Oct 22, 2007

ကျွန်တော်နှင့်သူငယ်ချင်းများ (၉)


လွန်လေပြီးသောနှစ်အတော်ကြာကပေါ့ ဗျာ ..

မောင်ကိုတိုးနဲ့သူငယ်ချင်းတစ်ယောက် ဆိုင်ကယ်ဖြင့် ကျူရှင်သွားတုန်း လမ်းမှာ ပြောမနာဆိုမနာ ငယ်သူငယ်ချင်းတစ်ယောက်ကို အိမ်တစ်အိမ်အရှေ့မှာ အမှတ်မထင်တွေ့လိုက်တာပါတယ်။ ဒါနဲ့ပဲ အော်ကြီးဟစ်ကျယ် .. “ဟေ့ကောင် .. မင်းပျောက်နေတာ အတော်ကြာလှပေါ့” .. “မင်းဘာတက်နေတာလဲ” .. “မင်းဘာတွေလုပ်နေတာလဲ ကွ” .. “မင်း ဟိုဆော်နဲ့ကရော ဘယ်လိုတုန်း” တစ်ယောက်တစ်ခွန်း စီတန်းပြီး မေးခွန်းထုပ်လိုက်ကြပါတယ်။ သူကတော့ အဝေးသင်တက်နေတယ်ဆိုတာနဲ့ သူမိန်းမရသွားပြီဆိုတာကို ပြုံးဖြီးဖြီး ပြောလိုက်ပါတယ်။ ဒါနဲ့ပဲ အဲဒီအိမ်ရှေ့မှာ ထွက်ရပ်နေတဲ့ အန်တီကြီးနဲ့ အန်ကယ်ကြီးနှစ်ယောက်ကို သူ့အဖေနဲ့သူ့အမေလို့ထင်မိရင်း .. ပါးစပ်ဆော့တတ်တဲ့ ကျွန်တော်နဲ့ပါလာတဲ့ သူငယ်ချင်းကပဲ “နေစမ်းပါဦးကွ .. မင်း မိန်းမက ဟို ဆော်ပဲလား .. ဒါက မင်းအိမ်လား .. ဟိုအန်တီနဲ့ အန်ကယ်နဲ့ကရော မင်းအမေနဲ့မင်းအဖေလား.. နောင်ကြုံရင်တော့ ထမင်းလေးဘာလေး ၀င်စားဦးမှ” လို့ စစနောက်နောက်ပြောလိုက်တဲ့ အဆုံးမှာ သူက “မဟုတ်ဘူးကွ .. ဒါက ငါ့ယောက်ခမအိမ် .. ဟိုက ငါ့ယောက်ခမတွေပါ” လို့ဖြေလိုက်ပါတယ်။ ကျွန်တော့်နောက်ထိုင်လိုက်လာတဲ့ သူငယ်ချင်းက “ဟေ့ကောင် .. မင်းတော့ ခက်တော့တာပဲ .. ငါ့ယောက်ခမ အိမ်လို့ မပြောရဘူး .. ငါ့မိန်းမ အမွေဆိုင်အိမ်လို့ ပြောရတယ်ကွ” လို့ ပါးစပ်ထပ်ဆော့လိုက်တဲ့ စကားအဆုံးမှာ သူ့ယောက်ခမဆီက အော်ကြီးဟစ်ကျယ်လှမ်းပြောလိုက်တာကတော့ “မင်းနဲ့ကွာ .. ဒီလို .. ပေါက်ကရကောင်တွေကို အပေါင်းအသင်းလုပ်ရတယ်လို့ ” ဆိုတာပါပဲ ဗျာ ..

ဒါနဲ့ပဲ သူငယ်ချင်းကို နှုတ်ဆက်ရင်း ဆိုင်ကယ် ဘက်မှန်ကနေ ခပ်လှမ်းလှမ်းထိ နောက်ကို မလုံမလဲ ကြည့်ခဲ့ရသူကတော့ ကျွန်တော်ပါ ဗျာ။

အင်း ဇာတ်တော့ ရှုပ်သား .. Equation ချရင် “ယောက်ခမ အိမ် = မိန်းမအမွေဆိုင် အိမ်” ဆိုတာ ရှင်းနေသားနဲ့

အားလုံးနားလည်နိုင်ကျပါစေ

ကိုတိုး

4 comments:

Nay Nay Naing said...

ဒါဆို ယောက်ျားအမွေဆိုင်အိမ် = ယောက်ခမအိမ် ဆိုတဲ့ အီကွေးရှင်းလည်း ရှိမှာပေါ့နော်။

MYO HAN HTUN said...

သြော် .. ခက်တော့တာပဲ .. :)

MELODYMAUNG said...

ဖြစ်ရမယ် ဖြစ်ရမယ် အဲဒိလိုအပြောခံရတယ် မှတ်ကရော အဟတ်ဟတ် :P

MYO HAN HTUN said...

@ MELODYMAUNG

မမယ်လိုဒီမောင် ရေ ..

အဟတ်ဟတ်လား ? .. အဟွတ်ဟွတ်လား ? ..

ဆောင်းအ၀င်မှာ .. အဟွတ်ဟွတ်ဆိုရင်တော့ မှန်ချို သလိပ်ကြေဆေးလေးဆောင်ထားပါ .. ဟီး .. :P

ကိုတိုး