Dec 11, 2007

ထိုင်းနိုင်ငံမှ ဟာသများ (၁)


၂၀၀၄ ခုနှစ် ဘန်ကောက်မြို့စားကြီး (Bangkok Governor) ရွေးကောက်ပွဲသည် အရင်နှစ်များနှစ်မတူ တမူထူးခြားသည်ဟု ဆိုရလောက်သည်။ ဘန်ကောက်မြို့ရဲ့ အညောင်းအညာပြေ လက်နှိပ်တော်မလေးများရှိရာ အနှိပ်ခန်းများ၊ နိုက်ကလပ်လား .. နှိုက်တဲ့ ကလပ်လား .. အဲဒီ ကလပ်များနှင့် အိမ်မှာရေချိုးတာမကောင်း၍ အပြင်မှာရေသွားသွား ချိုးတတ်ကျသော ကာလသားများအကြိုက် ရေဘုံဘိုင်၊ ရေချိုးခန်းများကို မြောက်များစွာပိုင်ဆိုင်ထားသော “ချူဝစ်” ဆိုသူသည်လည်း ဘန်ကောက်မြို့စားလောင်းလျာ အဖြစ် အရွေးခံလေသည်။

မချောလေးယောက် ကိုယ်တစ်ယောက်အလား ရေချိုးကြွေဇလုံထဲရောက် ရေဘုံဘိုင်ပိုင်ရှင်ကြီး ချူဝစ်

အညောင်းအညာပြေ လက်နှိပ်တော်မလေးများနှင့်အတူ သွားကြီးဖြီးနေသော ချူဝစ်

ကိုတိုးတစ်ယောက် ဘန်ကောက်ကို ရောက်ခါစ ကပေါ့ ဗျာ ....

သွားကြီးစိထားပြီး ဆယ်ပေါင်တူကြီးနဲ့ ထုတော့မည့်အလား ဒေါကန်နေသော ချူဝစ် ပိုစတာများကို နေရာအနှံတွေ့ရသဖြင့် မည်သူလဲဟု မေးခွန်းထုတ်ခဲ့ရသေးသည်။ ရုံးက သူငယ်ချင်းများကတော့ “သူက ချူဝစ် ဆိုသူဖြစ်ကြောင်းနှင့် သူ့အင်တာဗျူး Show များသည် အလွန်ရယ်ရကြောင်း” ပြောပြကြသည်။

ပုံပါအတိုင်း အခြား မြို့စားလောင်းလျာတွေက ကိုယ့်ပုံကိုတပ်လို့ ရိုးရိုးမဲစွယ်နေချိန်တွင် ချူဝစ်က ဒေါသထွက်နေတဲ့ဟန်တို့ တူနဲ့ထုတော့မည့်ဟန်တို့နဲ့ Media Attention ရအောင် လုပ်ပြလေရဲ့ ဗျာ။ (ဘယ်တိုင်းပြည် ဘယ်နိုင်ငံတွင်မှ သူလို ဒေါသတွေထွက်နေတဲ့ အက်တင် အမျိုးမျိုးထုတ်ပြီး မြို့စားရွေးကောက်ပွဲဝင်သူ ရှိလိမ့်မည် မထင်မိပါ)

ချူဝစ်ကတော့ စ ပါပြီ .. “ကျွန်တော် ချူဝစ်ကို မဲထည့်ပါ .. ချူဝစ်သာမရှိရင် ဘန်ကောက်မြို့ကြီးမှာ နိုက်ကလပ်တွေ ရေချိုးခန်းတွေ မရှိလို့ ဘန်ကောက်တစ်မြို့လုံး ပျင်းနေမယ် .. ” ဆိုပဲ ဗျ ..

“လာဒ်ပေးလာဒ်ယူမှု့ကို ချူဝစ် သာကိုင်တွယ်နိုင်ပါလိမ့်မယ်၊ ပပျောက်အောင်ဖြေရှင်းပေးမယ် .. ဘာကြောင့်လည်း ဆိုတော့ .. သူ ဘယ်ရဲကို ဘယ်လောက်လာဒ်ထိုးခဲ့တယ် .. ဘယ်လောက်လာဒ်ထိုးရတယ် ဆိုတာ သူသာ သိတယ်လို့” ဆိုပြီး မက်လုံးပေးပြီး .. ရဲများကို ချိန်းခြောက်ခဲ့ပါသေးတယ်။

ချူဝစ်ရဲ့ ပရိသာတ်များ နှင့် ထောက်ခံအားပေးသောသူများကလည်း “အင်း .. ချူဝစ်သာ မြို့စားကြီးဖြစ်ခဲ့ရင်တော့ .. ရေဘုံဘိုင်တွေ၊ ရေချိုးခန်းတွေ နေရာအနှံမှာ ပိုများလာလိမ့်မယ်”လို့ ပြုံးပြုံးကြီးဖြင့် အားကိုးတကြီး ဆိုခဲ့ကြသဖြင့် မိဘများ ရင်လေးစရာဖြစ်ခဲ့ကြပါသေးတယ်။ ချူဝစ်လည်း ခေသူမဟုတ်ပါ .. ရွေးကောက်ပွဲတွင် တတိယနေရာလား မသိ စွဲခဲ့သေးသည်။ သူ့ချစ်ပရိသာတ်အများဆုံးကတော့ Taxi သမားများ၊ နှိုက်တဲ့ကလပ် .. အဲယောင်လို့ .. နိုက်ကလပ်သွား လူငယ်များနှင့် ရေဘုံဘိုင်တို့ ရေချိုးခန်းတွင် သွားချိုးတတ်ကျသော ကာလသားများဖြစ်ကြသည်။

မှတ်ချက်။ ။ယခု ၂၀၀၇ ခုနှစ် ဘန်ကောက်မြို့စားကြီး ရွေးကောက်ပွဲမှာတော့ ချူဝစ် ဝင်မရွေးတော့ပါ။ ကျွန်တော့်အမြင်အရတော့ ချူဝစ်တစ်ယောက် ဘန်ကောက်မြို့စားကြီး ရွေးပွဲတွင် ၀င်အရွေးခံမည့်အစား ထိုင်းနိုင်ငံ ရုပ်ရှင်လောကထဲသို့ ၀င်ရောက်လျှင် အောင်မြင်မှု့ရှိကောင်းရှိလိမ့်မည်ဟု ထင်မိပါတယ်။

ကိုတိုး

Dec 6, 2007

ကွက်လပ်တွေနဲ့ အချစ်



ကွက်လပ်တွေနဲ့ အချစ်

မမရယ် ..
ကမ်းလက်မရှိတော့တဲ့
ဒီဘ၀မှာ
အလင်းတန်းမဲ့ ပုံရိပ်တွေကို
လွမ်းဆွေးနေရတဲ့
ကျွန်တော့်ရဲ့အဖြစ်တွေရော
အဝေးတစ်နေရာက မမ
သိနေမှာလား

မမရယ် ..
နိုးတစ်ဝက်အိမ်မက်တွေထဲမှာ
လှပတဲ့ ပုံရိပ်တွေကြောင့်
ရူးသွပ်သွားတဲ့ ကျွန်တော့်ကိုရော
မမ နားလည်ပေးမှာလား

မမရယ် ..
ဒီတစ်သက်မှာ
အချစ်တွေနဲ့ပေးဆပ်မယ့်
ကျွန်တော့်နှလုံးသားကို
အေးစက်နေတဲ့ နှလုံးသားနဲ့
ကွက်လပ်တွေကို အပြစ်ရှာကာ
မုန်းမေ့နေတော့မှာလား

ကိုတိုး

လွမ်းနေမယ် မမ



လွမ်းနေမယ် မမ

ငွေကြယ်လေးတွေ စီကာဝန်း
မညီမညာထွန်းလင်းတဲ့
ထက်ကောင်းကင်က
လမင်းရဲ့ အလင်းရောင်နဲ့
မမ ကိုလွမ်းနေတဲ့
အရိပ်တစ်စုံဟာ
သံစဉ်တွေ ဖြစ်ခဲ့ရပြီ

လွမ်းတေးတွေ ကြူ
မျက်ရည်တွေ ဆူ
ချိနဲ့ဆွံ့အတဲ့ နှလုံးသားတစ်ခု
အမြဲတိုးတီးစွာ ရေရွတ်နေမိတာက
“လွမ်းနေမယ် မမ”

ကိုတိုး

Nov 29, 2007

ဟိုဟာကို ကြည့်ပြီး တီးမှရတဲ့ လူ


ရခိုင်လူမျိုးများ ဘယ်လောက်စကားဝဲသလဲဆိုတော့ ..

ဇာတ်လမ်းက ဒီလို ဗျ ..

တစ်ခါသားပေါ့ဗျာ .. အဆောင်ရှေ့မှာ ဂစ်တာတီးနေတဲ့ ကျောင်းသားတွေရဲ့အနား .. ယောင်ချာချာနဲ့ရောက်လာတဲ့ ရခိုင်တစ်ယောက်ကို ကျောင်းသားတွေက “ဘယ်လိုလဲ ဗျ ... နဲနဲပါးပါးလေး လုပ်လိုက်ပါအုံး” လို့ ဖျော်ဖြေရန်တောင်းဆိုလိုက်တဲ့ မေးခွန်းကို ထိုလူ ရခိုင်လေသံဝဲ၀ဲနဲ့ ဖြေလိုက်ပုံကြောင့် အားလုံးအံ့အားသင့်သွားတယ်။

“ကျွန်တော် .. နို့ကြည့်တီးမှရမယ်” ..

သူ့စကားကြောင့် .. အားလုံးကကြောင်စီစီဖြစ်သွားပြီး ဘာများလဲလို့ ပေါ့ ဗျာ .. တကယ်တန်းသူဆိုလိုတာက သူဂစ်တာတီးရင် ဂီတသင်္ကေတ အင်္ဂလိပ်လို “Note” ကို ကြည့်တီးမှရတယ်လို့ ဆိုလိုတာပါ ..

ကျွန်တော်လည်း တစ်ခါတစ်လေ ဂစ်တာတီးတိုင်း Note ကြည့်တီးမှရပါတယ် .. ငါ့ဆရာတို့လည်း အလွတ်မရရင် Note လေး ဘာလေး ကြည့်တီးပေါ့ ..

ကိုတိုး