Jan 6, 2007

ရှင်းပြဖို့တော့ တော်တော်ခက်လိမ့်မယ် (၄)


ဒါကတော့ ကျောင်းတုန်းက အကြောင်းလေးဖြစ်ပေမယ့် ရိုင်းတယ်ထင်ရင် ခွင့်လွတ်ကြပါ။

“ဟို .. စာအုပ်ဗျာ ..... ဟို .. ပုံတွေ .. ဟို .. စာတွေပါတဲ့ စာအုပ်တွေ .......... ဟို .. ပုံတွေ၊ ဟို .. စာတွေ ဆိုတာ .. ဟိုဟာ .. တွေဗျာ၊ ဟိုဒင်း ပုံတွေနဲ့ ဟိုဒင်းစာတွေဗျာ” အဲဒီစာအုပ်တွေကို ကျွန်တော်တို့ကျောင်းသားဘ၀က စိတ်ဝင်တစားဖတ်ကြ၊ ကြည့်ကြပါတယ်။ ဒါနဲ့ တစ်ရက်ကျတော့ သူငယ်ချင်းတစ်ယောက်က ထိုစာအုပ်တွေကို အတန်းထဲယူလာပါတယ်။ ကျွန်တော်တို့လည်း “မမြင်ဖူး မူးမြစ်ထင်” တစ်ယောက်ကိုတစ်ယောက်လက်ဆင့်ကမ်းပြီး ဆရာမ စာသင်နေခိုက် ခိုးကြည့်၊ ခိုးဖတ်ကြတယ်။ အတန်းထဲမှာတော့ စာသင်နေတုန်း တအားခေါင်းငုံနေသူတွေကိုကြည့်လိုက်ရင်တော့ ဘာမှမမှတ်နဲ့ ဟိုစာအုပ်တွေကို ခေါင်းငုံဖတ်နေပြီလို့သာ မှတ်လိုက်ပေတော့။

ဒီလိုနဲ့တစ်နေ့မှာ ဆရာမ နဲ့ ပက်ပင်းတိုးပါလေရော။ ဆရာမက အပျိုကြီးမမ။ ဖြစ်ချင်တော့ အရမ်းကို အူတူတူနိုင်လှတဲ့ သူငယ်ချင်းတစ်ယောက် ခိုးဖတ်နေတဲ့အချိန်မှာ ပက်ပင်းတိုးတာ။ ဒါနဲ့ ဆရာမက “ငါ ဒါမျိုးလုံးဝမကြိုက်ဖူး၊ ဒါ ကျောင်းသားအလုပ်လည်း မဟုတ်ဘူး၊ ကျောင်းကလည်း ဒါမျိုးကို လုံးဝလက်မခံဘူး” လို့အသံမာမာနဲ့ ပြောလိုက်တယ်။ ဆရာမက ဆက်၍ “နောက်နေ့ကျတော့ မင်းအမေကို ခေါ်လာခဲ့ .. ဒီကိစ္စကို မင်းအမေကို တိုင်ရမယ်” လို့ပြောပါလေရော။ ထိုစာအုပ်တွေကိုတော့ ဆရာမက သိမ်းသွားပါတယ်။

နောက်တစ်နေ့

ကျောင်းတက်ခေါင်းလောင်းထိုးပြီး တော်တော်အကြာတွင် အခန်းပေါက်၌ ထိုသူငယ်ချင်းနှင့် လူဝကြီးတစ်ယောက် လာရပ်ပြီး “မင်္ဂလာပါ ဆရာမ ... ဆရာမ ဘာကိစ္စများ ရှိလို့ ကျွန်တော့်ကို ခေါ်ခိုင်းလိုက်တာပါလည်း ဆရာမ” “ကျွန်တော် မောင် .... ရဲ့အဖေပါ ဆရာမ” လို့ လှမ်းပြောလိုက်ပါတယ်။ ရုတ်တရက် ကြားလိုက်တဲ့ အသံနှင့်တကွ ဆရာမမှာ အပျိုကြီးမမတို့ ပီပီ ရှက်သွေးဖျန်းလိုက်ပုံများ မျက်နှာကို နီရဲသွားပါတော့တယ်။ နောက်တော့ ဆရာမမှာ အသံတုန်တုန်နဲ့ “ဟို .. ဟို .. ဘာမှမဟုတ်ပါဘူး၊ ကလေးကို ကြိုးစားဖို့နဲ့ ဒီထက်ပိုကြိုးစားရင် အဆင့်တွေ ပိုတက်လာမှာလို့ .. ပြောချင်တာပါ” လို့ဆိုပြီး ပြောလိုက်ပါတယ်။ ထိုသူငယ်ချင်းအဖေကပဲ “ဟုတ်ကဲ့ .. ကျေးဇူးတင်ပါတယ် ဆရာမ
.. ကျွန်တော့်သားကို ဒီထက်ပိုပြီးကြိုးစားအောင် .. ပြောပါ့မယ် .. ကျွန်တော့်ကို သွားခွင့်ပြုပါအုံး” ဆိုပြီး ပြန်သွားပါလေတော့တယ်။ အတန်းထဲက ကျောင်းသားတွေကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးနေကြတယ်။

ဆရာမခမျာ .. မျက်နှာနီနေပြီး အရမ်းရှက်နေပုံရပါတယ် .. ခေါင်းကြီးငုံပြီး ဟိုလုပ်ဒီလုပ်နဲ့ ဖြစ်နေပါတယ်။ နောက် ငါးမိနစ်လောက်မှာတော့ ဘာဖြစ်သွားလည်းမသိ .. သူငယ်ချင်းကို ခေါ်ပြီး .. ကြိမ်လုံးနဲ့ တီးပါတော့တယ်။ အတန်းထဲက ကျောင်းသားတွေကတော့ ဘာဖြစ်လို့ တီးတယ်ဆိုတာသိပေမယ့် .. အတန်းဖော်မိန်းကလေးတွေကတော့ ကြောင်စီစီနဲ့ အံ့အားသင့်စွာ ကြည့်နေပါတော့တယ်။ ခုံချင်းကပ်လျှက် အတန်းဖော် မိန်းကလေးနှစ်ဦးကတော့ “ဟေ့ .. ဆရာမဘာဖြစ်သွားတာလဲ” လို့တိုးတိုးလေး လှမ်းမေးလိုက်တယ်။ ဒါကိုအဖြေရခက်နေတဲ့ ကျွန်တော့် အစား ဘေးက သူငယ်ချင်းက ဒီလို ဖြေပေးလိုက်ပါတယ်

“ရှင်းပြဖို့တော့ တော်တော်ခက်လိမ့်မယ်”

ကိုတိုး

မှတ်ချက်။ ။ ထိုသူငယ်ချင်းပြောပြချက်အရ သူလည်းသူ့အမေကို ထိုကိစ္စမပြောရဲ၍ သူ့အဖေအား ကျောင်းကခေါ်ခိုင်းကြောင်း၊ ဘာကိစ္စနဲ့ ခေါ်ခိုင်းသည်ကို မပြောခဲ့ကြောင်း။ ဒါပေမဲ့ ဆရာမ အပျိုကြီး .. ဘာကြောင့် ဒီလိုဖြစ်သွားသလဲ ဆိုတာကိုရော .... အင်း .. ဒါလည်း “ရှင်းပြဖို့တော့ တော်တော်ခက်လိမ့်မယ်” လို့ ထင်တာပါပဲ။

6 comments:

Chan Mya Soe said...

ဆရာမလည်း ဆရာမပဲ အစကတည်းက မသိချင်ယောင်ဆောင်နေလိုက်ပြီးရော :P

boedawgyi said...

ကျောင်းသားလည်းအသည်းနဲ့ပါ။ဖတ်ချင်တာပေါ့

MYO HAN HTUN said...

@ CMS
အဲဒီလိုပဲ မြင်ပါတယ် ဗျာ။ :)

@Boedawgyi
ဟား ဟား :)

sisain said...

ကြုံဖူးပါ့ ကိုတိုးရေ- နောက်များမှ ဘလော့ခ်ထဲလာရေးဦးမယ်။
ကျနော်တို့ကျ တစ်တန်းလုံးအရိုက်ခံရတာဗျ။
မဖတ်တဲ့ ခြောက်တောက်တောက် ကောင်ကလေးတွေပါ အဆော်ခံရတာဗျ။
ကျောင်းပြေးတဲ့လူကျ ကျောင်းတက်တဲ့နေ့ ဆော်တာဗျို့- ပျော်စရာကြီး-

MYO HAN HTUN said...

ဘယ်နှစ်အုပ်လောက်များယူလာလို့ ဒီလောက်တောင် တစ်တန်းလုံးအရိုက်ခံရတာလဲ ဗျာ။ ကိုစစ်အိမ်ရေ .. ဖြစ်နိုင်တာကတော့ တစ်ယောက်တစ်အုပ် ဖတ်လို့နေမှာပါ။ :)

Anonymous said...

hahaha