Feb 24, 2007

ငါ့ဘကြီးရဲ့ မခင်နှင်းဆီ


“မခင်နှင်းဆီ ရယ် .. မခင်နှင်းဆီ ရယ် .. တဖက်သတ်ကျိတ်ပိုးလေးနဲ့ တိတ်တခိုးဆွေးတဲ့ ကျွန်တော်ရယ် .. ဘာပဲပြောပြော ရာဇ၀င်ရှိတယ် .. ခုတော့လဲ ဒါတွေ ဒါတွေ ပြီးခဲ့ပါပြီ .. ပြီးခဲ့ပါပြီ .. ဒါပေမယ့်လည်း .. တစ်ရံတစ်ခါတော့ .. သတိရနေပါသည် .. သြော် .. သြော် .. ငယ်ငယ်တုန်းက .. မခင်နှင်းဆီ .. ”

အဆိုတော်ကိုလွှမ်းမိုး ဆိုတဲ့ သီချင်းပေါ့၊ အခုနားထောင်ဖြစ်တာက ရာဇာဝင်းတင့်ကပြန်ဆိုထားခြင်းပါ ..

အဲ .. အဲဒီသီချင်းကို ကိုတိုးတစ်ယောက် သိပ်ကြိုက်တာပေါ့ .. တစ်ပတ်ကိုတော့ အနည်းဆုံး တစ်ခါ နှစ်ခါလောက် နားထောင်ဖြစ်ပါတယ် .. ဒါပေမယ့် ဟိုးတလောက ဒီသီချင်းကို ဘာရယ်ကြောင့်မှန်းမသိ ရုံးမှာ အဲဒီ သီချင်းတစ်ပုဒ်တည်းကိုပဲ .. လေးငါးရက်လောက်ဆက်တိုက်လောက် နားထောင်ဖြစ်တယ်။ ရုံးမှာ နားထောင်တယ် ဆိုလို့ Speaker နဲ့တော့ မထင်လိုက်ပါနဲ့ .. Headset နဲ့ပါ ဗျာ .. ဒါပေမယ့် အသံလေးတင်ထားတဲ့ အတွက် ဘေးနားကလူကတော့ ကျွန်တော်ဘာနားထောင်နေသလဲဆိုတာကို အတိုင်းသားကြားနေရမှာပါ။ ဒီအတွက် .. သူ့မှာ စိတ်အနှောက်ယှက်ဖြစ်စရာမလိုပါဘူး .. သူလည်းထိုနည်းတူပါပဲ .. သူ့သီချင်းသူ Headset နဲ့နားထောင်တတ်ကြပါတယ်။ သူ့သီချင်းကိုယ်ကြား ကိုယ့်သီချင်းသူကြားပေါ့။ ကျွန်တော် မြန်မာသီချင်းတွေ နားထောင်တတ်တယ်ဆိုတာကိုတော့ သူတို့သိပါတယ်။

ဒါပေမယ့် .. မှတ်မှတ်ရရ .. တနင်္လာနေ့လောက်ကနေ စလိုက်တာ သောကြာနေ့လောက်လည်းရောက်တော့ အရှေ့က ထိုင်းမလေးက နောက်ကိုလှည့်ပြီး စပ်စပ်စုစုနဲ့ .. “ဘာလို့ ဒီသီချင်းတစ်ပုဒ်တည်းကို နေ့တိုင်းဖွင့်နေရတာလည်း .. ပြင်းစရာမကောင်းဘူးလား .. ဘာကိစ္စနဲ့ ဒီလောက်တောင် ဒီသီချင်းကို ကြိုက်ရတာလဲ .. သီချင်းအဆိုတော်နဲ့ သီချင်းနာမည်ကရော” လို့ ဆက်တိုက်မေးခွန်းတွေနောက်မှာ ကျွန်တော်ခပ်တည်တည်နဲ့ “ငါ့ဘကြီးရဲ့ မခင်နှင်းဆီ” လို့ ဖြေလိုက်ပါတယ်။ ကြောင်စီစီလုပ်နေတဲ့ သူ့ကိုကြည့်နေရင်း သူ နောက်ထပ်ဘာမေးခွန်းတွေထပ်မေးမလဲဆိုတာကို ကျွန်တော့်အနေနဲ့ သိပါတယ် .. ဒါပေမယ့် “မင်းအလုပ်ကို မင်းလုပ်ပါလား .. သိချင်ရင်နောက်မှ ငါ့ဘကြီးနဲ့ မခင်နှင်းဆီအကြောင်းကိုမေးပါလား” ဆိုပြီး အတည်ပေါက်နဲ့ထပ်ပြောလိုက်တော့မှ “အိုကေ .. အိုကေ” ဆိုပြီး လှည့်သွားပါတော့တယ် ဗျာ။ ပြောလိုက်တဲ့ စကားအတွက် သူ့နောက်ကနေ ကြိတ်ပြီးပြုံးနေတဲ့သူကတော့ ကျွန်တော်ပါ ဗျာ။

အန္ဒိယလေသံဝဲ၀ဲဖြင့် အမြဲပြောပြောတတ်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ “ငါသူ့ကို ခါးတည်တည် (ခပ်တည်တည်) နဲ့ ပြောလိုက်တယ်” ဆိုတဲ့ စကားလေးကို သတိရရင်း

ကိုတိုး

Feb 19, 2007

သူငယ်ချင်းရဲ့ ရဟန်းခံပွဲ သို့တစ်ခေါက်

ဟိုတစ်နေ့က သူငယ်ချင်း ဘန့် ရဲ့ ရဟန်းခံပွဲကို ညီတော် ကိုယ်တော်လေး မျိုးကျော်ထွန်း နဲ့ သွားခဲ့တယ်။ ထိုင်းနိုင်ငံရောက်တာ ၃ နှစ်နီးပါး ရှိပေမယ့် ဘုန်းကြီးကျောင်းကို ၃ ခါလောက်ပဲ ရောက်ခဲ့တယ်။ ၃ ခါလောက်ပဲ ရောက်တယ်ဆိုလို့ ဘာသာတရားမကိုင်းရှိုင်းဘူးလို့တော့ မထင်လိုက်ပါနဲ့ ဗျာ။
မနက် ၇ နာရီကျော်လောက် က Taxi စီးသွားလိုက်တာ ၈ နာရီကျော်ကျော်လောက်မှ ရောက်တယ်။ ဘုန်းကြီးကျောင်းကတော့ မြဘုရားနားက ရှေးဟောင်းဘုန်းတော်ကြီး ကျောင်းပါ။ စ၀င်ကတည်းက ကျောင်းပရ၀ဏ်အတွင်းက ထိုင်း သုခုမ အနုပညာ လက်ရာတွေကို ငေးရတာ အမောသားပါ။ ကျောင်းအတွင်းမှာတော့ ကိုယ့်ထက် ဦးအောင်ရောက်နေတဲ့ သူငယ်ချင်းတွေ စုံလို့ပါပဲ။ ခဏနေတော့ ဘုန်းကြီး ဘန့် သင်္ကန်းမစီးမှီ ဖိုးသူတော်လို အဖြူရောင် သင်္ကန်းပတ်ပြီး ထွက်လာပါတယ်။ ပွဲလာ ဆွေမျိုးညာတိ မိတ်သင်္ဂဟ အပေါင်းတို့ကလည်း ဘုန်ကြီး ဘန့် နဲ့ ဓါတ်ပုံတွေ ရိုက်ကြပေါ့။ ဒါပေမယ့်လည်း အသွင်မတူ အနေထိုင်မတူ စကားမတူတဲ့ ကျွန်တော်တို့ ညီအကို နှစ်ယောက်ကိုတော့ တိုင်းတပါးသားတွေလို့ လူတွေက ရိတ်မိနေတာကိုတော့ သိပါတယ်။ နောက်တော့လည်း ဘုန်းကြီး ဘန့်ကပဲ “မြန်မာပြည်မှ သူငယ်ချင်းများ”လို့ အားလုံးနဲ့ မိတ်ဆက်ပေးပါတယ်။ ပြီးတာနဲ့ ကျောင်းကို ပတ် ဘုရားကျောင်းဆောင် အတွင်းမှာ ရွတ်ဖတ်ပြီး သင်္ကန်းစီးပါတယ်။
အဲ .. နောက်ဆုံး အစီအစဉ်ကတော့ ကိုတိုးတို့ အကြိုက် “အလှူ” ပါပဲ။ ဘူဖေး ပုံစံ ဟင်းလျာတွေ မြင်ကတည်းက ပြေးဆွဲချင်တာ မနဲစိတ်ထိမ်းထားရတယ်။ စားဆိုတာနဲ့ သူငယ်ချင်းအားလုံးကလည်း အကြံတူ ဟန်မမူသူတွေမို့ အပြေးအလွှားသွားဆွဲရင်း တီးကြပေမယ့် “ဟိုကောင်လေးတွေက မြန်မာလေးတွေ” ဆိုတဲ့ ပွဲလာ ပရိတ်သတ်တွေရဲ့ အကြည့်တွေကြောင့် အ၀တီးချင်တဲ့ စိတ်ကို ဘရိတ်အုပ်ခဲ့ရပါတယ်။ ဟင်းတွေကလည်း ထိုင်းအစားအစာတွေနဲ့ ထိုင်းအချိုပွဲတွေဆိုတော့ ပြောနေစရာ မလိုတော့ ပေမဲ့ ဒီစာရေးရင်းကတော့ နောက်ဘယ်ပွဲတွေများ သွားကြိတ်ရမလဲဆိုတာကို စိတ်ကူးနေဆဲပါ။

ကိုတိုး

ဝါယာတစ်ပင် လွတ်သွားသော ဘက်ထရီမဲ့ နှလုံးသား

ဝါယာတစ်ပင် လွတ်သွားသော ဘက်ထရီမဲ့ နှလုံးသား

ခံစားချက်တွေ
အစပျိုးချိန်
အားနည်းတဲ့ ငါ့နှလုံးသားဆီက
လွတ်သွားတဲ့
ဒီကြိုးလေးတစ်ချောင်း

အသက်ငင် ဇာတ်မ၀င်ခင်
မရက်စက်ပါနဲ့ ဆိုကာမှ
အားသစ် ဘက်ထရီကို
ဖြုတ်ယူသွားလေ ပါတော့တယ် ..

ကိုတိုး

Feb 12, 2007

မချစ်ဖူးသူတွေ ယခု ချစ်ကြပါစေ

ကျွန်တော် ဒီရက်ပိုင်းမှာတော့ အလုပ်အရမ်းများနေပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စထက် ရုံးအလုပ်ကပို များနေတာကြောင့် ဘာမှရေးနိုင်မှာမဟုတ်သေးပါဘူးဗျာ။ “အခုရှင်းမှ နောင်ရှင်း” ဆိုတဲ့ လက်ကိုင် ဝေါဟာရအရ အကြွေးမထားတတ်လို့ အလုပ်တွေအကုန်ရှင်းထုပ်နေရပါတယ်။ မအားပေမယ့် ဒီရက်ပိုင်းမှာ လုပ်တဲ့ အလုပ်တွေကိုတော့ သိပ်သဘောတွေ့မိပါတယ် ဗျာ။ အလုပ်က ကျွန်တော့် ဘ၀ပါ။

“သူများပျော်လို့ မပျော်နိုင် ရည်စားပစ်လို့မှိုင်” ဆိုသလို Valentine ကာလမှာ နှင်းဆီပန်းအနီတွေကို မြင်တိုင်း တွေဝေမှိုင် ငေးငိုင်နေရသူကတော့ ကျွန်တော်ပါ ဗျာ။

ထားပါတော့ .. အောက်မှာတော့ ကျွန်တော် အရမ်းနှစ်သက်တဲ့ Quote လေးကို Valentine အခါသမယမှာ အားလုံးအတွက်ဆုတောင်းပေးလိုက်ပါတယ် ..

Let those love now who never loved before. Let those who always loved now
love the more.
Thomas Parnell

ယခင် ဘယ်တုန်းကမျှ မချစ်ဖူးသူတွေ ယခု ချစ်ကြပါစေ။ အမြဲ ချစ်နေကြသူတွေ ယခု ပိုလို့ ချစ်ကြပါစေ။
သောမတ်(စ) ပါနဲလ်

အားလုံးကို လေးစားလျှက်

ကိုတိုး

Feb 10, 2007

အချစ်သူရဲပေါ

အချစ်သူရဲပေါ

နှလုံးသားက
အရှုံး ဓါးချက်ကြောင့်
ခေါင်းမဖော်
စိတ်ရော်ကညစ်ပါလို့
မပြုံးနိုင်
အရှုံးအလံကိုင်ကာဆွဲ
အကျွနှ်ပ် တပ်မှူးငယ်
ဒဏ်ရာပြင်းလို့ စာပုလ္လင်ကိုခင်းရပါတယ်
အချစ်စစ်ပွဲ မ၀င်ရဲတော့ကြောင်းပါ
မမဘုရား

ကိုတိုး

Feb 9, 2007

လက်တို့ပြီးတော့ ပြောရအုံးမယ်

“လက်တို့ပြီးတော့ ပြောရအုံးမယ်” ဆိုတဲ့ C-Box ကို ထည့်လိုက်ပါတယ်။ ပြောချင်တာပြော ရေးချင်တာရေးခဲ့ပါ။

အားလုံးကို အစဉ်လေးစားလျှက်

ကိုတိုး

Feb 2, 2007

ယဉ်ယဉ်လေး ရူး

ယဉ်ယဉ်လေး ရူး

ဟိုး .. အဝေးက
ချစ်ရတဲ့သူ ရယ်
ပြန်မဆုံ
ရင်ခုန်နေလည်း
ဒီဘ၀ ဒီတစ်သက်တာမှာ
တည်ဆောက်ချင်တဲ့
“အချစ်” ဆိုတဲ့
ဝေါဟာရ တစ်ခုကို
စိတ်ကူးတွေနဲ့
ယဉ်ယဉ်လေးရူးရပြီပေါ့

ကိုတိုး

Feb 1, 2007

ကျွန်တော်နှင့် သူငယ်ချင်းများ (၅)


ကျွန်တော့်မှာ သူငယ်ချင်းကြီးတစ်ယောက်ရှိတယ်။ သူငယ်ချင်းကြီး ဆိုတာကတော့ ကိုယ့်ထက်အသက်အရွယ်အများကြီး ကြီးလို့ပေါ့။ ကျွန်တော်ကလည်း အပေါင်းအသင်းလုပ်ဆို ကိုယ့်ထက် အသက်များစွာကြီးတဲ့ ဘိုးအေလောက်တွေနဲ့ပေါ့။ ဘာကြောင့်လည်းဆိုတော့ ရှင်းပါတယ် တစ်ချို့လည်း များသောအားဖြင့် ဥာဏ်ပညာ၊ နည်းပရိယာယ် နဲ့ ဗဟုသုတကြွယ်ဝကြလို့ပါပဲ။

ဒါနဲ့ တစ်ရက်မှာ သူ့သားအငယ်ကောင်နဲ့ အခြားကျောင်းသားများ ကျောင်းနောက်ကြလို့ ကျောင်းအုပ်ဆရာမကြီးတိုင်စာအရ ကျောင်းရုံးခန်းကို မိဘများ ကြွချီတော်မူလာရန် ဆိုတာပါပဲ။ စာရရခြင်းတော့ သူငယ်ချင်းကြီးက ဗျစ်တောက်ဗျစ်တောက်နဲ့ “ဒီကိစ္စလေးများ ရေးကြီးခွင်ကျယ်” ပေါ့။

အဲ ဒါနဲ့ ကျောင်းအုပ်ဆရာမကြီး ရုံးခန်းကို လိုက်သွားပါလေတော့တယ်။ ရုံးခန်းမှာတော့ သိတော်မူကြတဲ့အတိုင်း ကျောင်းသားမိဘတွေကတော့ သားသမီးအတွက် အပြစ်ရှိသူများပီပီ မျက်နှာရယ်ငယ်ကြပေါ့။ ဒါနဲ့ သူငယ်ချင်းကြီးကို မြင်မြင်ချင်း ဆရာမကြီးက လေသံမာမာဖြင့်

ဆရာမကြီး။ ။ “ဒီမှာ ကို( ) .. အချိန်ကိုလေးစားပါ၊ ကျွန်မရုံးခန်းခေါ်တဲ့ အချိန်က ၉ နာရီ .. ကို( ) .. ဘာကိစ္စနဲ့နောက်ကြရတာလဲ” (လေသံမာမာဖြင့်)

သူငယ်ချင်းကြီး။ ။ “ဆရာမကြီး ဒါကတော့ ဒီလိုရှိပါတယ်။ ကျွန်တော့် လုပ်ငန်းအရ အိပ်ယာဝင်တာ နောက်ကျပါတယ်။ ဒီတော့ ကျန်းမာရေးစာပေ လမ်းညွှန်မှု့အရ နာရီပြည့်အောင် အနားယူပြီးမှ လာရခြင်းပါ” (ခပ်တည်တည်ဖြင့်)

ဒီစကားကြားလိုက်တဲ့ ဆရာမကြီးနဲ့ အခြားမိဘဆရာများကတော့ ဒီလူက ဘာလဲပေါ့၊ ဗဟုသုတအိုးလား အမှတ်ပေါ့ ..

ဆရာမကြီး။ ။ “အကြောင်းအရာကတော့ ရှင်းပါတယ်၊ အခြားမိဘတွေကိုတော့ ပြောပြီးပါပြီ၊ ကို( ) တစ်ယောက်ထဲကျန်လို့ ထပ်ပြောပြမယ်၊ ... ဒါကတော့ ကလေးတွေကျောင်းအမြဲနောက်ကျတဲ့ ကိစ္စပါပဲ။ ဒီလို စည်းကမ်းဖောက်တဲ့ ကိစ္စကို အရေးယူရပါမယ်။ ... နောက် Warning ပေးထားလျှက်နဲ့ ကျောင်းနောက်ကျလို့ကတော့ ကျောင်းက စည်းကမ်းဖောက်တဲ့ အနေနဲ့ မှင်နီတား ကျောင်းထုတ်ရမှာပဲ” ဆိုတာပါပဲ (လေသံမာမာဖြင့်)

ထိုစကားသံကြောင့် အခြားမိဘများကတော့ မျက်နှာလေးတွေငယ်နေကြပေါ့ ... နောက်တော့ “ဟုတ်ကဲ့ပါ .. ဆရာမကြီး .. နောင် ဒါမျိုးကျွန်တော်တို့ကလေးတွေ မဖြစ်စေရပါဘူး” လို့ပြောကြပေမယ့် .. သူငယ်ချင်းကြီးကတော့ ..

သူငယ်ချင်းကြီး။ ။ “ဒီမှာ ဆရာမကြီး .. ဆရာမကြီး ကုလသမဂ္ဂအတွင်းရေမှူး ကိုဖီအာနန်ကို သိပါသလား” လို့မေးခွန်းထုတ်လိုက်ပါတယ်။ (လေသံခပ်မြင့်မြင့်)

ဆရာမကြီး။ ။ “ကျွန်မကြားဖူးပါတယ်”

သူငယ်ချင်းကြီး။ ။ “ဆရာမကြီး သူငယ်စဉ်တုန်းက အမြဲကျောင်းလစ်တတ်တာကိုရော .. ဆရာမကြီး သိလား” ဆိုပြီး လေသံခပ်မြင့်မြင့်နဲ့ မေးခွန်းထုတ်လိုက်တဲ့ နောက်မှာတော့ .. ဆရာမကြီး ခမျာ အံအားသင့်တဲ့ မျက်နှာအသွင်ပြောင်းသွားပြီး ..

ဆရာမကြီး။ ။ “ကျွန်မသူ့နာမည်သာ ကြားဖူးပါတယ် .. သူ့အကြောင်းမသိပါဘူး ရှင်” တဲ့ ဗျာ .. (အသံတိုးညှင်းစွာဖြင့်)

သူငယ်ချင်းကြီး။ ။ “ကိုဖီအာနန်ကျောင်းအမြဲလစ်တဲ့ ကိစ္စနဲ့ဆိုရင် ဒီကလေးတွေကျောင်းနောက်ကြတာလောက်ကတော့ ပါမွှားပေါ့ ဆရာမကြီး။ အဲဒါပဲပေါ့ .. ဆရာမကြီး .. ဒီလို ကျောင်းတွေအမြဲလစ်တဲ့ လူဆိုးငပေငတေလေး ကိုဖီအာနန်ဆိုတဲ့ ကလေးလေးတောင် ကုလသမဂ္ဂအတွင်းရေးမှူးဘ၀ကိုရောက်သွားတာ သာကြည့်ပေတော့။ ဆရာမကြီး ... ဒီကျောင်းနောက်ကျတာလောက်လေးကို အကြောင်းပြုလို့ကလေးတွေကို ကျောင်းထုတ်လိုက်ရင် ကလေးတွေဘ၀ပျက်သွားမှာ ပေါ့။ စည်းကမ်းဆိုတာကိုတော့ နားလည်ပါတယ်။ ဒါပေမယ့် အဲ့ဒီလောက်ထိ ပြင်းတဲ့ ဒဏ်ခတ်တော့ နစ်နာတာပေါ့” လို့ ပြောလိုက်တဲ့ အဆုံးမှာ .. (လေသံမြင့်မြင့်)

ဆရာမကြီး။ ။ “ဟုတ်ကဲ့ .. ဟုတ်ကဲ့ .. ကျွန်မပြန်လည်စဉ်းစားပါ့မယ် ရှင် .. ” “သိပ်လည်း
စိတ်အနှောက်အယှက်ဖြစ်မသွားပါနဲ့ ..” တဲ့ ဗျာ ..

အားလုံးသော ဆရာမိဘတွေကတော့ သူငယ်ချင်းကြီးရဲ့ အာဘော်ကြောင့် ဗဟုသုတအိုးကြီးအထင်နဲ့ မျက်လုံးအပြူးသားပေါ့ ..

ဒါနဲ့ပဲ ပြေရာပြေကြောင်းပြောပြီး ကျောင်းရုံးခန်းကနေ ကိုယ်စီထွက်လာခဲ့ကြပါတယ်။
ဒါနဲ့ သူ့ကို .. “နေစမ်းပါဦး ဗျ။ ကျွန်တော် ကုလသမဂ္ဂအတွင်းရေးမှူးအကြာင်းကို ရေးထားတဲ့ စာအုပ် .. စာအုပ်ဆိုင်တွေမှာ မတွေ့ဖူးပါဘူး ဗျာ” (ထိုစဉ်ကအချိန်က မရှိသေးပါ၊ နောက်တော့ မသိ) .. “ဘယ်လိုလုပ်ပြီး ဒီကိုဖီအာနန် ကျောင်းလစ်တတ်တာကို သိတာလည်း ဗျ” ဆိုပြီး ကျွန်တော်ကမေးခွန်းထုပ်လိုက်ပါတယ်။

သူငယ်ချင်းကြီးဖြေလိုက်တာက “ဆရာမကြီးကို ... ငါ့ ပါးစပ်ထဲရှိတာတွေ လျှောက်ပြောလိုက်ရတာပါကွာ” ဆိုတဲ့ စကားအဆုံးမှာ ကြားရတဲ့သူအပေါင်း မပြုံးပဲ တ၀ါးဝါးနဲ့ရယ်ခဲ့ရပါတယ် ဗျာ။

အင်း .. ဒီအကြောင်းကို ဆရာမကြီး နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးဟောင်း ကိုဖီအာနန် သိများသိသွားရင်ဖြင့် ..

ကိုတိုး