Nov 30, 2006

၁၁ နှစ်၊ (၅၇၀ပတ်) ကျော်ကြာပြသဆဲပြသမြဲဖြစ်သော ထိုရုပ်ရှင်

မင်းသား ရှာရုဒ်ခန်း(န) (Shah Rukh Khan) ဟာဆိုရင်ဖြင့် မြန်မာနိုင်ငံရှိ အိန္ဒိယ ရုပ်ရှင်စွဲ ပရိဿတ်များရဲ့ အသည်းကျော် မင်းသားတစ်ယောက်ပါပဲ လို့ ပြောလျှင် မှားမည်မထင်ပါ။ သူ့ကို လူတိုင်းလိုလို သိကြပါလိမ့်မယ်။ သူ နှင့် မင်းသမီး ကာဂျိုး(လ်) တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ "Dilwale Dulhania Le Jayenge" (အတိုကောက်ကတော့ DDLJ လို့ခေါ်ကြပါတယ်) အိန္ဒိယ အချစ်သရုပ်ဖော်ဇာတ်လမ်းဟာ ဆိုရင်ဖြင့် ၁၉၉၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့မှာ စတင်ရုံတင် ပြသခဲ့ပါတယ်။ ထူးခြားတာက ဒီဇာတ်ကားကို ထိုနေ့ကနေစ၍ ယနေ့ထက် ထိတိုင်အောင် အိန္ဒိယနိုင်ငံ Mumbai (ယခင်အခေါ် Bombay) ရဲ့ Maratha Mandir ရုပ်ရှင်ရုံမှာ ရုံတင်ဆဲရုံတင်မြဲဖြစ်နေသေးပါတယ်။ စပြတဲ့ရက်ကနေ ယနေ့ထက်ထိ နှစ်ပေါင်း ၁၁ နှစ်၊ (၅၅၅ ပတ်) ကျော်ကြာ ထိုရုပ်ရှင်ရုံတွင် ကမ္ဘာ့ စံချိန်တင်ပြသဆဲပါ။ အိန္ဒိယ လူမျိုးများကတော့ သိတော်မူကြတဲ့အတိုင်း ရုပ်ရှင်နဲ့ပတ်သက်လို့ ချစ်ခင်၊ ကြိုက်မုန်း၊ ငိုကြွေးလွမ်းဆွတ်၊ ထိုးကျိတ်သတ်ဖြတ် စသည့် ခံစားချက်များပြင်းပြတဲ့နေရာမှာ ကမ္ဘာပေါ်တွင် မည်သည့်လူမျိုးမှ သူတို့ရဲ့ စိတ်ခံစားချက်များကို မှီမယ်မထင်ပါ။ ရုတ်ရှင်ကိုအသည်းစွဲကြတာကလည်း သူတို့မှလွဲ
၍ မည်သူမှပင်မရှိတော့ပေ။ (မှတ်ချက်။ ။ ဒါကတော့ ကျွန်တော့် မျက်မြင်ကိုယ်တွေ့ပါ။ ကျွန်တော် Bombay (Mumbai) မှာကျောင်းတက်စဉ်ကာလက ကျောင်းသွားရင် ရုပ်ရှင်ရုံလေးငါးရုံလောက်ရှေ့က ဖြတ်သွားရတယ်။ မှတ်မှတ်ရရ "Kal Ho Naa Ho" ဇာတ်ကားပြတုန်းကလည်း ငိုလိုက်ကြတဲ့ ကုလားများ ရုပ်ရှင်ရုံကနေ မျက်ရည်များစမ်းတမ်း စမ်းတမ်းနဲ့ ထွက်လာကြတယ်။ ဇာတ်ကားထဲမှာ တစ်ခုခု မတရားတာမြင်ရင်လည်း မည်သူနဲ့မှမတူ ဆဲကြဆိုကြတာကလည်း ပွက်လောရယ်မှညံ။ ကျွန်တော့် ကုလားဆရာများဆိုရင်လည်း ကျောင်းပိတ်ရက်တိုင်းတွင် တစ်ရက်ထဲ ရုပ်ရှင်သုံးလေးကားကို ရုံတကာလှည့်ကြည့်ကြတယ်။ တကယ့်ကို Passion of the India ပါပဲ။)ဒီဇာတ်ကားရဲ့ ဇာတ်လမ်းလေးကတော့ သိတဲ့အတိုင်းပါပဲ၊ ကောင်လေး နဲ့ ကောင်မလေးက ချစ်သူဖြစ်၊ မင်းသမီး အဖေက သဘောမတူ၊ လွမ်းကြ ဆွေးကြ၊ နောက်ပြန်ပေါင်းထုပ် ဇာတ်လမ်းလေးတစ်ခုပါ။ ဒါပေမဲ့ ထူးခြားတာက အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံးရုပ်ရှင်အဖြစ် ပြည်ပတွင်နေထိုင်သော အန္ဒိယလူမျိုးများအကြောင်းကို ပုံဖော်ထားခြင်းဖြစ်ပါတယ်။ ဇာတ်ကားကလည်းကောင်းလွန်လွန်းလို့ ဒီလောက်ထိ ရုံတင်ဆဲရုံတင်မြဲ ဖြစ်တာပေါ့။ အိန္ဒိယရုပ်ရှင်ကြိုက်ပရိဿတ်များကတော့ ကြည့်ဖူးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ကုလားကားမကြည့်ရသေးဖူးဆိုတဲ့ လူများကိုတော့ အိန္ဒိယကားရဲ့ ‘‘အဆိုအက ချစ်ကြကြိုက်ကြ လွမ်းပြီး ပြန်တွဲ ဒီဇာတ်လမ်းပါပဲ’’ ဆိုတဲ့ ကျွန်တော့်ရဲ့ မူပိုင် ပြောင်ချော်ချော် စာသားလေးကို ရေရွတ်ရင်း ဒီဇာတ်ကားကို ကြည့်ဖို့ရန် တိုက်တွန်းလိုက်ရပါတယ်။

အသေးစိတ်သိလိုတယ်ဆိုရင်တော့ Dilwale_Dulhania_Le_Jayenge မှာ သွားဖတ်လို့ရပါတယ်။
ကိုတိုး


My Photo Gallery 2


Mercury Wave, Pattaya Beach, 2004

ပလာတာအိုးနဲ့တူတဲ့ ငါ့စိတ်တွေ

တွေ့ရင်

ချစ်သူဝိုင်းဝိုင်းလည် ချစ်ရသူရယ်
မင်းရဲ့ အပြုံးတစ်မျက်နှာက
မန္တလေး ညဈေးက ထိုးမုန့်သည်တွေထက်
အခြားလူတွေရင်မှာ ချိုလွန်းလှ ပါတယ်
ဒါကြောင့်လည်း
စိုးရိမ်လှပါတယ် ငါ့စိတ်တွေရယ်

တွေးရင်

မင်း ပြန်မချစ်ရင်
ဆေးမကယ်နိုင် စိတ်ရောဂါဆေးရုံ
လက်မှိုင်တော့မယ်
ငါ့ကို ပြန်ချစ်ပါ
ဒါကလည်း
ရူးစေပါတယ် ငါ့စိတ်တွေရယ်

ဝေးရင်

မင်း လမ်းခွဲစကားဆိုခဲ့ရင်
ကီးမားတင်ဝင်း ပလာတာအိုး
ရင်ဘတ်နဲ့တိုးမိလေလား
အဲ့ဒီထက်
ပူပါတယ် ငါ့စိတ်တွေရယ်

အို တွေး၊ ဆွေး၊ ဝေး
အကုန်ရှောင်ပြေး
ဗျာအပူတွေကို ယတြာခြေ။

ကိုတိုး

(မှတ်ချက်။ ။ ဒါကတော့ မော်ဒန် ကဗျာလေး တစ်ပုဒ်ပေါ့။ ခံစားကြည့်ပါ။)

ကွန်ပျူတာစားပွဲ ပေါ်က ပါပီမလေး


ကွန်ပျူတာစားပွဲ ပေါ်က ပါပီမလေး

ကျီး ယောင်ဆောင်သော ဒေါင်း

အသဲ ရယ်
ရေမြေရပ်ခြား
ပင်လယ်တွေ ခြားလည်း
တို့  သူငယ်ချင်းတွေ
မင်းကိုအမြဲတမ်း သတိရနေပါတယ့့် 

ဟိုနေ့ က
မင်းဓါတ်ပုံတွေကို တို့ တစ်တွေ တွေ့ ရတော့ အံ့သြခဲ့တယ့့် 

မေးစရာလေးတွေကိုတော့ မေးပါရစေ့ 

ဆံနီကြောင်ကြောင်
ရွှေအိုရောင်နဲ့ 
ရောင်စုံကြောင်ကြား
သည်အလှ မှ
မင်းလှတယ် ထင်နေတော့ မှာလာ့း့ 

ချက်ပြုတ် ဗိုက်ပေါ် ပေရော်ရော်
ညစ်ညှော်ညှော်ဂျင်းနဲ့ 
စတိုင်(လ်) ဆိုတဲ့ အခေါ်ဝေါ်တွေနဲ့ မှ
မင်းအနေတော် နေတော့မှာလာ့း့ 

ရောင်စုံမီးကြား သံစုံတီးကြ
ယစ်မူးပေါက်မှ အသွင်ထူးတောက်တယ်ဆိုတဲ့
မင်းရဲ့ အသိုင်းအ၀ိုင်းတွေခေါ်ရာ
ကလပ်(ပ)တွေ ပါတီတွေနဲ့ မှ
မင်းအနေပျော် နေတော့မှာလာ့း့ 

အခါခါပူ မှာတော်မူချင်တာက
ကျီး ယောင်ဆောင်သော ဒေါင်း တော့ မဖြစ်စေချင်ပါ့ 

တို့ သူငယ်ချင်းတွေဘ၀မှာ မင်းလိုနိုင်ငံခြားဆိုတဲ့
ဝေါဟာရတစ်ခုကို စိတ်ကူးထဲမှာတောင် မတွေးဝံ့ကြလို့ 
မင်းဆီအလည် လာဖို့ ဆိုတာလည်း မဖြစ်နိုင့့် 

ဒါကြောင့့် 

ပုထိုးစေတီ ရှု့ ဖွယ်စုံညီ
မြရိပ်ညိုညို တောင်တန်းတွေကတစိုစို
သည်တမာဝေ အညာမြေဟောင်းက
ခရေတွေလျောင်းလမ်း ဒီမြေလမ်းမှာ
သနပ်ခါးကြား ဖျင်ကြမ်းအကြားနဲ့ 
အညာသူအလှ စာကူမရတဲ့
မင်းပြန်လာမယ့် နေ့ ကို
တို့ တတွေ
မြူမှုန်တွေကြားက မသဲမကွဲ
စောင့်မျှော်နေပါ့ မယ်။

ကိုတိုး

ကျွန်တော်ရင်ထဲအသည်းထဲက ရေးသားထားတဲ့ကဗျာလေးတစ်ခုပေါ့ ။
ဇူလိုင်လ ၃၁ရက်၊ ၂၀၀၆။

မင်း မေမေနဲ့ဖေဖေကို ကြိုးနဲ့တုတ်ထား (ပေါက်ကရ မော်ဒန်ကဗျာမှတ်စု မှ)

ကိုယ်တို့သွားကြစို့ သောကြာနေ့ရုတ်ရှင်ရုံဆီ
အချစ်ရယ်
မင်းဆီ ကိုယ်လာပါတယ်
ဒါပေမဲ့ အမြဲတမ်း
မင်းအမေက မင်းအိမ်မှာမရှိဘူးတဲ့
မင်းအဖေကတော့ မင်းလိုက်မှာမဟုတ်ဘူးတဲ့
အချစ်ရယ် မင်းသိတဲ့အတိုင်း ကိုယ်က လူကောင်းလေးတစ်ယောက်ပါ
မင်းဖေဖေ နဲ့ မင်းမေမေလုပ်တိုင်း
သူငယ်ချင်းတွေရဲ့ ဝေဖန်မှု့တွေက ဆိုးလှတယ်
ကိုယ်လည်း မင်းအိမ်ရှေ့ကနေ အချက်မပေးချင်
လာမည့်ကျောင်းဖွင့်ရက်မှာ
လက်ဆောင်ပေးချင်တာက ကြိုးနှစ်ချောင်း
ကိုယ်တို့ရဲ့ လွပ်လပ်တဲ့ နေ့လေးတစ်ခုရအောင်
သောကြာနေ့ရောက်တိုင်း
မင်းမေမေ နဲ့ မင်းဖေဖေကို ကြိုးနဲ့တုတ်ထားစေချင်တယ်

ကိုတိုး

(မှတ်ချက်။ ။ဒါကတော့ ကျွန်တော့်ရဲ့ ပေါက်ကရ (ပေါက်ပန်းဆေး) မော်ဒန်ကဗျာဆိုရင်လည်း မမှားပါဘူး။)

My Photo Gallery 1


The Way to Wadi, OMAN. 2004


City of Angels, BANGKOK. 2004

Nov 28, 2006

ဒဏ်ရာ

မထင်မှတ်ပဲ ဖြစ်ပေါ်လာတဲ့
ဝေဒနာအတွက်
မချစ်ဖူးတဲ့ အချစ်ရူးတစ်ယောက်မို့
မချစ်တတ်လို့ အချစ်ငတ်ခဲ့ရတဲ့
အမှတ်မရှိတဲ့ နှလုံးသား
ရိုက် - ရိုက်ပြီး
ဆုံးမတာပဲ
ကောင်းပါတယ်။

အေးထွန်း

မှတ်ချက်။ ။ ဒါကတော့ သူငယ်ချင်းအေးထွန်းရဲ့ ကဗျာလေးတစ်ခုပါ

ယဉ်ယဉ်လေး ရူးလို့နေ

တိတ်ဆိတ်နေတဲ့
ညမှောင်တွေမှာ
ကောင်းကင်တခွင်
ငေးမောနေမိတယ်

တိမ်လွှာလေးတွေ
လေပြေအေးတွေ
တောက်ပနေတဲ့ လရောင်
လင်းလက်နေတဲ့ ကြယ်လေးတွေ
လှပညများ
ကာရံလှအောင်
အချစ်ဘေးမှာရှိစေချင်ပြီ။

ကိုတိုး

တံတားလေး

အိပ်မရတော့တဲ့
ငါ့မျက်လုံးတွေ
မင်းပုံရိပ်တွေကို
အတင်းလိုက်ဖမ်းရင်း

ပိတ်မရတော့တဲ့
ငါ့ရဲ့နှုတ်ခမ်းတွေ
မင်းနာမည်ကို
အော်ဟစ်ရင်း

ရူးသွပ်မှု့နဲ့
လူတွေအလည်မှာ
ငါတစ်ယောက်တည်း
ကခုန်နေမိတယ်။

ကိုတိုး

အသစ်တဖန်

စုံစည်းခွင့်ရဲ့
နံနက်ခင်း
မင်းခြေချောင်းလေးတွေကို
ငေးကြည့်ရင်းနဲ့
ငါ ရင်ခုန်နေမိတယ်

ခွဲခွာခြင်းရဲ့
ညနေခင်း
မင်းပါးမို့ပြင်က မျက်ရည်စလေးများကို
သုတ်ရင်းနဲ့
ငါ စိတ်မကောင်းဖြစ်နေရတယ်

ရင်ခုန်ခြင်းရဲ့
ညတွေမှာ
မင်းပုံရိပ်တွေ
ငါမြင်ရင်း
နေ့သစ်တစ်ခုကို
ပြန်ရောက်ချင်တယ်။

ကိုတိုး

တစ်ခုလတ် ရည်းစား

ရောက်လေရာ ရည်းစားထား
မင်းမာယာ ဒါအကုန်ပဲလား
မိန်းကလေးရယ် မင်းအတွက်ငါစိတ်ပူ
ရင်တပူပူ အအိပ်ပျက်အစားပျက်
နှိပ်စက်တာက ရင်ခုန်သံ
သံစဉ် ပြောင်းပြန် ဂီတာအိုသံ
နားမခံနိုင်တဲ့ ဒီသီချင်းအိုအား
ငါတစ်ကိုယ်သီဆို
တအိုအို တငိုငို
ကလေးကငို တေးကဆို သေးကလည်းဆို
အကြွေးကလည်းပို မင်းဘ၀ကအအို
ငါ့ ဘ၀ကလူပျို
မင်းနောင်တ မင်းမရလည်း
ငါ့ မေတ္တာလည်း ကုန်ခန်းလေပြီ
မင်းအတွက် ငါဆုတောင်းပေးခဲ့သည်
နှုတ်ဆက်ပါပြီ
အဝေးတစ်နေရာဆီ . . .

ကိုတိုး

ခေတ်သစ် ကလေးချော့တေး

ဟစ်ပေါ့နဲ့  ဟစ်ဟော့ကို
မချစ်တော့
ရက်(ပ)ပါစီးရီး ကယ်ပါနားညီးလို့ 
ဆယ်ခါ နားတီးခံရလောက်တယ်
ပလီပလာ တီတီတာတာ
မညီမညာ ဆိုလိုက်ကြပုံများ
နားထဲရေ၀င်ကာမှ တော်အုံးမယ်
ကဲပါလေ . . .
ခေတ်ရေစီးကြောင်း သွင်သွင်စီးချောင်းလို့ 
ကိုယ့်ခေတ် သူ့ ခေတ်
တေးကို အခြေပြု
ကလေးကိုသာ ချော့သိပ်လိုက်အုံးမယ်
ရော့(ခ) သီချင်းနဲ့ တဲ့လေး ။

ကိုတိုး

Nov 27, 2006

မမှန်းပါနဲ့ မိမုန်းရယ်

၁၉၉၆ခုနှစ်ရဲ့ ဆောင်းပေါက်ခါစ တစ်ရက်မှာပါ . . . . .

မန္တလေးတက္ကသိုလ် မိန်းဆောင် (Main Building) ရဲ့လှေကားတစ်တွေမှာ ပထမနှစ် အသစ်စက်စက် ကျောင်းသားတွေဖြစ်တဲ့ ကျွန်တော် နဲ့ ကျွန်တော့် သူငယ်ချင်းနှစ်ယောက် ထိုင်နေကြရင်း မိန်းကလေး လှလှလေးတွေကို ငမ်း နေကြတာတော့ အမှန်ရယ်ပါ။

ထိုအချိန်ပျာပျာသလဲ ရောက်လာတာက ပဲပင်ပေါက်လက်ရေး ပိုင်ရှင်သူငယ်ချင်းတစ်ယောက်။ ထိုပဲပင်ပေါက် လက်ရေးပိုင်ရှင် တောင်ပေါ်သားသူငယ်ချင်းရဲ့ စကားအဆိုအရ သူအသည်းအသန် လိုက်နေတဲ့ ကောင်မလေးကို စိတ်ဆိုးအောင် ဘာတွေသွား လုပ်လာမှန်းမသိ၊ သူရေးထားတဲ့ တောင်းပန်စာကို ကျွန်တော်က လက်ရေးလှလှနဲ့ ပြန်ကူးပေးရန် လာပြီးအကူအညီ လာတောင်းတယ်လေ။ ကျွန်တော်ဆိုတဲ့ကောင်က ဒါမျိုးဆိုရင် ကူညီချင်တာက ရှေ့ဆုံးက။ ကျောင်းမှာတုန်းက မိန်းမချောလေးတွေရဲ့ ပန်းချီပုံတူဆွဲရန်၊ ကဗျာစာအုပ်တွေအတွက် ရုပ်ပုံများရေးဆွဲရမည် ဆိုလျှင် ဒီကကောင်က အခမဲ့ အိပ်စိုက်ကူညီရန်ဝန်မလေးသူ။ ဒါနဲ့ဘဲ ကျောင်းထဲက လက်ဘက်ရည်ဆိုင်တစ်ခုမှာ သူငယ်ချင်းတွေနဲ့သွားထိုင်ရင်း သူရေးထားတဲ့ စာလေး သုံး လေးကြောင်း ကို ရည်းစားစာ ရေးလျှင် သုံးတဲ့ စာရွက်လှလှလေးပေါ်မှာ ကူးပေးလိုက်တယ်။ မှတ်မှတ်ရရ အဲဒီတောင်ပေါ်သားလည်း ပျော်ပြီး သူစားထားတဲ့မုန့်ဖိုးတောင် မရှင်း ‘‘ငါ စာ သွားပေးလိုက်အုံးမယ်လို့’’ ပြောပြောဆိုဆိုနဲ့ ထပြေးလေရော။

နောက်တစ်နေ့ ကျောင်းခန်းရှေ့မှာ သူငယ်ချင်းတွေနဲ့ စကားပြောနေတုန်း ကောင်မလေးတစ်သိုက် ရောက်လာပြီး အဲဒီထဲမှ စာပေးခဲ့ရတဲ့ အနှီကောင်မလေးက တောင်ပေါ်သားကို လွယ်အိပ်နဲ့ပစ်ပေါက်ပြီး ‘‘နင်လို အကောင်မျိုးကို ငါက ဘာကိစ္စနဲ့ မှန်းရ မှာလဲ xxxxxxxxxxxxx’’ လို့အော်ရော၊ ပြီးတော့ဘာစကားတွေမှန်းတောင် မသိတော့ပါဘူးဗျာ၊ သူ့သူငယ်ချင်းတွေကပါ မရပ်မနား တောင်ပေါ်သားကို ပြောဆိုပြီး သူပေးခဲ့တဲ့စာနဲ့ မျက်နှာကို ပစ်ပေါက်သွားလေရော။ သူငယ်ချင်းတွေအားလုံးနဲ့ တစ်ခြားကျောင်းသူ ကျောင်းသားတွေကတော့ ပါးစပ်ဟောင်းသားနဲ့ ‘‘ဘာလဲ ဟ’’ ပေါ့။ သူငယ်ချင်း မျက်နှာကတော့ ရဲတောက်၍ ကြောင်တောင်တောင် ဖြစ်နေရှာပါတယ်။

မနေနိုင်တဲ့ ကျွန်တော်က လုံးထွေးနေတဲ့စာလေးကို ဖြီပြီး အခြားသူငယ်ချင်းတွေနဲ့ ဖတ်မိတယ်။ စာက ကျွန်တော့်လက်ရေး အတိုင်းပါပဲ။ ရုတ်တရက် သူငယ်ချင်းတစ်ယောက်က ‘‘သေဟေ့ သေသေ’’ ‘‘ဟေ့ကောင် မင်း (မုန်း) ကိုပေါင်းတာ (မှန်း) ဖြစ်နေပြီကွ’’ ဟုတ်ပါသည် (တစ် ခေါင်း ငှင်) အစား (ဟတ် ထိုး) များနှင့်ပေါင်းမိ၍ စာမှာ ‘‘နင် ငါ့ကို မှန်းနေလား၊ နင် ငါ့ကို မှန်း နေတယ်ဆိုတာ ငါသိပါတယ်၊ ငါ့ရဲ့ လုပ်ရပ်တွေအားလုံးကလည်း နင် မှန်းလည်း မှန်းလောက်စရာပါပဲလို့ ငါသိနေပြီးသားပါ။ ဒါပေမဲ့ နင်ငါ့ကိုနောက်ထပ်ပြီးမမှန်း ဖို့ ငါတောင်းပန်ပါတယ်’’ ဟူ၍ ဖြစ်သွားတယ်။ ‘‘သေကွာ’’ ဆိုတဲ့နောက်ဆုံးမှာတော့ သူငယ်ချင်းကိုတော့ ‘‘ငါ စာလုံးပေါင်းမှားသွားလို့ ငါ့ကိုခွင့်လွှတ်ပါကွာ’’လို့ တောင်းပန်လိုက်ပါတယ်။ သူက ‘‘ရပါတယ်’’ လို့ ငိုသံပါကြီးနဲ့ ဖြေလိုက်ပါတယ်။ အမှန်တကယ် စာထဲမှာ အဲဒီကောင်မလေးနာမည်ကို စာထိပ်မှာရယ် တောင်ပေါ်သား နာမည်ကို စာရဲ့အောက်မှာရယ် ကလွဲလို့၊ စာရဲ့ အဓိပ္ပာယ်အရင်းက ရှင်းပါတယ် . . . . . ‘‘နင် ငါ့ကို မုန်းနေလား၊ နင်ငါ့ကို မုန်းနေတယ်ဆိုတာ ငါသိပါတယ်၊ ငါ့ရဲ့ လုပ်ရပ်တွေအားလုံးကလည်း နင် မုန်းလည်း မုန်းလောက်စရာပါပဲလို့ ငါသိနေပြီးသားပါ။ ဒါပေမဲ့ နင်ငါ့ကိုနောက်ထပ်ပြီးမမုန်း ဖို့ ငါတောင်းပန်ပါတယ်’’ ဆိုတာပါပဲ။ သူရေးခိုင်းလို့ သာရေးပေးလိုက်ရပါတယ် သူနဲ့ အဲဒီကောင်မလေး အကြောင်း၊ သူ့နဲ့ဘာပြဿနာတွေ ဖြစ်ခဲ့သလဲ ဆိုတာကိုလည်း အဲဒီတုန်းက မသိရိုးအမှန်ပါ။ နောက် မေးကြည့်တော့မှာ စတွေ့လို့ ရည်းစားစကား လိုက်ပြောရုံ အဆင့်သာ လို့သိလိုက်ရတော့တာပါပဲ။ စာရေးတုန်း ဘေးမှာရှိခဲ့တဲ့ သူငယ်ချင်းက စပ်စပ်စုစု စာကိုဝင်ဖတ်ပြီး သူထသွားတော့ ‘‘ဒီကောင် တောင်ပေါ်သား ရည်စားစာပေးတာ ပြတ်တယ်ကွ၊ ကောင်မလေး ဖတ်ချင်အောင် ကဗျာလေးတောင် ထည့်မရေးဘူးလို့’’ ဟာသလေးတောင် နှောလိုက်ပါသေးတယ်။

အဲဒီတုန်းကတော့ ကျွန်တော်တို့သူငယ်ချင်းတွေ သူ့အတွက် အနှီကောင်မလေးဆီသွားပြီး ဖြစ်ကြောင်းရယ်မှ ကုန်စင် ပြောပြခဲ့ပါသေးတယ်။ ဒါပေမဲ့ အပြောကြီးတဲ့ရွှေမင်းသမီးက မာနတွေအပြတ်ကြီး ပြနေလေရဲ့။ ကြီးလည်းကြီးချင်စရာ ဘာကြောင့်လဲဆိုတော့ သူ့ကိုလိုက်တဲ့ ဘဲတွေ ငနဲတွေက တစီတတန်း၊ တို့တောင်ပေါ်သားလည်း အပါပေါ့ သူ့ကိုယ်သူ ရုပ်ရှင်မင်းသမီးများ မှတ်နေတာလားမသိ သို့တည်းမဟုတ် ရုပ်ရှင်ရိုက်ကွင်းတစ်ခုတွင် သရုပ်ဆောင်နေတယ်လို့ ထင်နေသလားတော့ မသိရိုးအမှန်ပါ၊ စိတ်ဆိုးမာန်ဆိုးနဲ့ ဒေါသအမျိုးမျိုးကိုထွက်နေတဲ့ အမူအရာတွေ အမျိုးမျိုးလုပ်ပြနေတော့တာပါပဲ။ မျက်နှာကို ရှုံမဲ့၍ နှုတ်ခမ်းစူ နှုတ်ခမ်းပြတ်မတတ် ကိုက်ပြနေတော့တာပါပဲ။ နောက်ဆုံး ‘‘ရှင်တို့အခုထွက်သွား၊ အခုထွက်မသွားရင် ပါချုပ်နဲ့ သွားတိုင်မယ်’’ ဆိုတော့မှ လက်လျှော့လိုက် ရပါတော့တယ်။

သူငယ်ချင်းတစ်ချို့ကတော့ စစနောက်နောက်နဲ့ ‘‘မင်းတော့ ဒါ သီးသန့် ဇာတ်လမ်းတော့လုပ်ချလိုက်ပြီ’’ လို့ ဆိုကြပါတယ်။ တစ်ယောက်သော သူငယ်ချင်းကတော့ ‘‘နင် ဒါတော်သေးတယ် ငါဆိုရင်တော့ ပါးကျိုးအောင်ရိုက်မယ်’’ လို့ ဆိုရော။ ကျွန်တော်လည်း အဲဒီတုန်းက စိတ်တော်တော်ညစ်ခဲ့ရတယ်။ သူငယ်ချင်းတစ်ချို့ကတော့ ‘‘ခေါက်ထားလိုက်ပါ သူ့ကိစ္စ သူ့ဘာသာ ရှင်းလိမ့်မယ်၊ မင်းဘာမှ စိတ်ညစ်မနေနဲ့လို့’’ဆိုပါတယ်။ ညနေဖက် အမကြီးတွေအဆောင်ကို သွားလည်တော့ (ကျွန်တော်တို့အခေါ် အစ်မကြီးတွေပေါ့၊ ဘာကြောင့်လဲ ဆိုတော့ သူတို့က 4th year ကျောင်းသူကြီးတွေပါ။) သူတို့ကတော့ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်ကို ‘‘ငါ့မောင်တို့ရယ် အသစ်ကလေးတွေမို့လို့ ဒါလောက်အကဲပိုပြနေတာပါ’’ လို့ နှစ်သိမ့်ရှာပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ စာလုံးပေါင်း မှားပေါင်းမိတာကလွဲလို့ တခြားဘာစိတ်ကူးမှ မရှိခဲ့ပါ။ နောက်ရက်များမှာတော့ တောင်ပေါ်သားလည်း ကျွန်တော့်အပေါ်အရင်လိုမဟုတ်တော့၊ သူငယ်ချင်းအဖြစ်ပေါင်းသင်းဆက်ဆံမှု့နဲ့ အပြုံးအရယ်ကိုပါ တစ်ဝက် ကျော်ကျော် လျှော့ချလိုက်တာကိုတော့ သတိထားမိလိုက်ပါတယ်။ နောက်ကျောင်းပိတ်လို့ သူတို့တွေလည်း နယ်တွေကို အသီးသီး ပြန်သွားကြပါတယ်။

နောက် လအတန်ကြာတော့ အိမ်နားက ခေါက်ဆွဲဆိုင် အသွား အနောက်ကနေ နာမည်ခေါ်သံကြားလို့ လှည့် ကြည့်တော့ တောင်ပေါ်သား၊ ဆိုင်ကယ်နောက်ကတော့ ကောင်မလေးတစ်ယောက်။ ထင်တဲ့အတိုင်းပါပဲ သူ့ရည်းစားလို့ မိတ်ဆက်ပေးပါတယ်။ နောက်တော့ လက်ဘက်ရည်ဆိုင်သွားထိုင်ပြီး ကျောင်းကသူငယ်ချင်းအကြောင်းတွေကို နာရီ အတော်ကြာ တ၀ကြီးထိုင်ပြောကြတယ်။ သူ့ကို ‘‘မိမုန်းနဲ့ရောတွေ့သေးလားလို့’’ မေးတော့ ‘‘တော်ပါတော့’’လို့ ရယ်ပြီးပြောပါတယ်။ နောက်နှစ်အနည်းငယ် အကြာမှာတော့ မိမုန်းတစ်ယောက် နယ်မှာ လင်ရ . . . . . အဲလေ . . . . . အိမ်ထောင်ကျသွားတယ်လို့ ကျောင်းက စကားဝိုင်းတစ်ခုက ကြားရပါတယ်။

နှုတ်တစ်ရာ စာတစ်လုံး ဆိုတာ ဒါမျိုးကိုလည်း ဆိုလိုနိုင်ပါတယ်။ ယခုထက်ထိအောင် ကျွန်တော်ကတော့ စာလုံးပေါင်းမှားမြဲ မှားနေဆဲပါပဲ။ ကလေးကျောင်းသားဘ၀ကတော့ ဆရာမတွေက "နင် ရှန်းလို့" ဆုမရတာလို့ ဆိုကြပါတယ်။ ရုံးမှာလည်း တစ်ခါတစ်လေ စာလုံးပေါင်းမှားမိလို့ လူကြီးတွေရဲ့ သတိပေးခြင်းကို ခံခဲ့ရသေးတယ်။ ဒါပေမဲ့ လုပ်ရပ်တိုင်းမှာက ကျွန်ပျူတာလို Undo နှိပ်၍ နောက်ပြန်သွားလို့ မရပါ။ မမှားတာပဲကောင်းပါတယ်။

ဒီလောက်ပါပဲ။ ယခုဆိုရင်တော့ ဒီအကြောင်းအရာလေးက ၁၀ နှစ်ပြည့်တော့မည်။ ကျွန်တော့်ဘ၀မှာ ကျွန်တော်ချစ်တဲ့ မန္တလေးမြို့ရယ်၊ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ခဲ့ကြတဲ့ မန္တလေးတက္ကသိုလ်ရယ် ကိုတော့အမြဲအမှတ်ရနေဆဲပါ။ ရင်ထဲအသည်းထဲက ခံစားမှု့တွေကတော့ စာစီကုံးလည်း လက်ရှုံးရုံသာ ဖြစ်ပေတော့မည်။ ရေးမပြတတ်တော့ပါ။

ဒီလောကမှာ တောင်းပန်တိုင်းလည်း လွယ်လွယ်နဲ့ခွင့်မလွှတ်တတ်ကြသော မိမုန်းလေးများ နှင့် မိမုန်းကြီးများလည်း ဆက်၍ မှန်းနိုင်ကြပါစေ . . . . . အဲ . . . . . မုန်းနိုင်ကြပါစေ။

အမှားပါရင်တော့ ခွင့်လွတ်နိုင်ကြပါစေ။

ကိုတိုး

မစ္စတာရာ(ရ်)ဟင် ကြောင့် မာ(ရ်)နတ်ဆိုးရဲ့အဖေဖြစ်သွားခဲ့တဲ့ ကျွန်တော်

ခေါင်းစဉ်မြင်လိုက်လို့ တစ်မျိုးမထင်လိုက်ပါနဲ့၊ ဇာတ်လမ်းက ဒီလို . . ဗျ။

ကျွန်တော်နေခဲ့တဲ့မန္တလေးအိမ်ရဲ့ တစ်အိမ်ကျော်မှာ ဦးရာ(ရ်)ဟင် (ခေါ်) ဦးခင်ဝင်း ဆိုတဲ့ ကုလားအဖိုးကြီးတစ်ယောက်ရှိတယ်။ သူ့မြေးတွေ အားလုံးလိုလိုက ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ။ သူတို့က အစ္စလာမ်ဘာသာဝင် မွတ်စလင်လူမျိုးတွေပေါ့။ အရမ်းကို ညီကိုရင်းသဖွယ် ချစ်ခင်ကြပါတယ်။ သူတို့အဖိုးကို တစ်ချို့အခေါ်ကတော့ ‘‘ဦးရာ(ရ်)ဟင်’’၊ ရပ်ကွက်ထဲက အများစုခေါ်တာက ‘‘ဦးခင်ဝင်း’’၊ သူတို့မိသားစုဝင်တွေ အခေါ်ကျတော့ ‘‘နာနား’’ (အဓိပ္ပာယ် ကတော့ ‘‘အဖိုး’’ ပေါ့)။ အဖိုးကြီးက ရုပ်ရှင်ကုမ္ပဏီ ပိုင်ရှင်။ ရပ်ကွက်ထဲမှာ ကုလားဆိုလို့ သူတို့အိမ်တစ်အိမ်ထဲပဲ ရှိတာ။ အားလုံးက တရုတ် နဲ့ မြန်မာတွေ။ ရပ်ကွက်ကလူတွေ ဖဲရိုက်ကြလို့ (သတိပေးချက်။ ။ ရဲစခန်းတော့သွားမတိုင်လိုက်ပါနဲ့ဗျာ) ကုလားဖဲတောင်းရင် ‘‘ခင်ဝင်း ကွ’’ သို့တည်းမဟုတ် ကုလားဖဲဆွဲမိလို့သေရင်လည်း ‘‘ဟာ . . . ဒီ ခင်ဝင်း တက်လို့ သေပြီ’’ လို့အော်ကြဟစ်ကြတာက မရိုးတော့ပါ။

ဒါပေမဲ့ အဖိုးကြီးကတစ်မျိုးဗျ . . . . . ဂျစ်တီး ဂျစ်ကန်ကြီး (မှတ်ချက်။ ။‘‘သူငယ်ချင်းတို့ရေ ဆောရီးကွာ’’ မင်းတို့အဖိုးအကြောင်းကို အင်တာနက်ပေါ်မှာတောင် အတင်းပြောရတဲ့အဆင့်ရောက်သွားလို့)
အသက်ကြီးလို့ သူ့ရုပ်ရှင်လုပ်ငန်းကနေ အနားယူကတည်းက အိမ်ပေါက်ဝမှာ တုတ်ကောက်တစ်ချောင်းနဲ့ လမ်းသွားလမ်းလာတွေကို ထိုင်ပြီးငေးတယ်။ မျက်လုံးလည်း သိပ်မကောင်းရှာလို့ ပါဝါထူတဲ့ပုလင်းဖင် မျက်မှန်ကြီးတပ်၊ အိမ်လာသမျှ လူတိုင်းကို သူ့တုတ်ကောက်နဲ့တားပြီး ‘‘ကွန်(န) ဟဲ(ရ)’’ (Kon Hai) အဓိပ္ပာယ်က ‘‘ဘယ်သူ လဲ’’ ‘‘ဘယ်ဝါ လဲ’’ ပေါ့။ ကျွန်တော်ကတော့ တတ်သမျှ မှတ်သမျှထဲက ‘‘အက်(ဖ)ရှာရပ်(ဖ) ကား (ရ်) ဒို့(စ)’’ အဓိပ္ပာယ်က ‘‘ကျွန်တော် အက်(ဖ)ရှာရပ်(ဖ) ရဲ့ သူငယ်ချင်းပါ’’ အက်(ဖ)ရှာရပ်(ဖ) ဆိုတာက သူ့ရဲ့မြေး၊ ကျွန်တော့်ရဲ့သူငယ်ချင်း။ ဂွဂျတာက ၂၅နှစ်လောက်လုံးလုံး ကလေးဘ၀ထဲက စားအိမ်သောက်အိမ်လိုနေလာခဲ့တာတောင် သွားတိုင်း တုတ်နဲ့တား အမေးခံခဲ့ရတယ်။ တစ်ခါတစ်လေ မဖြေပဲ ၀င်ရင် နောက်ကနေ တုပ်နဲ့လှမ်းတို့တယ်၊ လှမ်းရိုက်တယ်။ အတော်ဆိုးတဲ့အဖိုးကြီးဗျ။ တစ်ရက် စာမေးပွဲကိစ္စနဲ့ အရေးတကြီးမို့ အပြေးအလွှားသွားမိတာ အဖိုးကြီးက တုတ်ကောက်နဲ့ ပြောပြောဆိုဆိုနဲ့လှမ်းတားလိုက်တာကို ကြုံလိုက်ရတော့တာပါပဲ။ လူလည်း ဒူး နဲ့ တံတောင်ကွဲမတတ် မှောက်ခုံလဲပါလေရော။ ဒေါသကတော့ နဘံမိုးယံ သို့ရောက်ခဲ့ရတယ်။ မှတ်မှတ်ရရ ကျွန်တော်လည်း ထိုရက်များက ထော့နဲ့ ထော့နဲ့ နဲ့ ရုံးသွား၊ ကျောင်းတက် နေခဲ့ရသေးတယ်။

နောက်တစ်ပတ်လောက်နေတော့ သူတို့အိမ်အသွား အဖိုးကြီးက အပေါက်ဝကနေ သိတော်မူကြတဲ့အတိုင်း ‘‘ကွန်(န) ဟဲ(ရ)’’ ပေါ့။ ဒီကကောင်ကလည်း ဘယ်ရမလ၊ဲ သိသမျှ မှတ်သမျှထဲမှ လေသံပါပါ အသံမာမာနဲ့ ‘‘ရှိက်သန်း(ဒ) ကား(ရ်) ဘာ့(စ)" အဓိပ္ပာယ်က ‘‘ငါ သရဲ၊မကောင်းဆိုးဝါး မာ(ရ်)နတ်ရဲ့ အဖေကွ’’။ အနီးအနားမှာရှိတဲ့ သူ့သမီးအကြီးနဲ့ သူ့မြေးအကြီးကတော့ ‘‘ကိုတိုးကတော့ လုပ်ချလိုက်ပြန်ပြီ’’ ဆိုပြီး ရယ်နေတော့တာပါပဲ။ ကောင်းပါသည်၊ အလွန်ကောင်းပါသည်၊ အလွန့်အလွန်ကောင်းတဲ့ အဖြေပါ။ စကားလုံးအမိုက်စားသုံးပြီး ဖြေလိုက်ပုံကို ကြောက်သွားလားတော့မသိ အဖိုးကြီးလည်း အဲဒီနေ့ကစပြီး ကျွန်တော့်ကို မြင်တိုင်း ဘာကိုမှ မမေးတော့၊ ပြူးတိပြူးကြောင်နဲ့သာ ကြည့်နေပါတော့တယ်။ သူတို့အိမ်က လူတွေကတော့ ‘‘ငါ့တို့အဖိုးကြောင့် မင်းလည်း ရှိက်သန်း(ဒ) (သရဲ၊မကောင်းဆိုးဝါး မာ(ရ်) နတ်) ရဲ့ အဖေ ဖြစ်သွားတော့တာပဲ’’ လို့ ရယ်ရယ်မောမော ပြောခဲ့ကြပါတယ်။

ဟိုတလောတုန်းကတော့ အဖိုးကြီး ဆုံးသွားကြောင်းသတင်းရလိုက်ပါတယ်။ ဒီစာရေးနေရင်းတော့ ‘‘ကောင်းရာသုကတိဘုံရောက်ပါစေ’’ လို့ ဗုဒ္ဓဘာသာလိုဆုတောင်းမိပါတယ်။ သူတို့ အစ္စလာမ်ဘာသာလိုကတော့ ‘‘စလမ် အလိုင်ကွန်း’’ (Salam Alaikum) ‘‘အလ္လာ့ အလိုတော် အတိုင်းပါပဲ’’ လို့ ဆုတောင်းပေးလိုက်တာပါပဲ။

ကိုတိုး

တိတ်တိတ်လေး ကြေကွဲသွားခဲ့ရတဲ့ ဗီယက်နမ်မလေးများ

ဇာတ်လမ်းက ဒီလို . . ဗျ။

ကျွန်တော်နေခဲ့သော အခန်းဟောင်းဘေးတွင် အင်မတန်နားလည်ရခက်သော ဗီယက်နမ် IT ကျောင်းသား သုံးလေးယောက်လောက် နေခဲ့ကြသည်။ အင်မတန်နားလည်ရခက်သော လူထူးလူဆန်းများထဲတွင် ထိုဗီယက်နမ်ကျောင်းသားများလည်း ပါဝင်သည်ဟု ဆို ရလောက်သည်။ သူတို့အခန်းတွင် Computer သုံးလုံးလောက် ရှိမည်ထင်သည်။ ညလုံးပေါက် Online War Game တွေကို တဒိုင်းဒိုင်း ကစားသည်၊ Game ကစားရင်း သီချင်းကိုဖွင့်သည်၊ နေ့စဉ်လိုလို သူတို့နိုင်ငံက ဗီယက်နမ် ဟာသကားများ ကြည့်နေသည်လားတော့မသိ တညလုံး တ၀ါးဝါးနှင့် ရယ်ကြသည်။

သူတို့ တနေ့လုံး နဲ့ ညလုံးပေါက် ကျယ်လောင်စွာ ဖွင့်တတ်သော သီချင်းများက တခြားမဟုတ် ဆဲ၍ဆိုတတ်သော အဆိုတော် EMINEM ရဲ့သီချင်းများ (မှတ်ချက်။ ။ ထိုအဆိုတော်ရဲ့သီချင်းများကို ကြိုက်ကြသူများကို အံ့အားသင့်မိတယ် ဗျာ၊ ကိုယ့်ကို သီချင်းဆိုရင်း မအေတုတ် ဆဲဆိုနေတာတောင် ပြုံးပြုံးလေးနားထောင်နေကြတယ်), အာခေါင်ခြစ်၍ အာပြဲပြီးဆိုတတ်သော Linking Park အဖွဲ့သားများရဲ့သီချင်းများ၊ အရည်ပျော်၍ပျော့တွဲနေသော Limp Bizkit ရဲ့သီချင်းအများစု, Korea အဆိုတော်များရဲ့ သီချင်းများ၊ Vietnam သီချင်းများ၊ အခြား ဆိုးဆိုးဝါးဝါး အသံဆိုးနှင့်ဆိုတတ်သော နိုင်ငံခြားအဆိုတော်များစွာတို့ရဲ့ သီချင်းတွေလည်း အပါအ၀င်ပေါ့။

ကျွန်တော်လည်းသီချင်းဖွင့်ပါသည်။ ကျွန်တော်ဖွင့်သော သီချင်းများမှာ မြန်မာသံစဉ်စစ်စစ်များ၊ နိုင်ငံခြားကော်ပီ မြန်မာသီချင်းများ၊ နိုင်ငံခြားသီချင်းများ။ အားလုံးလိုလိုမှာ တော်တော်လေးလည်းကောင်းပါတယ်။ Rock, Heavy Metal, Hip Hop? အကုန်လုံးနားထောင်တယ်ဗျာ။ မြန်မာ Hip Hop လား? နားထောင်တာပေါ့ဗျာ။ အက်ဆစ် တို့ ဘက္ထရီအိုးတို့ (. . . နိုးနိုး ဘက္ထရီအိုး မပါဘူး)။ အက်ဆစ်အဖွဲ့ကတော့ သူတို့ရဲ့ပထမဆုံး လမ်းဖောက်ပေးခဲ့တဲ့ Creation ကိုကြိုက်လို့ ဖွင့်တာပါ။ ဒါပေမဲ့ဗီယက်နမ်တွေကတော့ အတော်ကို ဆိုးဆိုးဝါးဝါး နိုင်လှပါတယ်။ အရေးထဲ ပိုဆိုးတာက အခြားဗီယက်နမ် သူငယ်ချင်းများ နဲ့ သူတို့ စကီတွေ (ရည်းစားတွေ) လားတော့မသိ၊ သူတို့လာရင်တော့အဆိုးဆုံး။ တစ်ယောက် တစ်ပေါက် လုဖွင့်ကြတယ်။ တ၀ါးဝါး တဟားဟားရယ်သံများက ညလုံးပေါက်။ မူးနေကြတာလာ ရူးနေကြတာလားတော့ မသိပါ။ ဒါနဲ့ ဒီကောင်တွေကို ကျယ်ကျယ်မဖွင့်ဖို့ ကျွန်တော်တစ်ရက်မှာသွားပြောတယ်။ ပိုလို့တောင် နှစ်ပြန်ဆိုးသွားပါတယ်။ ပိုဆိုးမှာပေါ့ဗျ . . . . . အဲဒီထဲမှာ ဂျစ်ကန်ကန် နှစ်ကောင်ပါတာကိုးဗျ။

တခါက မှတ်မှတ်ရရ သူငယ်ချင်းတစ်ယောက် လာပေးသွားတဲ့ ကိုဂရေဟမ်ရဲ့ "တိတ်တိတ်လေး ကြေကွဲ" ဆိုတဲ့ သီချင်းကို ကျွန်တော်လည်း အသည်းတွေကြေကွဲနေတဲ့ ဝေဒနာတွေကလည်းပါတယ် အဲဒီတစ်ပုဒ်ထဲကိုပဲ လေးငါးရက်လောက် ရုံးဆက်ရက်ပိတ်တဲ့ အချိန်မှာ ဖွင့်မိခဲ့တယ်။ ကျွန်တော် ဒီသီချင်းကို ဘယ်လောက် ကြေကွဲစွာခံစားမိမှန်းမသိ ဘေးကအခန်းကိုလာတဲ့ ဗီယက်နမ်မလေးများကတောင် အလွတ်ရသွားလို့ ကျွန်တော့်ကိုတွေ့တိုင်း မြင်တိုင်း မကြားတကြား ပီပီသသကြီးကို "တိတ်တိတ်လေးကြေကွဲ နေရသူပါ" "တိတ်တိတ်လေးကြေကွဲ နေရသူပါ" လို့ ပြောင်ချော်ချော် နောက်တောက်တောက် စသလိုနောက်သလိုနဲ့ ဆိုဆိုပြကြတယ်။ ကျွန်တော့် အခန်းကိုအလည်လာတဲ့ သူငယ်ချင်းကတောင်ကြားသွားလို့ "ဒီဗီယက်နမ်မတွေတော့ နားမလည် ပါးမလည်နဲ့ လိုက်ဆိုပြနေတာ" "တိတ်တိတ်လေး . . . ကြေပြီး . . . ကွဲရုံတင်မဟုတ်ဘူး . . . xxx ပါ သွားလိမ့်မယ်" လို့ယုတ်တီးယုတ်မာ ပြောလိုက်ပါသေးတယ်။

လူကြီးတွေကတော့ "အဲဒီဗီယက်နမ်တွေက ငမိုက်သားတွေ၊ အမေရိကန်တွေတောင် မနိုင်တာ ကြည့်ပါလား၊ မင်း သူတို့နဲ့ သွားပြီး ရန်ဖြစ်မနေနဲ့ ဆူတယ်ဆိုရင်လည်း ကျန်တဲ့အခန်းတွေပြောင်းနေပေါ့လို့" ဆိုပါတယ်။ ကျွန်တော်ကတော့ ဗီယက်နမ်တွေလောက်ကိုတော့ မမှု့ပါ။ ကျွန်တော်လည်း ဒီအသက်အရွယ်မှ မမိုက်ချင်တော့။

ဒါပေမဲ့ တစ်နေ့ထက် တစ်နေ့ ပိုပိုဆိုးလာတဲ့ ဗီယက်နမ်တွေအတွက် ပညာပြန်ပေးဖို့ အစီအစဉ်ဆွဲခဲ့ရတယ်။ ပထမကတော့ တွံ့တေးသိန်းတန်ရဲ့ သီိချင်းနဲ့စရတယ်။ တွံ့တေးသိန်းတန်ရဲ့ "နှမလက်လျော့ နေလေအုံးတော့" ဆိုတဲ့သီချင်းတစ်ပုဒ်ထဲကို သုံးရက်ဆက်တိုက် မနားတမ်းဖွင့်တယ်။ ကွန်ပျူတာ လောင်ရင်လည်းလောင်ပါစေဆိုပြီး မနက်ရုံးသွားတာတောင် မပိတ်ခဲ့တော့။ ဖွင့်မြဲတိုင်း ၂၄နာရီ လုံးလုံးဖွင့်ခဲ့တယ်။ နောက်ရက်တော့ အဲဒီထဲက ဗီယက်နမ်တစ်ကောင်က ကျွန်တော်ရုံးကပြန်အလာ ဘေးအပေါက်ဝကနေ ဘုကြည့်ကြည့်နေတယ်။ ဒီကကောင်ကလည်း သူကြည့်ကိုယ်ကြည့်ပေါ့။

နောက်တော့ သင်္ကြန်မိုး ဇာတ်ကားထဲမှ "နှစ်ကိုယ်တူ ချစ်သမျှ" ကို သုံးရက် ဆက်တိုက်ဖွင့်တယ်။ တွံ့တေးစိုးအောင် ရဲ့ "အသည်းပန်း" "အရင်ရည်းစားထက် ပိုပြီးချစ်ပါတယ်" "အပျိုကြီးမမ" သုံးပုဒ်ထဲကို လေးရက်၊ ဘိုဘိုဟန်ရဲ့ "ဆရာမ" ကိုငါးရက်၊ သန်းဖေလေးရဲ့ "မခင်နှင်းဆီ" နဲ့ "နွဲ့ဆိုးပျို" ဆိုတဲ့သီချင်းကို သုံးရက်စီ၊ "တူးပို့တူးပို့" ကိုသုံးရက်၊ သူငယ်ချင်းပေးတဲ့ သူ့ရဲ့ ကုလားသီချင်းများကို လည်း ကြားညှပ်၍ဖွင့်တယ်၊ နောက် "ရွှေမန်းဆီ သို့" နှင့် ကိုသုမောင်ရဲ့ "စစ်ကိုင်းတောင်" ကိုလေးရက်လောက်ဖွင့်တယ်၊ ကိုလေးဖြူရဲ့ "မမေ့နိုင်" သီချင်းတစ်ပုဒ်တည်းကို ငါးရက် ဆက်တိုက်လောက်ဖွင့်တယ်၊ အဲဒီနောက် စန္ဒယားလှထွဋ် ရဲ့ "မိုးည အိမ်မက်" "အိပ်၍မပျော်သော ညများ" "ပန်းတွေနဲ့ဝေ" ကို သုံးရက်စီ စုစုပေါင်း ကိုးရက်လောက် ဖွင့်တယ်။

သည်သီချင်းတွေက ကျွန်တော်လို လူမျိုးအတွက် အထူးအဆန်းမဟုတ်၊ ထိုအထက်ကဖော်ပြခဲ့ သီချင်းတွေထဲက မြန်မာသီချင်းစစ်စစ်တွေကို အဖေကိုယ်တိုင်က ကျွန်တော်ငယ်ငယ်လေးထဲက သီဆို၍ ချော့သိပ်ခဲ့တာကိုး၊ အဖေကိုယ်တိုင် က အသက်ကြီးပေမဲ့ ကျွန်တော်တို့နားထောင်ခဲ့တဲ့ Rock, Heavy Rock, Pop တွေလည်းရတယ်၊ နောက်ပေါက်အဆိုတော်တွေထဲက ကိုလေးဖြူဆိုရင် သူအကြိုက်ဆုံး၊ ကျွန်တော်ကိုယ်တိုင်ကလည်း နားဝင်၍ မြန်မာသီချင်းစစ်စစ်ကို ကြိုက်တတ်သူ။ ဘာကြောင့်လဲဆိုတော့ ရှင်းပါသည်၊ အနုပညာသမားမို့လို့ပေါ့။ ဗီယက်နမ်များအတွက်ကတော့ ထိုသို့မဟုတ်။ သူတို့နားမလည်သော ဘာသာစကားများနဲ့ သီချင်းတစ်ပုဒ်ထဲကို ရက်ရှည် နာရီပေါင်းများစွာ ဆက်တိုက်ဖွင့်တော့ အဘယ်မျှခံနိုင်တော့မည်နည်း။ ကြာတော့လည်း ဗီယက်နမ်တွေ စိတ်ပျက်ရတာပေါ့။ ကျွန်တော့်ရဲ့ မဟာဗျူဟာ နည်းပညာကြောင့် နောက် နှစ်လလောက်အကြာမှာ ဗီယက်နမ်တွေလည်း အခြား အခန်းတစ်ခုကို ပြောင်းဖို့ ပစ္စည်းတွေ ရွှေ့နေကြပါတယ်။
(မှတ်ချက်။ ။ ဒီနေရာမှာ ကျွန်တော်ဆိုလိုချင်တာက ကျွန်တော်တို့ရဲ့ မြန်မာသီချင်းများဟာ အခြားနိုင်ငံခြားသားများအတွက် နားငြီးစရာ၊ နားထိခိုက်စရာ မဖြစ်နိုင် တာကတော့အမှန်ပါ၊ ဒါပေမဲ့ သီချင်းတစ်ပုဒ်ထဲကို ရက်ပေါင်းများစွာ ဖွင့်သော ကျွန်တော့်ရဲ့မဟာဗျူဟာကြောင့်ဟုသာ ဆိုရပါမည်)
သူတို့ကတော့ အရင်လို ဘုကြည့်ပြန်မကြည့်တော့ သူတို့အမြင်မှာတော့ ငါတို့ဘေးအခန်းကလူဟာ စိတ္တဇ ဝေဒနာရှင် (သို့မဟုတ်) အရူးတစ်ယောက်ပဲဟု ထင်တဲ့ အမြင်နဲ့သာကြည့်နေပါတော့သည်။ နောက်ဆုံးတော့ ဗီယက်နမ်တွေလည်း Goodbye ပေါ့။

ထားပါတော့ ဗီယက်နမ်တွေမရှိလို့ အတော့်ကို နားညီးသက်သာသွားပါတယ်။ အဲဒီတုန်းက ဗီယက်နမ်တွေကို အနိုင်တိုက်ထုတ်နိုင်ခဲ့ခြင်းအတွက် ပီတိဖြစ်ခဲ့ပြီး "တိတ်တိတ်လေး ကြေကွဲခဲ့ရသူပါ" လို့နောက်နောက်ပြောင်ပြောင် သီဆိုခဲ့ကြတဲ့ ဗီယက်နမ်ပျိုဖြူချောလေးတွေကိုတော့ မမြင်ရလို့ သုံးလေးရက်လောက်တော့ သတိတရ အလွမ်းပိုနေမိတာကတော့ အမှန်ရယ်ပါ။

နားလည်ပေးနိုင်ကြပါစေ

ကိုတိုး

ဇော်ဂျီ စမ်းသပ်ခြင်း

ဇော်ဂျီဖွန့်ဖြင့် စမ်းသပ်ထားတယ်။ အန်ဘတ်လည်း လုပ်ထားတယ်။ မြင်ရလား