Jan 22, 2007

ကျွန်တော်နှင့် သူငယ်ချင်းများ (၃)


တက္ကသိုလ်တက်ခါစ ကျောင်းသားဘ၀ကပေါ့။ ကိုတိုးတို့ သူငယ်ချင်းတစ်သိုက် ညနေစောင်းရင်တော့ ဆိုင်ကယ်ကိုယ်စီနဲ့ လူပျိုလှည့်ထွက်ရတာက အမောသားပေါ့ ဗျာ။ လူပျိုလှည့်တဲ့ နေရာတွေကလည်းများများစားစားရယ်လို့မဟုတ်ပါဘူး။ ကောင်မလေးအိမ်နား ဝေ့ကာဝိုက်ကာနဲ့ပေါ့။ ကောင်မလေးကို မတွေ့လည်း သူနေတဲ့ တိုက်ကို ပြုံးကြည့်ပြန်လာရုံပဲပေါ့ ဗျာ။ နောက်တော့ ... သူငယ်ချင်းများသွားရာ မန္တလေးတက္ကသိုလ်နားက အမျိုးသမီးဆောင်တွေလည်းပါသပေါ့။ အဆောင်က မမတို့ကတော့ ဘာပျူငှာလည်းတော့ မမေးလိုက်ပါနဲ့။ (မှတ်ချက်။ ။ပျူငှာကြမှာပေါ့ ဗျ ... “မောင်လေးတို့ရေ ... ဟိုနားလေးလိုက်ပို့ပါဦး” .. “ကောင်လေးရေ ... ဒီနားလေးလိုက်ပို့ပါဦး” ဆိုပြီး ... ခိုင်းကောင်းလို့ပေါ့ ဗျာ။) တစ်ချို့ကလည်း ဘဲတွေ ငနဲတွေ ပိုင်ရှင်တွေ ရှိပါလျှက်နဲ့ “မောင်လေးတို့ရယ် မမတို့မှာလေ မင်းတို့မလာရင် ပြင်းလွန်းလို့” ဆိုပြီး အပြတ်ကိုချွှဲပြတတ်ကြတဲ့ မမမင်းသမီးများလည်း ရှိသေး ဗျာ။

အင်း ... ဇာတ်လမ်းကတော့ ဒီကစရမယ် ...

တစ်ရက် သူငယ်ချင်းတစ်ယောက်နဲ့ အဆောင်ဘက်ကို အလည်သွားပြီးပြန်အလာ။ ညနေစောင်းလို့ တော်တော်လည်းမှောင်နေလေပြီ။ ကျွန်တော်က ဆိုင်ကယ်မောင်းတယ်၊ သူကနောက်ကနေထိုင်လိုက်လာတယ်။ ဒါနဲ့ မန္တလေးက ၈၁ လမ်းအတိုင်းမောင်းအလာ ၃၆ လမ်းလောက်အရောက်မှာတော့ အင်မတန်ကို ချောမောလှပတဲ့ နတ်မိမယ်လေးတစ်ပါးကို စတွေ့လိုက်သူက ကျွန်တော့်သူငယ်ချင်းပါ။ “ကိုတိုး .. ကိုတိုး ဟိုမှာဟိုမှာ ဆော်လေးမိုက်တယ် .. ဟ” ဟုနောက်ကနေ အလှန့်တကြားအော်လိုက်ပါတယ်။ ဟုတ်ပါတယ်ဗျာ .. ကောင်မလေးက တော်တော့်ကို လှတဲ့ ကောင်မလေး၊ သူ့ကြည့်ရတာ တော်တော်လေးလှပါတယ်ဗျာ မျက်နှာလေးကလည်း ၀င်း၊ နှာတံလေးကလည်း စင်း၊ အသားလေးကလည်း ချော ဆိုက္ကားအနောက်မှာ ပေါင်ပေါ်ဈေးခြင်းလေးတင်ပြီး ထိုင်လိုက်လာပါတယ်။ ကောင်မလေးကတော့ အသက်ကတော့ ၂၀ ၀န်းကျင်လောက်တော့ ရှိမယ်ထင်တယ်။ ဆိုက္ကားအရှေ့မှာတော့ အနောက်ကနေ လူမမြင်ရပေမယ့် အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်လို့တော့ ထင်မိတယ်။ “ကိုတိုး နောက်ကနေအိမ်လိုက်ကြည့်ရအောင်” လို့ပြောတဲ့ အဆုံးမှာ ဆိုင်ကယ်လက်ကိုင်က သူထိုင်လိုက်လာတဲ့ ဆိုက္ကားအနောက်ကနေ ဦးတည်နေပါပြီ။

ဒါနဲ့ သူ့နောက် ခပ်လှမ်းလှမ်းကနေ လိုက်လာပြီး ခဏကြာတော့ ထိုရွှေမင်းသမီးက စပြီးပြုံးပြပါတယ်။ နောက်ကကောင်ကတော့ “ဟ ဟ .. ဟေ့ကောင် ဟေ့ကောင် ဟိုမှာ ငါတို့ကို ပြုံးပြတယ် ကွ” .. လို့အလန့်တကြား အော်ပါလေရော။ ကျွန်တော်ကတော့ “ဒါဆိုရင်တော့ အခြေအနေမဆိုးဘူးကွ .. မီးစိမ်းပြနေတယ်လို့ဆိုရမှာပေါ့”။ ဒါနဲ့ ဟိုကောင်ကဘာအတွေးတွေပေါက်သွားလည်းတော့ မသိ .. ဘာစပြောတယ်များမှတ်သလဲ ဗျာ ... “ဟေ့ကောင် ကိုတိုး မင်းမှာ ကြိုက်စရာ ဆော်ရှိတယ်ကွ” “ဒါလေးတော့ ငါ လိုက်မယ်ကွာ ... ဆိုင်ကယ်ကို မင်းမမောင်းတော့နဲ့ ငါပဲမောင်းမယ်လို့” ပြောပြောဆိုဆို ဗျာ။ ကျွန်တော်ကတော့ “မင်းက ဘကြီးတောင် မသေသေးဘူး ... အမွေလိုချင်နေပြန်ပြီ” ဆိုပြီး ဆိုင်ကယ်ကို ဘေးထိုးရပ်လိုက်ပါတယ်။ ဒါနဲ့ သူကဆိုင်ကယ်ကို ရှေ့ကမောင်းပြီး ကျွန်တော်ကနောက်ကထိုင်လိုက်ရင်း အဲ့ဒီ ရွှေမင်းသမီး စီးလာတဲ့ ဆိုက္ကားရဲ့အနောက် ခပ်လှမ်းလှမ်းကနေ မောင်းလာလေရဲ့ ဗျာ။ အဲ့ဒီကောင်လည်း ရွှေမင်းသမီးကို ဆိုင်ကယ်အရှေ့ကမောင်းရင်း ဘာတွေသွားလုပ်ပြလည်းမသိ .. နောက်တော့ ရွှေမင်းသမီးက လျှာထုပ်ပြလိုက် မျက်စိမှိတ်ပြလိုက် နဲ့ ဟုတ်နေတော့တာပဲ။ ကျွန်တော်ကတော့ “ဟေ့ကောင် မင်းကပ်ပြီးတော့ စကားမပြောလိုက်နဲ့ ဘာဖြစ်လို့လဲဆိုတော့ အရှေ့မှာ သူ့ဘွားတော်ကြီးလားမသိဘူး၊ တော်ကြာ ကွိုင်တက်နေလိမ့်အုံးမယ်” လို့ပြောတော့ “ဟေ့ကောင် ကိုတိုး ... ငါတို့အကြည်ဆိုက်နေတဲ့ ကိစ္စကို မင်းမနာလိုမဖြစ်စမ်းပါနဲ့” လို့ မောင်မင်းကြီးသားကနောက်လှည့်ပြောပါလေရဲ့ ဗျာ။ သူ့စကားကြောင့် လူကတော့ အောင့်သက်သက်ပေါ့။

ရွှေမင်းသမီးကလည်း လှလည်းလှပါပေရဲ့ဗျာ။ မြင်သူတကာငေးလောက်တယ်။ မောင်ကိုတိုးတစ်ယောက် “ရွှေမင်းသမီး” အဖြစ်တင်စားထားတာကတော့ ခြေဆုံးခေါင်းဆုံး ကြည့်ထားခြင်းကြောင့်ပါ။ (မှန်တာပြော ချမ်းသာပါရစေ) ဟိုကောင်နဲ့ ရွှေမင်းသမီးတို့ကတော့ ကြည်နူးနေကြပုံပဲဗျာ။ နောက်ကထိုင်လိုက်လာတဲ့ မောင်ကိုတိုး မျက်လုံးထဲမှာတော့ ဆိုင်ကယ်မီးရောင်အောက်က ရွှေမင်းသမီးရဲ့ အမူအရာတွေဟာ မင်းသမီးထက်ထက်မိုးဦးလား အမှတ်ရမိပါရဲ့ ဗျာ။ မျက်စပြစ်ပြလိုက်၊ မျက်လုံးမှိတ်ပြလိုက်၊ နှာခေါင်းရှုံပြလိုက်၊ ပြုံးပြလိုက်နဲ့ အမူအရာတွေကစုံစနီဖာပါပဲ ဗျာ။ ဒါနဲ့ ၂၉လမ်းကျော်လို့ မန္တလာဆေးခန်းနားအရောက်မှာ ဆိုက္ကားရပ်လိုက်ပါတယ်။ ကျွန်တော်တို့ဆိုင်ကယ်လည်း ဆေးခန်းနဲ့ မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းတနေရာမှာ ထိုးရပ်လိုက်ပါတယ်။ ကျွန်တော်တို့အထင်ကတော့ သူ့အမေလား ဘာလားတော့ မသိ ထိုအမျိုးသမီးကြီးနေမကောင်းဖြစ်လို့ဆေးခန်းလာတာလား ပေါ့ဗျာ။ ဒါပေမယ့် ဆိုက္ကားအနောက်ကစဆင်းတဲ့ ထိုရွှေမင်းသမီးကို မြင်တော့ နှစ်ယောက်သားပြိုင်တူအော်လိုက်တာက “ဟာ ဟာ .. ဗိုက်ကြီးသယ်ကြီး” ဆိုတာပါပဲဗျာ။ ဟုတ်ပါတယ် မှားစရာမရှိပါ ဗိုက်ကြီးသယ်မှ ဗိုက်ကြီးသယ်ပါ ဗျာ။ ဗိုက်ကြီးခါစလားတော့ မသိ။ “ပူ”တာလား “စူ”တာလားတော့ မသိ ဗိုက်ကတော့ ပူတာမှ တော်တော်လည်းကြွတက်နေပြီ ဗျာ။ ကျွန်တော်ကတော့ ဘာရယ်မှန်းမသိတော့ ရီလိုက်တာက အူတက်မတတ်ပဲဗျာ။ ဘေးကလူတွေကတော့ ကျွန်တော့်ကို ကြည့်ပြီး ဒီကောင်ဘာများ ဖြစ်သွားတာလည်း ပေါ့။ ဟိုသူငယ်ချင်း မောင်မင်းကြီးသားရဲ့ မျက်နှာမှာ ရှက်ရာတွေချည်းပါပဲ ဗျာ။ တစ်ခဏအတွင်းမှာပဲ “ဟေ့ကောင် ကိုတိုး လာသွားမယ်လို့ ဆိုပြီး” နောက်တောင် ပြန်လှည့်မကြည့်တော့ပါဘူး ... ထိုနေရာနားကထွက်ခွာခဲ့ရတော့တာပါပဲ။

ဒီအဖြစ်လေးကို သူငယ်ချင်းတွေကြား ရယ်စရာတစ်ခုအနေနဲ့ ပြန်ပြောပြတတ်စမြဲပါ။ တစ်ချို့ကတော့ “မင်းတို့ကတော့ အ ပါကွာ .. ဗိုက်ကြီးသယ် မှန်းတောင် မရိတ်မိဘူးလား” လို့မေးကြတိုင်း “ဘယ်သိမလဲ ... ဗျာ ... သူက ပေါင်ပေါ်တင်ထားတဲ့ ဈေးခြင်းနဲ့ကွယ်ထားလို့” ဆိုပြီး ပြန်ဖြေရတယ်။ သူငယ်ချင်းအချို့ကတော့ “သူ့မှာ ပိုင်ရှင်လိုနေလို့ နေမှာပါကွာ ... တာဝန်ယူလိုက်ပါ ကုသိုလ်တောင်ရသေး”လို့ စကြပေမယ့် တစ်ချို့ကြတော့လည်း “မင်းတို့ ကာမေသု မိစ္ဆာစာရာကံတော့ ကြွပြီ” လို့စကြတယ်။ ဒါပေမယ့် သူငယ်ချင်းတစ်ယောက်ကတော့ “ဗိုက်ကြီးသယ်လည်း မဟုတ်ဘူး၊ ကာမေသု မိစ္ဆာစာရာကံလည်း မကြွဘူး .. အဲ့ဒီဆော် အပေါစားအရက်တွေသောက်ပြီး ရေဖျင်းစွဲနေတဲ့ ဗိုက်ကို လာပြတာ” လို့ ဟာသနှောပြောတော့ ရယ်ရတာ ပွက်လောညံပေါ့ ဗျာ။ (သူငယ်ချင်းတစ်ယောက်က သူနဲ့ သူ့သူငယ်ချင်းတွေလည်း မန္တလေးဘူတာရုံမှာ အလားတူအဖြစ်မျိုးလို ပုံစံမျိုးကိုကြုံခဲ့ဖူးကြောင်း ပြောပြပါတယ်)

ဒါပေမယ့် ထိုဗိုက်ပူမ ဘာကြောင့် မူယာမာယာအိုက်တင်တွေကို အမျိုးမျိုးလုပ်ပြခဲ့သလဲ ဆိုတာကိုတော့ မတွေးတတ်တော့ပါဘူး ဗျာ။

ကိုတိုး

12 comments:

နိုင်းနိုင်းစနေ said...

ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့ ကန်တော့
လုပ်လို့ မရဘူးနော်....လာ..ခဲ့.. ဘာမှတ်သလဲ..
ဘာခုမှ ကာမေသု မိစ္ဆာစာရ လဲ...ဟား..ဟား..

ThuHninSee said...

ကိုတိုးတို့ကလဲနော်.. အားနေရင်မိန်းမပဲပိုးနေတာပဲနော်..
ဒါတောင် လူပျိုကြီးဖြစ်နေသေးတယ်..
ဟိဟိ..ရွေးတာလွန်သွားတယ်နဲ့တူတယ်

Chan Mya Soe said...

လူ့အလိုကို နတ်မလိုက်နိုင် ဟိဟိ :P

Anonymous said...

=))

-moeyae

MYO HAN HTUN said...

@ နိုင်းနိုင်းစနေ
မလုပ်ပါနဲ့ ဗျ။ တော်ကြာ ... ကျောင်းတိုက်တစ်ခုလုံး လိုက်လာလိမ့်မယ်။

@ THU HNIN SEE
အရင်တုန်းကတော့ အလုပ်မရှိကျောင်းသားဘ၀မို့ လူပျိုလှည့်ရတာပါ။ လူပျိုကြီးဖြစ်တာကတော့ နဖူးစာ ရွာမလည်ပဲ တောထဲရောက်သွားလို့ပါ .. ဟီး ..
ရွေးတာလွန်တာလား လို့တော့ မဆိုနိုင်ပါဘူး .. ဘ၀ဇာတ်ခုံပေါ်မှာ ဇာတ်ကြမ်းများကိုသာ မနားတမ်းကနေရတဲ့ ဘ၀သမားမို့ပါ .. ခင်ဗျာ .. :)

@ CMS
လူ့အလိုကို နတ်မလိုက်နိုင်တာထက် .. သမီးရှင်အလိုကို ကိုတိုးမလိုက်နိုင်တာကလည်း ၁၀၀% ဖြစ်မှာပါ :(

@ Anonymous (or) moeyae
ကျေးဇူးတင်ပါတယ် .. :)

Ka Daung Nyin Thar said...

လိုက်စရာရှားလို့ဗျာ.. ဟားဟားဟား
ကိုတိုးကြီးက လူပျိုကြီးလား.. ရှာလေဗျာ.. ကိုတိုးက ရုပ်ချောပြီးသားပါဗျ.. မြင်ဖူးပါတယ် ခွီးခွီးခွီး

ကဒေါင်းညင်သာ

Anonymous said...

ချစ်တိုး

ချစ်တိုးက လိုင်းပေါ်မှာလာကဲနေတယ်ပေါ့နော် ... ကျူပ်ကတော့ တော့်ကို တွေ့နေကျ လမ်းထိပ်က ညောင်ပင်အောက်မှာစောင့်လို့ကောင်းတုန်း .... တော့်သတင်းတွေကြားတာ ကျူပ်နဲ့တွေ့မယ်.. ဒါပဲ

ထနောင်းရိပ်က

ရှင်နှောင်း

Anonymous said...

Ur posts makes me smile.
Also the comments too :-)
Nice writing..

MYO HAN HTUN said...

@ Ka Daung Nyin Thar
ဒီလိုပါပဲဗျာ .. “ရှာလေဗျာ” ဆိုပေမယ့် .. အစွန့်ပစ်ခံဘ၀မို့ .. အခုလို လူပျိုကြီး အခေါ်ခံနေရတာပေါ့ ဗျာ။ :D

@ ရှင်နှောင်း
ထနောင်းရိပ်က ရှင်နှောင်းရေ ..

ရှင်နှောင်း ဘယ်သူလဲ ဆိုတာ .. ဟောဒီက မောင်ကြီးတိုး မသိတာကတော့ အမှန်ပါ ဗျာ .. :)
(မှတ်ချက်။ ။ “ရှင်နှောင်း” ဆိုတော့ ဒါ .. ရွာသူနာမည်ပဲ .. ) :P

“ချစ်တိုး” တဲ့လားဗျာ .. ဟေ .. ဟေ့ ..
(မှတ်ချက်။ ။ “ချစ်တိုး” ဆိုတော့ .. ဒါ .. ကျွန်တော့် နှလုံးသားကို လာပြီး ကလိထိုးတာပဲ ဗျ :D .. တို့ကို ချစ်ရင် တို့အမေလာပြော .. လေ) :D :P

ဟ .. ဒုက္ခ .. ဘယ်လိုင်းပေါ်မှာမှ မကဲဘူးပါဘူးဗျာ ..
ဟို .. “အွန်လိုင်း” ဆိုလား “ဖွန်လိုင်း” ဆိုလား .. အဲ့ဒီမှာလဲ မကဲပါဘူး ဗျာ ..
(မှန်တာပြော ချမ်းသာပါရစေ) .. :)

ညောင်ပင်အောက်ကစောင့်တာလား .. ထနှောင်းရိပ်အောက်ကစောင့်တာလား ဗျာ .. စောင့်တဲ့နေရာလေးတော့ ကြိုပြောပေါ့ ..
ဟို အဆိုတော် ကိုင်စရာ (အဲ ယောင်လို့) ကိုင်ဇာ ဆိုတဲ့ “သူလာလာ .. မလာလာ .. ကိုယ်ကစောင့်ရမှာ .. .. ” အဲ့ဒီ သီချင်းလေးကိုလည်း
စောင့်ရင်းနဲ့ အပြင်းပြေဆိုပေါ့ :D

“ကျူပ်နဲ့တွေ့မယ်” ဆိုတာကတော့ စိန်ခေါ်စကားပေါ့ .. အင်း .. တွေ့ရင်တော့ .. ပ၀ါမကူ ရေမရှုကြေး .. ဗျာ .. :D :P :P

@ moeyae
Thanks for your comment. :)

Anonymous said...

လုပ်လိုက်လေ ပါဝါမကူရေမရှုကြေးဆိုတော့ ဘယ်ဘက်ကလောင်းရင်ကောင်းမလဲ၊ ကိုတိုးက ဗလကောင်းတယ်မဟုတ်လား....:P

ကဲဆိုင်းပါတီးပေးမယ်...

Tesla said...

ငါတို့ကြက်ဖ နိုင်နိုင် - ဟိုက် ရောကုန်ပြီ-
:P
ကိုတိုး ခင်ဗျား ကာမေသု မိစ္ဆာစာရ ကံကို ၂ကျပ်ဘိုး ကျူးလွန်သွားကြောင်း အမိန့်ချလိုက်တယ်လို့် ကြားတယ်ဗျ-
ဟီး ဟီး-

MYO HAN HTUN said...

@ nyalay
ဆိုင်းနဲ့တော့ မလုပ်ပါနဲ့ .. Iron Cross တီးဝိုင်းနဲ့ပဲ စီစဉ်ပေးပါ .. :P

@ Tesla
ဟ .. ၂ကျပ်ဖိုး ဆိုတော့ .. ၃ခု ၅ကျပ် ထားလိုက်မယ်။ :D