Dec 5, 2006

မန်းတောင်ဆီက ဆောင်းပန်းချီ

မှိုင်းပြာမှုံရီ
နောက်ခံကား
ရှမ်းရိုးတောင်ညို
နေပြူစကို
အောက်ခံထားတယ်
နှင်းမြူဖုံး ရှု့မဆုံး
ရန်ကင်းငါးရံ့မင်းငယ်
အောင်ပင်လယ်စိမ်းစိမ်းစို
စပါးကွင်းယိမ်းယိမ်းညိုလို့
ဖူးကာစီကျောက်တော်
နန်းတော်ရေမြူပတ်လည်
ရွှေမြို့တော်အိမ်တွေစီကာဝန်းတယ်
ဖွေးလိုက်တဲ့ မြစ်ဧရာ
တောင်စစ်ကိုင်းကို စည်းချတယ်
မန်းတောင်မှဆီ
လှမ်းမျှော်ကြည့်တယ်လေး။

ကိုတိုး

ဒါကတော့ ကျွန်တော်မန္တလေးမှာ နေစဉ်တုန်းက ဆောင်းနံနက်ခင်းတစ်ချို့မှာ တောင်တက်အပြေးလေ့ကျင့်ရင်း မန္တလေးတောင်ပေါ်နေ ရှု့မျှော်ငေးမောကြည့်ခဲ့တဲ့ အကြောင်းအရာလေးတွေကို မြင်တဲ့အတိုင်းပုံဖော်ကဗျာစပ်ထားတာပါ။ လူတွေက ကျုံးဘေးမှာသာလမ်းလျှောက်၊ လေ့ကျင့်ခန်းလုပ်တာ များပါတယ်။ ဆောင်းနံနက်စောစောမှာ မန္တလေးတောင်တက်ပြီး ငေးရတဲ့ အရသာကိုတော့ သိချင်မှသိလိမ့်မယ်။ လူအများစုက မန္တလေးတောင်တက်ပြီး မွန်းတဲ့ချိန်ရှု့ခင်းတို့ နေ၀င်စည်းစာ ရှု့ခင်းတို့ကို ငေးရတာကို အရသာလို့ပြောစမှတ်ပြုကြတာပေါ့။ ဒါပေမဲ့ ဆောင်းနံနက်အစောကြီးမှာ ကြည့်ရတဲ့ ရှု့ခင်းရဲ့အရသာကလည်း တစ်မျိုးဗျ။ ကျွန်တော်က လူတစ်မျိုး။ အနုပညာ၊ နည်းပညာ နဲ့ နှလုံးသားခံစားချက်တွေပါမှ ကိုယ်လုပ်တဲ့ အလုပ်ကို သဘောကျတယ်။

နံနက် အိပ်ယာထ မျက်နှာသစ် အိမ်ကနေထွက်ရင် လို့ ၅ နာရီ ၄၀ ကျော်ကျော်လောက်ဆိုရင် မန္တလေးတောင်တက်တဲ့ကားလမ်းမနားရောက်နေပြီ၊ စက်ဘီးကို တောင်ခြေနားက ဆိုင်မှာအပ်၊ ကားလမ်းအတိုင်းတက်လာလိုက်တာ တောင်ထိပ်နားရောက်တော့ ၆ နာရီကျော်ကျော်။ တောင်ပေါ်မှ အမှတ်တမဲ့ကြည့်ရင်လည်း Prominent ဖြစ်တဲ့အရာတွေက အထက်က ကဗျာအတိုင်း ရှမ်းရိုးမတောင်တန်းတွေ၊ ရန်ကင်းတောင်၊ အောင်ပင်လယ် လယ်ကွင်းတွေ၊ ကျောက်တော်ကြီး ဘုရားနဲ့ မန္တလေးတောင်နားက ဘုရားတွေရယ်၊ ကျုံးနဲ့ နန်းတော်ရယ်၊ မန္တလေးမြို့၊ စစ်ကိုင်းတောင်နဲ့ ဧရာဝတီမြစ်ကြီး ရယ်ကတော့ အထင်အရှားပဲဗျ။ မြောက်ဘက်ကို လှည့်ငေးမှ နဂါးတောင်၊ မမဥတောင် နဲ့ လယ်ကွင်းတွေပဲတွေ့ရတယ်။ တောင်ပေါ်မှာတော့ လူမရှိသလောက်ပဲ၊ တစ်ခါတစ်လေတော့ ဘုန်းကြီးရဟန်းတွေနဲ့ ရံဖန်ရံခါမှ တိုက်ကွမ်တိုတွေလား ကရာတေးတွေလားတော့ မသိ အဖြူရောင်ချာတိတ်တွေနဲ့သူတို့ဆရာသမားတွေ ၀ူးဝါးဝူးဝါး လုပ်ပြီးလှေကားအတိုင်းတက်လာတာများတယ်။ ဒီကကောင်ကတော့ တောင်ပေါ်ကကျောက်တုန်းတစ်ခုပေါ်တက်လို့ Yelling လုပ်ရတာ ၀ါသနာ။ တစ်ခါတလေမြင်တဲ့ လူ၊ ရဟန်းတစ်ချို့တို့ကတော့ ဒီကောင်ဘာဖြစ်သွားသလဲဟ လို့ရိတ်ခနဲကြည့်လိုက်ကြတာကတော့ အမှန်ရယ်ပါ။

တောင်မတက်ဖြစ်တဲ့နေ့တွေမှာတော့ ဗထူးကွင်းသွားပြီး အလေးကစားတာများတယ်။ ကျုံးဘေးက သွားတိုင်းမြင်ရတာကတော့ အဟုတ်ကစားတဲ့ တရုတ်ဘွားဘွား တွေပါ။ သူတို့တတွေကတော့ အဟုတ်သားဗျ။ ကက်ဆက်ဖွင့်ပြီး ထိုက်ကျိကစားနေလေရဲ့။ အဖိုးကြီးတစ်ချို့ကလည်း ယောင်ငမ်းငမ်းပေါ့။ နေ့စဉ်လိုလိုသွားခဲ့တဲ့ တချွင်ချွင် တချွမ်ချွမ် အလေးမသံတွေနဲ့ဆူညံနေတဲ့ ဗထူး ကာယဗလနှင့်အလေးမရုံဟာ အသက်မဲ့နေတယ်လို့မရှိ။ အလေးတွေပင့်မရတာ ကျွန်တော့်ရဲ့ မဟာဝါသနာ။ အလေးကစားဖော်သူငယ်ချင်းတွေရယ် နည်းပြဆရာတွေဖြစ်တဲ့ မောင်ဗမာ ဦးချန်ထွန်း၊ ဦးချစ်စံ၊ ဦးပြားတို့ ကိုညွန့်ဝင်းတို့ နဲ့တွဲကစားခဲ့တာတွေကိုတော့ သတိတရပေါ့။ နင်းကန်ဆော့တဲ့နေ့တွေမှာတော့ စက်ဘီးကိုတောင် နင်းပြန်ချင်စိတ်မရှိတော့၊ မင်္ဂလာဈေးနားတို့ မြို့တော်ဝန်ရုံးနားတို့က ဆိုင်တစ်ချို့မှာ တစ်ခဏအနားယူပြီး နံနက်စာစားပြီးမှ အိမ်ပြန်တာကများတယ်။

ဒါပေမဲ့ ကျွန်တော်ဘယ်နေရာနားရောက်ရောက် ဘယ်နိုင်ငံမှာနေနေ ဟိုး အရင်တစ်ချိန်တုန်းက ဆောင်းနံနက်ခင်းတစ်ချို့မှာ မန်းတလေးတောင်ပေါ်ကနေ နှင်းမြူတွေဖုန်းနေတဲ့ ရှု့ခင်းကို ငေးရင်း၊ ဆောင်းလေအေးတွေကို ရှုရှိုက်ရတဲ့အရသာကို ဒီတစ်သက် ဘယ်တော့မှ မေ့လို့ရနိုင်မှာ မဟုတ်တော့ပါဘူးဗျာ။

5 comments:

Chan Mya Soe said...

ကိုတိုး လုံးဝဂွတ်တယ်ဗျာ။
ဒါမျိုးတွေ အမြဲဖတ်ချင်တယ်ဗျာ မျှော်နေမယ်
ဒါနဲ့ ကိုတိုးက ၀ိတ်မတယ်ဆိုတော့ လူငယ်အားမာန်က လူတွေနဲ့ရော သိလားဗျ
ကိုဘိုတို့ ကိုငယ်ထွေးတို့ပေါ့ ... မေးကြည့်တာပါ
ကိုငယ်ထွေးကိုတော့ မိန်းနားလေးမှာ မသိတဲ့သူ ခပ်ရှားရှားပဲ
အဲဒီဘဲက လုပ်ရှူကြီး :P ကိုဘိုဆိုတဲ့ ဘဲကြီးကတော့ တော်တော်ကစားတာဗျာ ကျွန်တော်နဲ့ တော်တော်ခင်တယ်။
ကိုတိုး Body နဲ့ မတူရင်တောင် ကိုတိုးထက်တော့ မလျော့ဘူး
သင်္ကြန်မှာ တုန်းက ကားပေါ်မှာ သူပါလာတာ တခြားကားပေါ်ကကောင်တွေ ဘယ်ကောင်ကမှ ပေစောင်းစောင်းမလုပ်ရဲဘူး :P စားလိုက်တာကလည်း တစ်ရက်ကို ငှက်ပျောသီးတစ်ဖီး ကြက်ဥ ၁၀လုံးတို့ဘာလို့စားတာ တကယ့်ဘဲကြီးဗျာ

MYO HAN HTUN said...

လူငယ်အားမာန်ဆိုတာက မော်မော်စန်းထိုးမုန့်ဆိုင်က ဦးဟန်မြိုင် ရဲ့ Club နေမှာပါ။ ရောက်တော့ မရောက်ဖူးပါဘူး။
ငယ်ထွေးကတော့ ကြားဖူးသလိုလိုဘဲ။ ဘိုဘိုဆိုတာကတော့ ဆိတ်မုတ်ဆိတ်လေးနဲ့အရပ် ၆ပေ ကျော်ရှိတဲ့
ဟိုလူကောင်ထွားလေးနေမှာပါ။ အသက်ကတော့ ကျွန်တော်တို့ထက်ငယ်တယ်ဆိုပဲ။ ကျွန်တော်ပိုသိတဲ့
လူတွေကတော့ ချုံကြားက ဂုံဂါးလို့ နာမည်ပြောင်ပေးထားတဲ့ စွတ်ကျယ်အပြတ်နဲ့ ၁၂ ရာသီလုံးလုံး
နေတတ်တတ်သူ အပုလေး ဂုံဂါးကိုတော့ တရုတ်တန်းမှာ နေတုန်းကတော့ အမြဲတွေ့တတ်သပဗျ။
ကိုဂုံဂါးလေးကတော့ အဆန်းဗျ၊ တရုတ်တန်းဈေး မပြောင်းခင်ကတော့ ဆောင်းတွင်းမှာ မည်သို့ပင်အေးနေပါစေ
စွတ်ကျယ်ကိုတောင်ဖြဲထားပြီး ဈေးထဲမှာဟိုပစ္စည်းမတာလိုလို ဒီပစ္စည်းမတာလိုလိုနဲ့ သူ့ဆိုင်နားမှာ
ဗလအကြွားပိုလို့ လမ်းသလားနေပါရဲ့ဗျာ။ ကိုမောင်ဆိုတဲ့ ဟိုမူကြိုမောင်ကတော့ သူငယ်ချင်းတွေပါ။

နိုင်းနိုင်းစနေ said...

မန်းတလေးကို ၃ ၄ ခါရောက်ဖူးတယ်..မန်းတလေးတောင်ကို တခါမှ မတက်ဖူးဘူး။
စစ်ကိုင်းတောင်လဲ ရောက်ဖူးတယ်... စေတီတွေအများကြီးလောက်ပဲ မှတ်မိတော့တယ်။

Lin said...

ကိုတိုးကြီး..... မီးမီးလည်း အလေးမတယ်
ချိန်ခွင်ထဲ ထည့်ချိန်တဲ့ ၅၀ သားအလေးနဲ့ :P

MYO HAN HTUN said...

နိုင်းနိုင်းစနေ ရေ . . . . .
မန်းလေးတောင်တက်ချင်တော့ ကြုံရင်လိုက်ပို့ပေး
ပါ့မယ်။ ဒါပေမဲ့ ခြေသလုံးတွေတုတ်လာလို့ ကိုယ့်ခြေသလုံးတွေကိုကြည့်တဲ့လူတွေက ဘောလုံးကန်သလားလို့မေးရင်တော့ ရှက်သွေးမဖြာရဘူးနော်။

လင်းလင်း ရေ . . . . .
၅၀ သားအလေးက တကယ်တမ်းကျတော့ ၄၂ ကျပ်ခွဲသားလောက်ပဲရှိပါတယ်။ မောင်တစ်ထမ်းမယ်တစ်ရွက်ဆိုတော့ တစ်ရွက်ပြီးတစ်ရွက်သုံးဖို့သာစိတ်ကူးထားပါ။ မ ရ ရွက်ရမဲ့ ကိစ္စအတွက် သိပ်စိတ်မပူပါနဲ့။