Nov 27, 2006

မစ္စတာရာ(ရ်)ဟင် ကြောင့် မာ(ရ်)နတ်ဆိုးရဲ့အဖေဖြစ်သွားခဲ့တဲ့ ကျွန်တော်

ခေါင်းစဉ်မြင်လိုက်လို့ တစ်မျိုးမထင်လိုက်ပါနဲ့၊ ဇာတ်လမ်းက ဒီလို . . ဗျ။

ကျွန်တော်နေခဲ့တဲ့မန္တလေးအိမ်ရဲ့ တစ်အိမ်ကျော်မှာ ဦးရာ(ရ်)ဟင် (ခေါ်) ဦးခင်ဝင်း ဆိုတဲ့ ကုလားအဖိုးကြီးတစ်ယောက်ရှိတယ်။ သူ့မြေးတွေ အားလုံးလိုလိုက ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ။ သူတို့က အစ္စလာမ်ဘာသာဝင် မွတ်စလင်လူမျိုးတွေပေါ့။ အရမ်းကို ညီကိုရင်းသဖွယ် ချစ်ခင်ကြပါတယ်။ သူတို့အဖိုးကို တစ်ချို့အခေါ်ကတော့ ‘‘ဦးရာ(ရ်)ဟင်’’၊ ရပ်ကွက်ထဲက အများစုခေါ်တာက ‘‘ဦးခင်ဝင်း’’၊ သူတို့မိသားစုဝင်တွေ အခေါ်ကျတော့ ‘‘နာနား’’ (အဓိပ္ပာယ် ကတော့ ‘‘အဖိုး’’ ပေါ့)။ အဖိုးကြီးက ရုပ်ရှင်ကုမ္ပဏီ ပိုင်ရှင်။ ရပ်ကွက်ထဲမှာ ကုလားဆိုလို့ သူတို့အိမ်တစ်အိမ်ထဲပဲ ရှိတာ။ အားလုံးက တရုတ် နဲ့ မြန်မာတွေ။ ရပ်ကွက်ကလူတွေ ဖဲရိုက်ကြလို့ (သတိပေးချက်။ ။ ရဲစခန်းတော့သွားမတိုင်လိုက်ပါနဲ့ဗျာ) ကုလားဖဲတောင်းရင် ‘‘ခင်ဝင်း ကွ’’ သို့တည်းမဟုတ် ကုလားဖဲဆွဲမိလို့သေရင်လည်း ‘‘ဟာ . . . ဒီ ခင်ဝင်း တက်လို့ သေပြီ’’ လို့အော်ကြဟစ်ကြတာက မရိုးတော့ပါ။

ဒါပေမဲ့ အဖိုးကြီးကတစ်မျိုးဗျ . . . . . ဂျစ်တီး ဂျစ်ကန်ကြီး (မှတ်ချက်။ ။‘‘သူငယ်ချင်းတို့ရေ ဆောရီးကွာ’’ မင်းတို့အဖိုးအကြောင်းကို အင်တာနက်ပေါ်မှာတောင် အတင်းပြောရတဲ့အဆင့်ရောက်သွားလို့)
အသက်ကြီးလို့ သူ့ရုပ်ရှင်လုပ်ငန်းကနေ အနားယူကတည်းက အိမ်ပေါက်ဝမှာ တုတ်ကောက်တစ်ချောင်းနဲ့ လမ်းသွားလမ်းလာတွေကို ထိုင်ပြီးငေးတယ်။ မျက်လုံးလည်း သိပ်မကောင်းရှာလို့ ပါဝါထူတဲ့ပုလင်းဖင် မျက်မှန်ကြီးတပ်၊ အိမ်လာသမျှ လူတိုင်းကို သူ့တုတ်ကောက်နဲ့တားပြီး ‘‘ကွန်(န) ဟဲ(ရ)’’ (Kon Hai) အဓိပ္ပာယ်က ‘‘ဘယ်သူ လဲ’’ ‘‘ဘယ်ဝါ လဲ’’ ပေါ့။ ကျွန်တော်ကတော့ တတ်သမျှ မှတ်သမျှထဲက ‘‘အက်(ဖ)ရှာရပ်(ဖ) ကား (ရ်) ဒို့(စ)’’ အဓိပ္ပာယ်က ‘‘ကျွန်တော် အက်(ဖ)ရှာရပ်(ဖ) ရဲ့ သူငယ်ချင်းပါ’’ အက်(ဖ)ရှာရပ်(ဖ) ဆိုတာက သူ့ရဲ့မြေး၊ ကျွန်တော့်ရဲ့သူငယ်ချင်း။ ဂွဂျတာက ၂၅နှစ်လောက်လုံးလုံး ကလေးဘ၀ထဲက စားအိမ်သောက်အိမ်လိုနေလာခဲ့တာတောင် သွားတိုင်း တုတ်နဲ့တား အမေးခံခဲ့ရတယ်။ တစ်ခါတစ်လေ မဖြေပဲ ၀င်ရင် နောက်ကနေ တုပ်နဲ့လှမ်းတို့တယ်၊ လှမ်းရိုက်တယ်။ အတော်ဆိုးတဲ့အဖိုးကြီးဗျ။ တစ်ရက် စာမေးပွဲကိစ္စနဲ့ အရေးတကြီးမို့ အပြေးအလွှားသွားမိတာ အဖိုးကြီးက တုတ်ကောက်နဲ့ ပြောပြောဆိုဆိုနဲ့လှမ်းတားလိုက်တာကို ကြုံလိုက်ရတော့တာပါပဲ။ လူလည်း ဒူး နဲ့ တံတောင်ကွဲမတတ် မှောက်ခုံလဲပါလေရော။ ဒေါသကတော့ နဘံမိုးယံ သို့ရောက်ခဲ့ရတယ်။ မှတ်မှတ်ရရ ကျွန်တော်လည်း ထိုရက်များက ထော့နဲ့ ထော့နဲ့ နဲ့ ရုံးသွား၊ ကျောင်းတက် နေခဲ့ရသေးတယ်။

နောက်တစ်ပတ်လောက်နေတော့ သူတို့အိမ်အသွား အဖိုးကြီးက အပေါက်ဝကနေ သိတော်မူကြတဲ့အတိုင်း ‘‘ကွန်(န) ဟဲ(ရ)’’ ပေါ့။ ဒီကကောင်ကလည်း ဘယ်ရမလ၊ဲ သိသမျှ မှတ်သမျှထဲမှ လေသံပါပါ အသံမာမာနဲ့ ‘‘ရှိက်သန်း(ဒ) ကား(ရ်) ဘာ့(စ)" အဓိပ္ပာယ်က ‘‘ငါ သရဲ၊မကောင်းဆိုးဝါး မာ(ရ်)နတ်ရဲ့ အဖေကွ’’။ အနီးအနားမှာရှိတဲ့ သူ့သမီးအကြီးနဲ့ သူ့မြေးအကြီးကတော့ ‘‘ကိုတိုးကတော့ လုပ်ချလိုက်ပြန်ပြီ’’ ဆိုပြီး ရယ်နေတော့တာပါပဲ။ ကောင်းပါသည်၊ အလွန်ကောင်းပါသည်၊ အလွန့်အလွန်ကောင်းတဲ့ အဖြေပါ။ စကားလုံးအမိုက်စားသုံးပြီး ဖြေလိုက်ပုံကို ကြောက်သွားလားတော့မသိ အဖိုးကြီးလည်း အဲဒီနေ့ကစပြီး ကျွန်တော့်ကို မြင်တိုင်း ဘာကိုမှ မမေးတော့၊ ပြူးတိပြူးကြောင်နဲ့သာ ကြည့်နေပါတော့တယ်။ သူတို့အိမ်က လူတွေကတော့ ‘‘ငါ့တို့အဖိုးကြောင့် မင်းလည်း ရှိက်သန်း(ဒ) (သရဲ၊မကောင်းဆိုးဝါး မာ(ရ်) နတ်) ရဲ့ အဖေ ဖြစ်သွားတော့တာပဲ’’ လို့ ရယ်ရယ်မောမော ပြောခဲ့ကြပါတယ်။

ဟိုတလောတုန်းကတော့ အဖိုးကြီး ဆုံးသွားကြောင်းသတင်းရလိုက်ပါတယ်။ ဒီစာရေးနေရင်းတော့ ‘‘ကောင်းရာသုကတိဘုံရောက်ပါစေ’’ လို့ ဗုဒ္ဓဘာသာလိုဆုတောင်းမိပါတယ်။ သူတို့ အစ္စလာမ်ဘာသာလိုကတော့ ‘‘စလမ် အလိုင်ကွန်း’’ (Salam Alaikum) ‘‘အလ္လာ့ အလိုတော် အတိုင်းပါပဲ’’ လို့ ဆုတောင်းပေးလိုက်တာပါပဲ။

ကိုတိုး

1 comment:

Anonymous said...

Salam Alaikum par BarBuGyi ...