်းရင်ခွင်ထဲမှာ
စနေနဲ့တနင်္ဂနွေနေ့တိုင်း
ဆုံနိုင်ခွင့်တွေ အမြဲပေးပါ .. ရမ်ခမ်ဟန် ..

ငါ လွမ်းလို့ပါ .. ရမ်ခမ်ဟန် ရယ် ..

ကိုတိုး

Mar 29, 2007

အကြွေး (သို့မဟုတ်) ဆယ်နှစ် .. ဆယ်နှစ် .. ဆယ်နှစ်


“သေနတ်ပစ်တယ်ဆိုတာ ဒီလက်ညှိုးလေးကွေးတတ်ရတယ် .. ဒီလက်ညှိုးလေး ကွေးတတ်ဖို့အတွက် .. ဆယ်နှစ် .. ဆယ်နှစ် .. ဆယ်နှစ် သွားသင် .. ပြီးရင် ငါ့ဆီပြန်လာခဲ့ ............. ဒိုင်း .. ဟား ဟား ဟား ဟား .. .. .. ဒိုင်း .. ဟား ဟား ဟား ဟား .. .. .. ဒိုင်း .. ဟား ဟား ဟား ဟား .. ”

ဦးကျော်ဟိန်း .. အကြွေးဇတ်ကားမှ

ဘာရယ်မှ မဟုတ်ပါ .. ပညာတစ်ခုရဖို့အတွက်နဲ့ ထိုပညာရဲ့အတွေ့အကြုံရဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားကျင့်ကြံဖို့လိုတယ်ဆိုတာလေးကို တွေးရင်း .. ဦးကျော်ဟိန်းရဲ့ စကားကိုပြန်ပြောင်းသတိရခြင်းပါ။

အိုင်တီနယ်မှာလုပ်နေတဲ့ လူတွေဆိုရင် ထွက်သမျှအသစ်အဆန်း နည်းပညာများ၊ ဆော့ဝဲလ်များ နဲ့ ဘာသာရပ်တွေကို နှစ်စဉ်နှစ်တိုင်း ပိုလို့တောင် လေ့လာရလိမ့်မယ်။ တစ်ချို့လည်းရှိပါတယ် ... ကိုယ်သွားနေတဲ့လိုင်းပေါ်က ပညာသစ်တစ်ခုကို မလေ့လာသေးပဲ “ငြီးငွေ့တယ်” တို့ “ပြင်းစရာကြီး” တို့ ဆိုတဲ့ ဝေါဟာရတွေကို ပြောတတ်ကြပါတယ်။ ဒါပေမယ့် သိထားတော့ ပိုကောင်းတာပေါ့။ မလေ့လာပဲနဲ့နေရင်လည်း .. အသုံးလိုတော့မှ ထလေ့လာခဲ့ရင် သူများထက် နောက်ကျသွားတတ်ပါတယ်။ ကျွန်တော်ဆိုလိုချင်တာကတော့ .. ကိုယ်အသုံးကျမည့် ဆော့ဝဲလ်တွေတို့ ဘာသာရပ်တွေကို အကြွေးမထားတာပဲ လေ့လာလိုက်စားတာ ကောင်းပါတယ်။


ကိုတိုး

Mar 25, 2007

ခံစားချက်များ (၂)


တစ်ခါတလေတော့လည်း စိတ်ပျက်မိတယ်။ Customer ခိုင်းသမျှ ကောင်းကောင်းမကောင်းကောင်း အနုပညာမဆန်၊ အနုပညာမမြောက်လည်း လုပ်ရတာပဲ။ ပိုက်ဆံအတွက်လုပ်နေရပေမယ့် အနုပညာအတွက်တော့ စိတ်မချမ်းမသာဖြစ်မိသူက ကျွန်တော်ပါ။ အောက်ကြေးနဲ့လုပ်ရတဲ့ အလုပ်မျိုးဆိုရင် ပိုတောင်ဆိုးပါသေးတယ်။ ဘယ်တတ်နိုင်မလဲ ကိုတိုး ရေ ..

သူတို့ပြောသမျှလိုက်လုပ်နေရတာက “မချစ်သော်လည်း အောင့်ကာနမ်း” နေရတာနဲ့ အလားတူပါပဲလို့ တွေးရင်း

ကိုတိုး

Mar 17, 2007

ခံစားချက်များ (၁)

ဘာကြောင့်ရယ်မှန်းမသိ .. ဒီရက်ပိုင်း အမေနဲ့ ဆုံးပါးသွားတဲ့ အဖေရဲ့မျက်နှာကို အမြဲတမ်းမြင်မြင်နေမိတယ်။ အဖေ့ကိုတော့ အိမ်မက်ထဲမှာ ဟိုးတစ်လောက နေ့တိုင်းလိုလို မြင်မက်ခဲ့တယ်။ ကျွန်တော့်စိတ်ထဲမှာတော့ မိဘတွေနဲ့ အတူနေရတဲ့ သူငယ်ချင်းအသိုင်းအ၀ိုင်းတွေ၊ မိဘတွေနဲ့ တွဲသွားတွဲလာလေ့ရှိကြတဲ့ လူတွေတွေ့တိုင်း၊ သူတို့တွေ စားသောက်ဆိုင်တွေမှာ မိသားစု ပီပီ မိသားစုပုံစံ ၀ိုင်းဖွဲ့စားသောက်ကြတာတွေကို တွေ့တိုင်း စိတ်ထဲမှာ ဘယ်လိုမှပြောမထွက်တဲ့ ၀မ်းနည်းမှု့မျိုးကို အမြဲတမ်းခံစားခဲ့ရတယ်။ အဖေမရှိတဲ့ နောက်ပိုင်းမှာ အလုပ်ကပြန်ရောက်လို့ ညနေထမင်းစားတိုင်း ဘေးကနေ စကားတွေအမြဲပြောတတ်တဲ့ အမေ ကို ညနေထမင်းဆိုင်မှာသွားစားတိုင်း နေ့တိုင်း သတိရမိတယ်။ ဟင်းချက်ကောင်းတဲ့ အမေ့ရဲ့ လက်ရာအကြောင်းတွေကိုတော့ ဒီက မြန်မာဆိုင်မှာ စားရင်းသောက်ရင်း တစ်ခါတလေ ဆိုင်ကလူတွေကို လေကြွားပြောပြရတာ အမော ပါ။ ဘာပဲဖြစ်ဖြစ် ဖြစ်သမျှကံ နဲ့ လုပ်သမျှကံ အကောင်းလို့သတ်မှတ်ပြီး ကိုယ့်အားကိုယ်ကိုး ကိုယ့်ကိုယ်ကို အားပေးသမှု့ပြုပြီး အမြဲရုန်းကန် နေရမှာပဲ လို့အောင်းမေ့မိပါတယ်။ ကျွန်တော်လို ဘ၀တူတွေ ရှိရင်လည်း ကျွန်တော့်လိုပဲ ခံစားမိကြလိမ့်မယ်လို့ ထင်မိပါတယ် ဗျာ။


အပေါ်ကပုံလေးတွေကတော့ နိုင်ငံခြားထွက်မလာခင်တုန်းက Scan လုပ်လာခဲ့တဲ့ပုံလေးတွေပါ။ အဖေနဲ့အမေ အိမ်ထောင်ကျကာစတုန်းက ပုံရယ်၊ ကျွန်တော် ၃ လသားအရွယ်လေးတုန်းက ပုံရယ်၊ မှတ်မှတ်ရရ ကျွန်တော် ပထမတန်းတုန်းက ကျောင်းက ဆံပင်ညှပ်ခိုင်းလို့ ကိုယ့်ဆံပင် ကိုယ် ကပ်ကြေးနဲ့ ညှပ်လိုက်ရာက ပုံမလှပန်းမလှ ဘူးသီးကြွက်ကိုက်ကေ ထွက်လာတဲ့ပုံကို အမှတ်တရ ရိုက်ထားတာလေးတွေပါ။