
CMS လေးက Tag လုပ်လို့ရေးလိုက်ရတာပါပဲ။
(၁) ငယ်ငယ်တုန်းကနေ နည်းနည်းအရွယ်ရောက်တဲ့အထိ မိုးရွာရင် အိမ်ရှေ့ထွက်ပြီး ဘောလုံးကန်တယ်။ (မဆန်းပါ .. အားလုံးလိုလိုလုပ်တတ်၏)
(၂) နောက်တော့ သူငယ်ချင်းတွေနဲ့ ဆိုင်ကယ်ပတ်စီးတယ်။ မန္တလေးတက္ကသိုလ်ထဲက မိုးမမြင်လေမမြင် အချစ်ဇာတ်လမ်းစဉ်နေကြသော အတွဲတွေကို ဒုက္ခသွားပေးတယ်။ (ဥပမာ။ ။ စက်ဘီးများ၊ ဆိုင်ကယ်များကို လေသွားလျှော့ခြင်း)။ နောက်တော့ လ္ဘက်ရည်ဆိုင်ထိုင်ပြီး အ၀စားကြတယ်။ ဒါကတော့ ကျွန်တော့သူငယ်ချင်း ယောင်္ကျားလေးတွေရော မိန်းကလေးတွေပါ မိုးရွာတိုင်း ထွက်လည်ကြတယ်။ မှိုင်းပြာမှုံရီနေတဲ့ ကောင်းကင်၊ မိုးရနံ့လေးတွေကို ရှုရှိုက်၊ မိုးစက်မိုးပေါက်တွေရဲ့အောက်မှာ အားလုံးသီချင်းတွေပြိုင်တူဆိုရင်း လျှောက်လည်ရတဲ့ ခံစားချက်က ပြောပြလို့ဘယ်ရပါ့မလဲ။ (အားလုံးကို ရူးတယ်နှမ်းတယ်ပြောလည်း မတတ်နိုင်ဘူး)
(၃) ဟိုးတုန်းကဆို မန္တလေးတောင်ပေါ်တက်ပြီး မှုန်ဝါးဝါး မန္တလေးမြို့ကြီးကို တစ်ယောက်ထဲ သွားသွားထိုင်ကြည့်ရင်း ငေးနေမိတယ်။ (ထူးပေ၏ .. ရူးပေ၏)
(၄) တစ်ခါတလေအရူးထပြီး မန္တလေးကျုံးဘေးမှာပြေးတယ်။ (ထူးပေ၏ .. ရူးပေ၏)
(၅) ဟိုစဉ်အခါက မိုးတွေသည်းတိုင်း ကောင်မလေးအိမ်နဲ့ .. မလှမ်းမကမ်းမှာ သွားသွားထိုင်တတ်တယ်။ (ပြန်စဉ်းစားတိုင်း အရူးတစ်ယောက်လိုပါလားဟ ဟုရေရွတ်မိတယ်၊ နောက်နောင်တွင် ကျွန်တော့်လို မလုပ်ရန် လူငယ်များကို တိုက်တွန်းပါသည် .. ဘာကြောင့်လည်းဆိုတော့ များသောအားဖြင့် မိန်းကလေးများသည် မိုးရွာတိုင်း စောင်ခြုံကွေးတတ်ကြသည် ဟု ကြားသိရပါသည်။ သင့်ကိုလည်း သူမြင်မည်မဟုတ်ပေ .. သင်လည်း ထိုအတွက်ကြောင့် ဘာမှ အမှတ်ရမည်မဟုတ် .. ကံမကောင်းအကြောင်းမလှက အဆုတ်အအေးပတ်တတ်သည်)
(၆) ယခုအချိန် .. ထိုင်းမှာတော့ တစ်ခါတလေ မိုးရွာထဲလမ်းလျှောက်တယ်။ တစ်ခါတလေတော့ ရမ်ခန်ဟန် (Ramkhamhaeng) အားကစားကွင်းထဲက ထိုင်ခုံလေးတစ်ခုမှာ တစ်ယောက်ထဲသွားထိုင်ပြီး အပြတ်ကို လွမ်းဆွေးနေတတ်တယ်။ တစ်ခါတလေ အိမ်နားက ကန်ကြီးထဲက ငါးတွေကို ပါမုန့်တွေအထုတ်လိုက် သွားကြွေးတတ်တယ်။ (ရူးတယ်နှမ်းတယ်ပြောလည်း မတတ်နိုင်ဘူး)
(၇) ယနေ့ထက်ထိအောင် မိုးရွာတိုင်း ထီးမဆောင်းတတ်တဲ့ အကျင့်ဟာ ချစ်သူရတဲ့နေ့မှပဲ ပျောက်သွားမှာပါလို့ အမြဲတမ်းပြောတတ်တယ်။ ဘယ်သူထီးဝယ်ပေးပေး တောင်ပြော မြောက်ပြော ဆင်ခြေပေးပြီး ငြင်းတတ်တယ်။ ဘယ်လောက်မိုးရွာမိုးရွာ ကိုယ်ကိုယ်တိုင်လည်း ထီးမဆောင်းဘူး။ ဘာကြောင့်လည်းဆိုတော့ ချစ်တဲ့သူက ကျွန်တော့်ကို ထီးလိုက်မိုးပေးပြီး မိုးရွာထဲမှာ လျှောက်သွားချင်လို့ဆိုတဲ့ နေ့ရက်တွေကို အမြဲတမ်းဆောင့်မျှော်နေလို့ပါပဲ .. ဗျာ။ (ရူးတယ်နှမ်းတယ်ပြောလည်း မတတ်နိုင်ဘူး)
“နေမြင့်လေ အရူးရင့်လေ” .. .. “အင်း” .. “ကျွန်တော့်အတွက်တော့ မိုးတွေရွာရင် အရူးရင့်လေများလား” .. ပြောမပြတတ်တော့
ကိုတိုး