Apr 28, 2007

ဒီလိုရှိပါတယ် လူကြီးမင်း


CMS နဲ့ မနိုင်းနိုင်းစနေတို့က Tag လုပ်လို့ ရေးလိုက်ရပါတယ် .. ပိုတယ်ထင်ရင်လည်း မတတ်နိုင်ဘူး။ လိုတယ်ထင်ရင်တော့ အကြံပေးပါ။ စိတ်မနှံ ရူးနန့်နန့်လို့ပြောလည်း မတတ်နိုင်ဘူး ဗျ။ စိတ်ထဲ ရှိသာတွေရေးလိုက်ရပေမယ့် ချန်ထားသေးတယ် ဗျာ။ ရူးတူးတူး ပေါတောတော ပြောလည်း မတတ်နိုင်ဘူး။

(၁) . . . . . အနုပညာကို သိပ်ဝါသနာပါသည်။ ကိုယ်ကိုယ်တိုင်လည်း အနုပညာသည် တစ်ယောက်ဖြစ်ချင်ခဲ့၏။ အတီးအမှုတ် ကဗျာ စာပေ ပန်းချီ ပန်းပု ဓါတ်ပုံပညာတို့ ကို လွန်စွာပင် နှစ်သက်သည်။ ပန်းချီ၊ ဒီဇိုင်း နှင့် ဗိသုကာ အတတ်တို့ကို လွန်စွာပင် အရူးအမူး ပြုလုပ်တတ်ခြင်း။ ကာလပေါ်တေးသီချင်းများ နှင့် ရုပ်ရှင် နောက်ခံ တီးလုံးများကို လွန်စွာ သဘောကျခြင်း။ ကြိုက်သော သီချင်းကို တစ်ပုဒ်တည်း ရက်ပေါင်းများစွာ လပေါင်းများစွာ ဖွင့်တတ်ခြင်း။

(၂) . . . . . လူမျိုးရေး၊ ဘာသာရေး နှင့် ကိုးကွယ်ယုံကြည်မှု့တို့ အပေါ် ခွဲခြားဆက်ဆံတတ်သူများကို လွန်စွာပင် မုန်းတီးခြင်း။ လောကတွင် လူဆိုး လူကောင်း အဖြစ်သာ ခွဲခြားသင့်သည် ဟုပင် ယုံကြည်မိသူဖြစ်ပါသည်။

(ဖြေရှင်းချက်။ ။ ကျွန်တော်လို ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ရှေ့ဘ၀ နောက်ဘ၀ ကံ ကံ၏ အကျိုးနှင့် အကြောင်းကို ယုံကြည်မိသူ ဖြစ်ပါလျှင် .. ကျွန်တော် လွန်လေပြီးသော ဘ၀များနှင့် နောင်ဖြစ်လာမည့် ဘ၀များသည် မည်သို့သောလူမျိုး မည့်သည့်ဘာသာကို ကိုးကွယ်မည့်သူ ဟုမသိပါ။ ထို့ကြောင့် ထိုသို့သော “သူကဘာလူမျိုးမို့” “သူက ဘာဘာသာဝင်မို့” ဆိုပြီး ခွဲခြားဆက်ဆံမှု့များကို လွန်စွာပင် စိတ်ပျက်မိပါသည်။)

(၃) . . . . . ပြသနာများကို ဖြေရှင်းရာတွင် ခေါင်းအေးအေးနှင့် ဖြေရှင်းခြင်းထက် .. ပွဲကြမ်းတတ်ခြင်း။ မှန်တယ် ထင်ရင် ထင်တိုင်း ကျဲတတ်ခြင်း။

(၄) . . . . . လိမ်လည်သူများ ညာပြောသူများကို အလွန်မုန်းတီးတတ်သည်။ လိမ်လည် ကောက်ကျစ်တတ်သူဟု သိပါက မိတ်ဆွေအပေါင်းအသင်းအဖြစ်မှ ရပ်စဲတတ်ခြင်း။ ငွေကြေးနှင့် ပတ်သက်သော ကိစ္စများတွင် ၁ ပြား ၁ ကျပ် မှ အစွန်းအထင်း မခံခြင်း။

(၅) . . . . . အားကစားကို လွန်စွာပင် သဘောကျလှသည်။ အားကစားရုံကို သိပ်ချစ်သည်။ အားကစားကွင်းတွေကို သိပ်မြတ်နိုးသည်။ အားကစား ပစ္စည်းများကို ၀ယ်ယူခြင်းအတွက် အလွန်ဝါသနာပါသည်။ ငယ်စဉ်အခါက ဘောလုံးကန်ခြင်းကို အလွန်သဘောကျခဲ့သည်။ နောက်ပိုင်းတွင် အလေးများဖြင့် ခွန်အားသုံးကစားရသော ခန္ဓာကိုယ် ကြံခိုင်စေမည့် အားကစားနည်းကို ချစ်မြတ်နိုးစွာ ကစားမြဲ ကစားစဲ ဖြစ်ပြီး ကာယဗလနှင့် အလေးမအားကစား၊ လက်ဝှေ့၊ နဘန်း နှင့် Ju Jutsu ကဲ့သို့သော ခွန်နှင့်အားနှင့် တွန်းတွန်းတိုက်တိုက်ကစားသော အားကစားနည်းများကို အလွန်ပင် ကြိုက်နှစ်သဘောကျသည်။ Liverpool ဘောလုံးအသင်းကို ငယ်စဉ်ကလေးဘ၀မှ စ၍ယခုထက်တိုင်အောင် အရူးအမူး အားပေးသူဖြစ်သည်။

(၆) . . . . . တွေ့တဲ့လူတိုင်းကို အားကစားရုံ နဲ့ အားကစားကွင်း သွားရန် အမြဲပြောဆိုခြင်း နှင့် မသွားသွားအောင် ဖြောင့်ဖျပြောဆိုတတ်ခြင်း။ အစာအဟာရအကြောင်းများနှင့် အခြားဆေးဘက်ဝင် အပင်များအကြောင်းကို ပြောဆိုလာသူများနှင့် တွေ့ပါက အထူးနှစ်သက်သဘောကျစွာ ပြောဆိုတတ်ခြင်း။

(၇) . . . . . အဟာရဖြစ်သော အစားအစာများကိုသာ ရွေးစားတတ်သော်လည်း .. ဈေးကြီးပေးပြီး စားရသော စားသောက်ဆိုင်များကို လုံးဝမကြိုက်ခြင်း။ မန္တလေးမှ အစားအစာများကို အလွန်ကြိုက်နှစ်သက်ပြီး .. အထူးသဖြင့် ရှမ်းခေါက်ဆွဲ၊ ၀က်သားတုတ်ထိုး၊ ချပါတီ၊ ဒိုစာ (မြန်မာ အခေါ် တိုရှည်)၊ ချစ်တီးထမင်း၊ ဆိတ်ဆွပ်ပြုတ်၊ နန်းကြီး မုန့်တီ၊ ဘယာကြော်၊ ငါးချိတ်ပေါင်း၊ မန္တလေး ထမင်းပေါင်း တို့ကို အထူးခုံမင်နှစ်သက်စွာ စားတတ်ခြင်း။ စားသောက်ရာတွင်လည်း အိနြေ္ဒရရ စတိုင်လ် တစ်ခွဲသားဖြင့် ကိန်းကြီးခန်းကြီး စားသောက်ခြင်းထက် လက်ဖြင့် အားရပါးရ နှယ်ဖတ်စားသောက်တတ်ခြင်း။ ကိတ်မုန့် လက်ဘက်ရည်၊ ကော်ဖီ တိုက်ကျွေးသော မင်္ဂလာဆောင်များ နှင့် စားဆိုမှ စားရသော မင်္ဂလာဆောင်တို့ကို သွားရမှာ လွန်စွာပင် စိတ်ပျက်မိခြင်း။ စားသောက်ဆိုင်များသွားစားရာတွင်လည်း အပြင်အဆင်လွန်လွန်းလှသည့် စားဖွယ်သောက်ဖွယ်များကို စိတ်ထဲမှနေ၍ “ချီး တန်ဆာဆင်ခြင်း” လို့ အမြဲ ပြောဆိုတတ်ခြင်း။

(၈) . . . . . မူးရစ်သေစာ သောက်စားတတ်ခြင်းကို လွန်စွာ မုန်းတီးခြင်း။ ထို့ထက် အရည်မရ အဖတ်မရ အံဖတ်စို့အောင် သောက်စားမူးရစ်တတ်သော လူများကို ကြည့်၍ လွန်စွာ စိတ်ပျက်တတ်သည်။

(၉) . . . . . အလုပ်မလုပ်ပဲ ယောင်ချာချာ လုပ်နေတတ်သူများ၊ အလုပ်မကျိုးစားသူများ၊ အချိန်ဆွဲတတ်သူများ၊ အလုပ်ကို လိုအပ်သည်ထက် ပိုကြာအောင် လုပ်တတ်သူများကို တွေ့တိုင်းဒေါသထွက်မိခြင်း။ အသေးစိတ်မလုပ်တတ်သော အလုပ်များနှင့် လူများကို တွေ့တိုင်း ဒေါသထွက်မိခြင်း။ ရည်းစားဖြင့် ဖုန်းအကြာကြီး ပြောတတ်သူ ယောင်္ကျားမိန်းမ များကို ကြည့်ပြီး အမြင်ကတ်ခြင်း။ (မှတ်ချက်။ ။ တစ်နေ့လာလည်း ဒါပဲ .. နောက်တစ်နေ့လည်း ဒါပဲ .. အကြောင်းအရာတစ်ခုနှစ်ခုလောက်ကို ထပ်ခါထပ်ခါ လေကုန်ခံ၍ အရည်မရ အဖတ်မရ ဖုန်းဖြင့် ရည်းစားစကားပြောတတ်သော ယောင်္ကျားမိန်းမ များကို အချိန်ဖြုန်းတီးသူများ အဖြစ် အမြင်ကတ်တတ်သူ ဖြစ်ပါသည်။) (မှတ်ချက်။ ။ကျွန်တော်သာ သူတို့ကဲ့သို့ လေသံချိုစွာ ပြောတတ်ပါလျှင် .. အချိန်ကုန်ခံ၍ ရည်းစားစကားပြောနေမည် မဟုတ်ပါ .. အရောင်းအ၀ယ် (သို့မဟုတ်) ပွဲစား လုပ်စားမည်။ မနာလို၍ ပြောခြင်းမဟုတ်ပါ။)

(၁၀) . . . . . မည်သူ့ကို မဆိုတွေ့ပါက မျက်နှာနှင့် အခြားခြားသော ကိုယ်ခန္ဓာမှ မှဲ့များနှင့် အင်္ဂါရုပ်ကို သေချာစွာ ကြည့်ရှု့တတ်ခြင်း။ ခင်မင်လာပါက လက်ကိုင်တတ်ခြင်း ..
အဲယောင်လို့ .. လက္ခဏာကို ကြည့်ခွင့်တောင်းတတ်ခြင်း။ (မှတ်ချက်။ ။ မောင်ကိုတိုးသည် ဗေဒင် လက္ခဏာ ဆရာ မဟုတ်ပါ၊ ၀ါသနာ ပါလွန်းခြင်းကြောင့် ဖြစ်ပါသည်။)

(၁၁) . . . . . အချိန်ကို အလွန်တန်ဖိုးထားတတ်ပါသည် .. တီဗီဂိမ်း လုံးဝမဆော့တော့ပါ (မှတ်ချက် .. ဟိုးအရင်က ဆော့ခဲ့ပါ၏) တီဗီ၊ ရုပ်ရှင် ကို လိုအပ်သည်ထက်
မကြည့်ပါ (ရုပ်ရှင်ရုံတွင် ရုပ်ရှင်ကြည့်ခြင်းသည် ကျွန်တော့် အတွက် အင်မတန် စိတ်ပျက်ဖွယ် ဖြစ်ရပါသည်။ လှုပ်လှုပ်ရှားရှား အမြဲနေတတ်တဲ့ ကျွန်တော့် အဖို့ အမှောင်ထဲတွင်ထိုင်ရသည်မှာ ကျွန်တော့်အတွက်ပြသနာ တစ်ခုဖြစ်ခဲ့သည်။ ထိုကြောင့် ရုပ်ရှင်ရုံသွားခြင်း ကို ရပ်စဲထားသည်။) ကွန်ပျူတာနှင့် ရုပ်ရှင်ကြည့်ပါကလည်း ဇာတ်ကား တစ်ကားကို မိနစ်၃၀ထက်ပိုမကြည့် .. ဖိုက်တင်ခန်းများနဲ့ အခြားလေပေါခန်းများကို ကျော်ကြည့်တတ်ခြင်းကြောင့်ဖြစ်ပါသည်။ အချိန်ကုန်မှာ ကြောက်သဖြင့် အခန်းတွင်လည်း တီဗီ လုံးဝမထားပါ။ (မှတ်ချက်။ ။ တာလီဘန်ဆန်ဆန် အစွန်းရောက် နေခြင်း မဟုတ်ပါ။)

(၁၂) . . . . . တော်တဲ့ တတ်တဲ့ အရမ်းအလုပ်လုပ်တတ်တဲ့ မြန်မာဆန်ဆန် မိန်းမမျိုးကို သဘောကျခြင်း နှင့် ချစ်တတ်ခြင်း။ ဘယ်လောက်လှနေပါစေ ချောနေပါစေ Sexy ကျနေပါစေ မချစ်တတ်ခြင်း။ ပျံတန့်တန့် နန့်တန့်တန့် ရူးနန့်နန့် ဘို့ရို့ဗားယား Fashion ဖြင့် စတိုင်ထုတ် ဟန်လုပ်တတ်သော မိန်းကလေးများနှင့် ဆံပင် နီကြောင်ကြား ဘူးရိုမလေးများကို လုံးလုံးမှ လုံးဝလုံးဝ သဘောမကျခြင်း။

(၁၃) . . . . . ပေါင်းသင်းဆက်ဆံရာတွင် လူကြီးများနှင့် ပိုမိုပေါင်းသင်းမိခြင်း။ လူကြီးများရဲ့ ရှေးဟောင်းနှောင်းဖြစ် ဘ၀သင်ခန်းစာများ နှင့် အခြားသော ဗဟုသုတ အကြောင်းပြောတတ်သော လူကြီးလူငယ်တို့ကို လွန်စာလေးစားတတ်ခြင်း။ လူငယ်များနဲ့ပေါင်းသင်းဆက်ဆံရာ၌ များသော အားဖြင့် အကြောင်းအရာတိုင်းကို ဟာသနှော၍ပြောတတ်သည်။ လေသံမာမာနှင့် စကားပြောတတ်သော ကျွန်တော့်ကိုတော့ တစ်ချို့က သဘောမကျတာက အမှန်ပါ။

(၁၄) . . . . . ကလေးအလွန်ချစ်တတ်သည်။ မွေးကာစ ကလေး ပိစိကွေးလေးများ နှင့် အလွန်ချစ်စရာအရမ်းကောင်းသော ကလေးများဆိုရင် ဖြစ်ညှစ်ချင်လာလောက်အောင်
ချစ်တတ်သဖြင့် စိတ်မနဲ ထိန်းထားရတတ်သည်။

(၁၅) . . . . . “ဦးလေး” လာခေါ်သော မိန်းကလေးများကို ဒေါသထွက်မိခြင်း နှင့် မိမိကိုယ်ကိုယ် “သမီး သမီး” လို့ တင်စားပြောတတ်သော မိန်းကလေးများကို လုံးဝ အပေါင်းအသင်းမလုပ်တတ်ခြင်း။ ဘာကြောင့်လည်းဆိုတော့ ဗျာ .... သူ့ ကိုယ်သူ သူ “သမီး” လို့ နာမ်းစားပြန်သုံးမှတော့ ကျွန်တော်က သူ့အဖေ သူ့ဦးလေး အရွယ်ဖြစ်သွားပေါ့ ဗျ။ ထို့ကြောင့် “သမီး” “သမီး” လို့ နာမ်စားသုံး ပြောတဲ့ မိန်းကလေးများကို ကြည့်ပြီး စိတ်အလွန်ပျက်ရခြင်း။ (မှတ်ချက်။ ။ ကျွန်တော့် အနေနဲ့ကတော့ မိန်းကလေးတွေနဲ့ တွက်ကပ် ရန်ဖြစ်ခြင်း မဟုတ်ပါ။ ကျွန်တော့် အမြင်မှာတော့ အသက် ၂၀ လောက် ကွာမှသာ “ဦးလေး” “အန်ကယ်” ခေါ်သင့်သည်ဟု ထင်မြင်မိပါသည်။ ထိုကဲ့သို့ အသက် လေးငါးနှစ် နှင့် ၁၀ နှစ်လောက်သာ ကွာသော သူများက “ဦးလေး” လို့ ခေါ် ခြင်းသည် တော်တော် ဂွ ကျလှသည် ဟု ထင်သည်။)

(၁၆) . . . . . ကောင်းကင် နှင့် ကြယ်များကို မနက်အစောကြီးတစ်ခါ ညတစ်ခါ ငေးတတ်သည် ကြည့်တတ်ခြင်း။

(၁၇) . . . . . စွန်လွှတ်ခြင်းအတတ်ကို ငယ်စဉ်ကလေး ဘ၀မှ ယခုထက်တိ တိုင်အောင် လွန်စွာ ၀ါသနာပါခြင်း။

(၁၈) . . . . . ဆင်းဆင်းရဲရဲ ကလေးလူငယ်များကို မြင်တိုင်း ကြည့်မိတိုင်း သူတို့ဘ၀အတွက် သနားမိခြင်း နှင့် ပညာမဲ့လူတန်းစားဖြစ်သွားမှာကို လွန်စွာ အမြဲစိုးရိမ်ပူပန်တတ်ခြင်း။

(၁၉) . . . . . အိမ်သာဆေးကြောခြင်းကို လွန်စွာပင် ၀ါသနာထုံခြင်း နှင့် အိမ်သာ သန့်ရှင်းမှု့ကို သွားလေရာတိုင်း လေ့လာတတ်ခြင်း။ (မှတ်ချက်။ ။ နောင်တစ်ချိန်တွင် စည်ပင်သာယာရေးဝန်ကြီး ဖြစ်ရန် ရည်ရွယ်သည်။)

(၂၀) . . . . . ပညာရေးကို အလွန်ရူးသွပ်ခြင်း နှင့် စာပေကို အရူးပမာ လေ့လာခြင်း။ ကွန်ပျူတာ၊ CG၊ Design .. သိပ္ပံ နှင့် နည်းပညာရပ်များ၊ ဆေးပညာရပ်တို့ကို လွန်စာပင်
စိတ်ပါဝင်စားခြင်း။

(၂၁) . . . . . တိုးတက်မှု့မရှိက လွန်စွာပင် စိတ်ဆင်းရဲတတ်သူဖြစ်ခြင်းနှင့် တိုးတက်မှု့များ မှတ်တမ်းမှတ်ရာများ စာရင်းဇယားများနှင့် အလွန်အလုပ်ရှုပ်တတ်ခြင်း။

(၂၂) . . . . . အသေးစိတ်လုပ်မှု့ကို အလွန်လုပ်တတ်ပြီး သဘောမကျတိုင်း ထပ်ခါထပ်ခါ လုပ်တတ်ခြင်း။

(၂၃) . . . . . ကိုယ့်ကိုယ် နှိမ်သောသူများ၊ နှိပ်ကွပ်ခဲ့သူများ၊ နှိမ့်ချသူများ နှင့် အထင်အမြင်သေးသူများကို လွန်စွာပင် ရင်ထဲ အသည်းထဲမှ ကျေးဇူးတင်တတ်ခြင်း။ (မှတ်ချက်။
။ သူတို့ရဲ့ နှိမ်တဲ့ အထင်အမြင်သေးတဲ့ အကြည့်တွေ စကားလုံးတွေကြောင့် ပိုပိုကြိုးစားတတ်ခြင်းကြောင့်ပါ။)

(၂၄) . . . . . နှုတ်ခမ်းမွေးကားကားဖြင့် ယောင်ထုံး ထုံးထားသော ရှေးခေတ် မြန်မာ မင်းညီမင်းသားများရဲ့ ယောင်ကြီးဗွေ စတိုင်ကို ငယ်စဉ်ကလေးဘ၀မှစ၍ ယခုတိုင်
အလွန်သဘောကျသဖြင့် နောင်လာမည့် အချိန်ကာလ၌ ထိုစတိုင်ကို ထားရန် အသင့်ရှိနေသည်။ မိခင်ဖြစ်သူမှလည်း ထို ယောင်ကြီးဗွေ စတိုင်မျိုးထားရန် တိုက်တွန်းသည်။ (မှတ်ချက်။ ။ ဇာတ်ရူး၊ မင်းသားရူး၊ ဘုရင်ရူး မဟုတ်ပါ။)

ကိုတိုး

5 comments:

Anonymous said...

(6) ဒါဆို ဆေးဘက်ဝင် အပင်တွေအကြောင်း ပို့စ်ရေးပါဦးဗျို့ ။

(၉) ဟီဟီ ဒါကြောင့် လူပျိုကြီး ဖြစ်နေတာများလား ။

(၁၀) ဟိုက်ရှားပါး.. လက်ကို ချက်ချင်းကိုင်ပစ်တာပါလား ။

(၁၄) ကလေးချစ်တာနဲ့ ဖြစ်ညှစ်ချင်တယ်တဲ့ ။ ကလေးတွေ သနားစရာ ။

(၁၅) ဟားဟား ဒီအချက်ကတော့ မတရားရီစရာ ကောင်းလွန်းတယ် ။ ဦး အခေါ်ခံရရင် မျက်နှာကြီး ပုပ်သိုးနေမယ့် ကိုတိုးကို မျက်စိထဲ ဘွားကနဲ ပေါ်လာလို့ ။

(၁၆) ဟာ.. အဲဒီတချက် တူတယ် ။ ကျွန်မ မြန်မာပြည်ပြန်ရင် ညဘက် အပြင်မှာ ခြင်ကိုက်ခံပြီး ကြယ်တွေ ကြည့်တတ်တယ် ။ စင်္ကာပူမှာ မီးတွေလင်းနေတော့ ကြယ်တွေ သိပ်မမြင်ရဘူး ။

(၁၉) အဟီ ။ ကိုတိုးအိမ်မှာ နေတဲ့သူတွေတော့ ဇိမ်ပဲ ။ ကိုတိုးက ဒိုင်ခံ အိမ်သာဆေးနေမှာမို့လို့ ။

(၂၄) ဟဲဟဲ ခုလည်း ယောင်ကြီးဗွေနဲ့ဆို မင်းသားရုပ်ပေါက်လောက် ပါတယ် ။

သူများတွေထက် ထူးခြား ၊ ၂၄ချက်ကြီးများတောင်လားး)

Chan Mya Soe said...

ကိုကြီးတိုး .. တော်တော်လေး စုံလင်လှပါတယ် :)
စကားမစပ် ... နံပါတ် (၇) က သရေကျအောင်များလုပ်နေတာလား ဟင် :D

ကလေးအလွန်ချစ်တတ်ရင်တော့ တစ်ခုခုလိုပြီနော့ ဟဲဟဲ

MYO HAN HTUN said...

@ မဂျစ်တူး and CMS

Comment တွေ အတွက်ကျေးဇူးတင်ပါတယ်။ မအားတဲ့ကြားကနေ ရေးသာရေးလိုက်ရတယ် .. တစ်ချို့ဖတ်ပြီးတော့ ကိုယ့်ကိုယ်တိုင်က ရယ်စရာဖြစ်လာတယ်။ အခြားလူတွေ အနေနဲ့ကတော့ ငပေါ တစ်ယောက်လို့ထင်ရင်ထင်လိမ့်မယ်။ ဘယ်တတ်နိုင်မလဲဗျာ .. ပေါတာနဲ့ ရှားတာဆိုရင် ပေါတာပဲ ကောင်းမယ်ထင်လို့ပါ .. ဟီး။ ကျွန်တော့်မှာ အားလပ်တဲ့ အချိန်ကလေးများ ရှိခဲ့ရင်တော့ Blog တွေ အားလုံးကို လိုက်ဖတ်ရင်း Comment တွေ တသီကြီး ရေးပေးချင်ပါတယ် ဗျာ။

CMS ရေ .. လိုနေတာ အတွက်ကတော့ ရူးမတတ်ပါပဲ .. ကံကြမ္မာ မဖန်တီးသေးလို့နေမှာပါ .. ဟီး .. :P

နိုင်းနိုင်းစနေ said...

ဦး...အဲလေ..ကိုကို..နံပါတ်စုံလှချည်လား..
မီးကလေ..(နာမည်ရင်းနဲ့ ပြောနေတာနော်..ဟီး.ဟီး)

ရီလိုက်ရတာ ကိုတိုးရာ...အရမ်းကြီးတော့ ပေါမနေပါဘူး.. နည်းနည်းပါးပါးပါ..ဟားဟား
ကျေးဇူး...ကျေးဇူး...လူပျိုကြီး အကြောင်းအခုလို သိလိုက်ရတာ ကျေးဇူးပါ..း)

Anonymous said...

ကိုတိုး အသေးစိတ်လုပ်တတ်တာနဲ့ ၊ အချိန်မဖြုန်းတတ်တာ သိပ်ကောင်းတယ်။ ကိုတိုးဆီက အတုခိုးရမယ်ဗျာ။