Jun 15, 2007

မိုးတွေရွာရင်


CMS လေးက Tag လုပ်လို့ရေးလိုက်ရတာပါပဲ။

(၁) ငယ်ငယ်တုန်းကနေ နည်းနည်းအရွယ်ရောက်တဲ့အထိ မိုးရွာရင် အိမ်ရှေ့ထွက်ပြီး ဘောလုံးကန်တယ်။ (မဆန်းပါ .. အားလုံးလိုလိုလုပ်တတ်၏)

(၂) နောက်တော့ သူငယ်ချင်းတွေနဲ့ ဆိုင်ကယ်ပတ်စီးတယ်။ မန္တလေးတက္ကသိုလ်ထဲက မိုးမမြင်လေမမြင် အချစ်ဇာတ်လမ်းစဉ်နေကြသော အတွဲတွေကို ဒုက္ခသွားပေးတယ်။ (ဥပမာ။ ။ စက်ဘီးများ၊ ဆိုင်ကယ်များကို လေသွားလျှော့ခြင်း)။ နောက်တော့ လ္ဘက်ရည်ဆိုင်ထိုင်ပြီး အ၀စားကြတယ်။ ဒါကတော့ ကျွန်တော့သူငယ်ချင်း ယောင်္ကျားလေးတွေရော မိန်းကလေးတွေပါ မိုးရွာတိုင်း ထွက်လည်ကြတယ်။ မှိုင်းပြာမှုံရီနေတဲ့ ကောင်းကင်၊ မိုးရနံ့လေးတွေကို ရှုရှိုက်၊ မိုးစက်မိုးပေါက်တွေရဲ့အောက်မှာ အားလုံးသီချင်းတွေပြိုင်တူဆိုရင်း လျှောက်လည်ရတဲ့ ခံစားချက်က ပြောပြလို့ဘယ်ရပါ့မလဲ။ (အားလုံးကို ရူးတယ်နှမ်းတယ်ပြောလည်း မတတ်နိုင်ဘူး)

(၃) ဟိုးတုန်းကဆို မန္တလေးတောင်ပေါ်တက်ပြီး မှုန်ဝါးဝါး မန္တလေးမြို့ကြီးကို တစ်ယောက်ထဲ သွားသွားထိုင်ကြည့်ရင်း ငေးနေမိတယ်။ (ထူးပေ၏ .. ရူးပေ၏)

(၄) တစ်ခါတလေအရူးထပြီး မန္တလေးကျုံးဘေးမှာပြေးတယ်။ (ထူးပေ၏ .. ရူးပေ၏)

(၅) ဟိုစဉ်အခါက မိုးတွေသည်းတိုင်း ကောင်မလေးအိမ်နဲ့ .. မလှမ်းမကမ်းမှာ သွားသွားထိုင်တတ်တယ်။ (ပြန်စဉ်းစားတိုင်း အရူးတစ်ယောက်လိုပါလားဟ ဟုရေရွတ်မိတယ်၊ နောက်နောင်တွင် ကျွန်တော့်လို မလုပ်ရန် လူငယ်များကို တိုက်တွန်းပါသည် .. ဘာကြောင့်လည်းဆိုတော့ များသောအားဖြင့် မိန်းကလေးများသည် မိုးရွာတိုင်း စောင်ခြုံကွေးတတ်ကြသည် ဟု ကြားသိရပါသည်။ သင့်ကိုလည်း သူမြင်မည်မဟုတ်ပေ .. သင်လည်း ထိုအတွက်ကြောင့် ဘာမှ အမှတ်ရမည်မဟုတ် .. ကံမကောင်းအကြောင်းမလှက အဆုတ်အအေးပတ်တတ်သည်)

(၆) ယခုအချိန် .. ထိုင်းမှာတော့ တစ်ခါတလေ မိုးရွာထဲလမ်းလျှောက်တယ်။ တစ်ခါတလေတော့ ရမ်ခန်ဟန် (Ramkhamhaeng) အားကစားကွင်းထဲက ထိုင်ခုံလေးတစ်ခုမှာ တစ်ယောက်ထဲသွားထိုင်ပြီး အပြတ်ကို လွမ်းဆွေးနေတတ်တယ်။ တစ်ခါတလေ အိမ်နားက ကန်ကြီးထဲက ငါးတွေကို ပါမုန့်တွေအထုတ်လိုက် သွားကြွေးတတ်တယ်။ (ရူးတယ်နှမ်းတယ်ပြောလည်း မတတ်နိုင်ဘူး)

(၇) ယနေ့ထက်ထိအောင် မိုးရွာတိုင်း ထီးမဆောင်းတတ်တဲ့ အကျင့်ဟာ ချစ်သူရတဲ့နေ့မှပဲ ပျောက်သွားမှာပါလို့ အမြဲတမ်းပြောတတ်တယ်။ ဘယ်သူထီးဝယ်ပေးပေး တောင်ပြော မြောက်ပြော ဆင်ခြေပေးပြီး ငြင်းတတ်တယ်။ ဘယ်လောက်မိုးရွာမိုးရွာ ကိုယ်ကိုယ်တိုင်လည်း ထီးမဆောင်းဘူး။ ဘာကြောင့်လည်းဆိုတော့ ချစ်တဲ့သူက ကျွန်တော့်ကို ထီးလိုက်မိုးပေးပြီး မိုးရွာထဲမှာ လျှောက်သွားချင်လို့ဆိုတဲ့ နေ့ရက်တွေကို အမြဲတမ်းဆောင့်မျှော်နေလို့ပါပဲ .. ဗျာ။ (ရူးတယ်နှမ်းတယ်ပြောလည်း မတတ်နိုင်ဘူး)

“နေမြင့်လေ အရူးရင့်လေ” .. .. “အင်း” .. “ကျွန်တော့်အတွက်တော့ မိုးတွေရွာရင် အရူးရင့်လေများလား” .. ပြောမပြတတ်တော့

ကိုတိုး

13 comments:

Ye Lwin Oo Photography said...

ဘ၀ စာရေးဆရာကြီး ကိုတိုး။
အနှစ်အရသာ ပြည့် ဝတဲ့ POST တစ်ခုပါ။ ထူးပေ၏... ရူးပေ၏ လို့ ထင်ရပေမယ့်  တစ်ခါတစ်ခါ ဒီလို POST တွေက ပေါက်သွားတတ်တယ်။ ဆက်လုပ်...

MELODYMAUNG said...

ချစ်တဲ့သူက သူ့ ကို ထီးလိုက်မိုးပေးပြီး မိုးရွာထဲမှာ လျှောက်သွားချင်လို့ဆိုတော့ အရပ်ရှည်တဲ့ ချစ်သူမှအဆင်ပြေမှာပဲ ကိုတိုးအရပ်က ၆ပေဆိုရင်တော့ အင်း…..:D

MYO HAN HTUN said...

@ Ye Lwin Oo
ဘ၀ စာရေးဆရာကြီးတော့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို စာရေးဆရာအဖြစ်လည်း ခံယူမထားပါဘူး။ အပျော်သဘောနဲ့ပဲရေးတာပါ
Mr. Ye Lwin Oo ရေ။

@ Melodymaung
၆ ပေတော့မရှိပါဘူးဗျာ။ ၆ ပေရှိလည်း ကိစ္စမရှိပါဘူး။ အရပ်က ၄ ပေ .. ထီးက ၂ ပေရှိရင်လည်း ၆ ပေပြည့်ပေါ့။ အဆင်ပြေမှာပါ။ ဟီး ဟီး

Anonymous said...

ဦးကြီးတိုး ဟယ်လိုဖရွမ် ဘန်ကောက် မနေနဲ့ ပန်ဒါလေးကို မှတ်မိသေးရင် ညလေးပဲမှတ်။ ကိုတိုးကို သွေးအမျိုးအစား ကြည့်ပြီး ဗေဒင်ဟောနည်း သင်ပေးထားတာလေ။ :P

Anonymous said...

ဟိုက် တော်၂ဆိုးတဲ့ ကိုတိုးပဲ.. ငယ်၂က သူများအတွဲတွေကို နှောင့်ယှက်လို့ လူပျိုကြီးဖြစ်နေတာ နေမှာ အဟီး ။

(ဘာကြောင့်လည်းဆိုတော့ များသောအားဖြင့် မိန်းကလေးများသည် မိုးရွာတိုင်း စောင်ခြုံကွေးတတ်ကြသည် ဟု ကြားသိရပါသည်။)
အမယ်.. သိပ်သိနေပါလား ။ ဘယ်လောက်ကြာ၂ သုသေသန ပြုခဲ့ရတုန်းး)

ထီးလိုက်မိုးပေးမယ့်သူ စောင့်နေတုန်း နမိုးနီးယား ၀င်နေဦးမယ် အဟီး ။

ဖတ်လို့ကောင်းတယ်ဗျို့ ။ ကိုတိုးရဲ့ ထုံးစံ ဟာသ ရသလေးနဲ့ ။ နောက် ပို့စ်တွေ ရေးပါဦး ။ ယဉ်၂လေး ရူးနေတဲ့ အကြောင်းတွေး)

Anonymous said...

ကိုတိုးရဲ့ မိုးတွေရွာရင်အကြောင်း လေးဖတ်သွားပါတယ်။

Unknown said...

နံပတ်၅ အချက်က သိပ်ရီရဒယ် :P အုပ်ဒယ်.. မိန်းကလေးတော်တော်များများ မိုးရွာရင် စောင်ခြုံကွေးတတ်ကြဒယ်.. ချောင်းဆိုးအအေးမိပီးနှာချေလဲ သိမှာမဟုတ်ဝူး ပြောပြမှသိရမှာ.. အဟားဟားး

MYO HAN HTUN said...

@ ညလေး
“ဦးကြီးတိုးလည်း အသက်လေးရလာလို့ မေ့တတ်လာပြီ .. အေးကွယ် .. ဟုတ်ပြီ .. ဟုတ်ပြီ .. ဦးကြီးလည်း အခု တူမကြီးကို သတိရတော့တယ်။”

@ ဂျစ်တူး
မဂျစ်ရေ .. သုသေတနတော့မလုပ်ဖူးပါဘူး ဗျာ။ မိန်းမတွေ ဆောင်ချုံကွေးတတ်တဲ့ အကြောင်းကို သူတို့ယောကျာင်္းတွေကနေ တဆင်ပြန်ကြားရတာပါ။ ဟီး ..

@ ByN
လာလည် လာဖတ်သွားတဲ့ အတွက် ကျေးဇူးပါ။

@ ahmeisoekyi
အင်း .. ချမ်းလို့နေမှာပါ။

Chan Mya Soe said...

" မှိုင်းပြာမှုံရီနေတဲ့ ကောင်းကင်၊ မိုးရနံ့လေးတွေကို ရှုရှိုက်၊ မိုးစက်မိုးပေါက်တွေရဲ့အောက်မှာ အားလုံးသီချင်းတွေပြိုင်တူဆိုရင်း လျှောက်လည်ရတဲ့ ခံစားချက်က ပြောပြလို့ဘယ်ရပါ့မလဲ "

အဲလို အချိန်တွေကို အရမ်းပဲ လွမ်းမိတယ်ဗျာ။

MYO HAN HTUN said...

@ CMS
“အဲလို အချိန်တွေကို အရမ်းပဲ လွမ်းမိတယ်ဗျာ။” .. တဲ့လား ..
ငါ့ညီ CMS ရေ .. ငိုချင်လျှက် လက်တို့ ဆိုသလိုမျိုးဖြစ်နေပြီ .. ငိုနဲ့ တိတ်တိတ် ..

ပြည့်မွန်သျှံ said...

လာလည်းတာကျေးဇူးဘဲ ... ကျွန်တော်က မဟာချိုင်နဲ့ ရခ်ျပူရီကို ကိုယ်အိမ် ကိုယ့်ရာလို သွားနေတဲ့ သူပါ ...

Ko Nay Gyi said...

အစ်ကိုရေ.. ကျွန်တော် ပုံတွေကို ပြန်ပြင် ပေးပါ့မယ်ဗျာ...။ မိုး ရွာရင် လုပ်တတ်ပုံ ခြင်းက အစ်ကို နဲ့ ကျွန်တော် တော်တော်တူတယ်..။ အစ်ကို့ကို Link ထားလိုက်ပြီနော်...။

MYO HAN HTUN said...

@ Ko Nay Gyi
ကျေးဇူးပဲ ကိုနေကြီးရေ .. Link ချိတ်ပေးထားတဲ့ အတွက်ပိုပြီးကျေးဇူးတင်ပါတယ်။