Dec 25, 2006

ရှင်းပြဖို့တော့ တော်တော်ခက်လိမ့်မယ် (၃)


ဒါကတော့ တကယ့် Life Experience ကနေပြန်ပြောင်းအောင်းမေ့လို့ရေးချလိုက်ပေမယ့် ဆဲသံဆိုသံများကဲသို့ ညစ်ညမ်းသော စကားလုံးလေးများပါသဖြင့် စာဖတ်သူများအနေနဲ့ သည်းခံခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။

ယောင်တတ်တဲ့ ထိုသူငယ်ချင်းကြောင့်

ကျွန်တော့်သူငယ်ချင်းများထဲတွင် မိန်းမရဲ့လိင်အင်္ဂါကိုမျိုးစုံအောင် နာမည်ပေး ကင်ပွန်းတပ်ပြီး ယောင်တတ်သော သူငယ်ချင်းတစ်ယောက်ရှိခဲ့သည်။ ကျောင်းတုန်းက လက်ဖက်ရည်ဆိုင်ထိုင်တိုင်း သူ့ခါးတို့လို့ ထွက်လာတဲ့ စကားလုံးတွေကြောင့် မပြုံးပဲ ၀ါးလုံးကွဲအောင် ရယ်ရသည်က ကျွန်တော်နဲ့ သူငယ်ချင်းအပေါင်းသင်းတွေပေါ့ ဗျာ။ ဒါနဲ့ သူနှင့်ကျွန်တော် သင်တန်းတစ်ခုကို အတူတူ တက်ဖြစ်ခဲ့တယ်။ မှတ်မှတ်ရရ ထိုသင်တန်းတွင် ရှုတိုင်းယဉ်၊ ဆင်တိုင်းလှ၊ ရှု့လို့မ၀ တဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့မိတယ်။ ထို မြန်မာဆန်လွန်းလှတဲ့ အိနြေ္ဒရှင် ပျိုဖြူချောလေးကို ရှိတ်ဖေါ်အဖြစ် ဖိတ်ခေါ်ချင်ကျတာက ကျွန်တော်ပါ။ စိတ်ကူးနဲ့ကြူး ရူးရတာလည်း ခဏခဏပေါ့။ စကားစမြည်ဖို့ အခွင့်အရေးကို ချောင်းမြှောင်းနေရတာကလည်း အမောသား။ အပြုံးခြင်းစုံ နှလုံးခြင်းခုန်၊ တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးချင်းစကားပြောနေမိတာကတော့ အမှန်ပါ။
ဒါနဲ့တစ်ရက် သင်တန်းကိုလာတဲ့ ထိုကောင်မလေး စက်ဘီး Stand မှာ သူ့စက်ဘီးလေးကို ရပ်ပြီးစီနေပါတယ်။ သင်တန်းအရှေ့မှာ လူရယ်ဆိုလို့ ကျွန်တော်ရယ်၊ သူ့ဆိုင်ကယ်ကို ဟိုပွတ် ဒီပွတ် ဖုန်သုတ်ပြီး တသသယုယနေတဲ့ မလှမ်းမကမ်းက ထိုသူငယ်ချင်းရယ်၊ အဲ့ဒီ ကောင်မလေးရယ် တခြားကျောင်းသူကျောင်းသားသုံးလေးယောက်လောက်တော့ ရှိနေခဲ့တယ်။ ဖြစ်ချင်တော့ ကောင်မလေးသူ့စက်ဘီးကိုစီနေခိုက် ဘာကိုဘာနဲ့ညှိပြီး စက်ဘီးတွေ ၁၀ စီးလောက် ၀ုန်းကနဲ လှဲသွားခဲ့တယ်။ ထို “၀ုန်း” ကနဲ အသံကြောင့် ထိုကောင်မလေးနဲ့ ၂ ပေအကွာလောက်မှာ ရှိတဲ့ ဟိုကောင်အကျယ်ကြီးယောင်လိုက်တာက “xxxx ပြဲမ” ဆိုတဲ့ သူ့ယောင်နေကျအတိုင်း မိန်းမလိင်အင်္ဂါကိုထည့်ပြီး ယောင်လိုက်တာပါပဲဗျာ။ ကျွန်တော်လည်း ဘာရယ်မှမသိ အာစေးပြီး မျက်လုံးအပြူးသားနဲ့ ကြည့်နေမိတယ်။ ဘေးက ထိုသင်တန်းသူသင်တန်းသားတွေက ထိုဆဲသံကြောင့် တအံ့တသြဖြစ်နေမိတယ်။ ထို ကောင်မလေးကတော့ တစ်ချိုးတည်း ရှက်ရှက်နဲ့ ခေါင်းကို ငုံ့ပြီး
သင်တန်းထဲ ပြေးဝင်သွားပါတော့တယ်။ ကျွန်တော်လည်း လှဲနေတဲ့ စက်ဘီးတွေကို ပြန်ပြီး သွားစီပေးရသေးတယ်။ ထိုကောင်မလေးကိုတော့ ဘယ်ကနေစပြီး ရှင်းပြရမလဲဆိုတာကို အဖြေရှာခက်လွန်းလို့ ထိုနေ့ညကအိပ်မရဖြစ်ခဲ့တာက ကျွန်တော်။ ဟိုကောင်ကိုတော့ “မင်း ဒီအချိန်ကျမှ အဲ့ဒီလို ယောင်ရလား” လို့ မေးမေးပြီး ထိုးချင်တာက အမှန်ပါ။ သူ့ကို နောက်ရက်များမှာ တွေ့ပေမယ့် ဘယ်ကနေ စပြီးရှင်းပြရမလဲ ဆိုတာထက် ငယ်ရွယ်သူတွေဖြစ်ကြတဲ့ ကျွန်တော်တို့ နှစ်ဦးနှစ်ယောက်စလုံးမျက်နှာချင်းမဆိုင်ရဲတာကတော့ အမှန်ပါ။ ရှက်အားကြီးလွန်းလှတဲ့ ထိုအိနြေ္ဒရှင်မိန်းကလေးလည်း ကျွန်တော့်ကိုပါ မျက်နှာချင်းမဆိုင်တော့။ ကျွန်တော်လည်း သူ့ကို ဘယ်လိုရှင်းပြ ရမလဲဗျာ။ ဒီစာရေးနေခိုက်မှာတော့ ငယ်ကျွမ်းဆွေတစ်ယောက်အနေနဲ့ အလွမ်းတွေဝေနေမိတာကတော့ အမှန်ပါ။

ရှင်းပြဖို့တော့ တော်တော်ခက်လိမ့်မယ်

ကိုတိုး

ရှင်းပြဖို့တော့ တော်တော်ခက်လိမ့်မယ် (၂)


ဒါကတော့ တကယ့် Life Experience ကနေပြန်ပြောင်းအောင်းမေ့လို့ရေးချလိုက်ပေမယ့် ဆဲသံဆိုသံများကဲသို့ ညစ်ညမ်းသော စကားလုံးလေးများပါသဖြင့် စာဖတ်သူများအနေနဲ့ သည်းခံခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။

ရလား မှ ယားလား သို့ တဖန်

ဒါကတော့ Messenger မှာ Burlish (Burmese + English) Lauguage ကိုမှားသုံးမိလို့ဖြစ်ရတဲ့
အကြောင်းအရင်းတစ်ခုပေါ့။ အကြောင်းအရာကလည်း အပေါ်ကလို ခပ်ဆင်ဆင်ပဲ ဗျာ။ နိုင်ငံခြားရောက်စက 0nline မှာ ချာတိတ်မလေးတစ်ယောက်နဲ့ စကားစ မြည်လုပ်ခဲ့ပါတယ်။ သူကတစ်မျိုးပေါ့။ သူပို့လိုက်တဲ့ Mail တွေ၊ သီချင်းတွေက နေ့စဉ် မနည်းပါ။ ဒါနဲ့ တစ်ရက်ရုံးမှာ အလုပ်လုပ်နေခိုက် "wait, I am very busy" ဆိုပြီး ရိုက်ပေးနေသော်ငြားလည်း ကျွန်တော့်တွင်ရှိသော မြန်မာသီချင်းတစ်ပုဒ်ကို ဇွတ်ပို့ပေးပါရန် ဆက်တိုက် တွတ်ထိုးနေပါတော့တယ်။ ဒီလို ချာတိတ်မလေးတွေက သိတော်မူကြတဲ့ အတိုင်းပေါ့။ ကလေးများလို စိုးနွဲ့တတ်ပေမယ့် ကျွန်တော်လို အေးအေးလူလူ နေတတ်တဲ့ လူမျိုးအတွက်ကတော့ စိတ်အနှောက်အယှက်ဖြစ်မိတာက အမှန်ပါ ဗျာ။ Messenger ရဲ့ Messenge ခေါင်းလောင်းသံများကလည်း တဒေါင် ဒေါင်ပေါ့။ ဒါနဲ့ပဲ Mail ကနေ attach လုပ်ပြီးပို့ အလုပ်အားမှ ပို့မယ်လို့အကြံရတာနဲ့ "I will send from mail" လို့ရိုက်လိုက်တယ်။ ဒါပေမဲ့လည်း မရဘူး။ ဇွတ်လုပ်နေတယ်။ ရုံးအလုပ်ကလည်း များမှများမို့ “ကဲ မထူးပါဘူး” ဆိုပြီး Mail ကနေ attach လုပ်ပြီးပို့လိုက်တယ်။ ဒါကို ကျွန်တော်က အစောတလျှင် Messenge Box မှာ ရိုက်လိုက်တာက "Yar Lar?"။ အမှန်တကယ်ဖြစ်သင့် ရိုက်သင့်တယ် ထင်တာက "Ya Lar?" (“ရလား”) ပေါ့၊ ဒါပေမဲ့ တစ်ဘက်က ကလေးမက သူ့ကို “Yar Lar? (ယားလား)” လို့ မေးလိုက်တာလားလို့ မှတ်သွားလေသလားတော့ မသိပါဗျာ၊ Messenger ကို တခါတည်း Logout လုပ်သွားလေရဲ့ဗျာ။ ကျွန်တော့် အနေနဲ့ကလည်း ကိုယ်ထင်ရာ လိုရာတွေဆွဲတွေးတာတော့ မဟုတ်ရပါဘူး၊ တဒေါင်ဒေါင် မြည်နေတဲ့ သူ့တောင်းဆိုမှု့တွေကြောင့် ကျွန်တော့်ဘက်က “ယားနေလား” လို့ မေးခွန်းထုတ်လိုက်ခြင်းလားလို့ သူထင်မှတ်သွားလေသလားလို့တော့ ယနေ့ထက်ထိတိုင်အောင် စဉ်းစားအဖြေရှာနေဆဲပါ။ ဒါပေမယ့် ထိုကလေးမကိုတော့ အဲဒီအချိန်ကစလို့ ယနေ့ထက်ထိတိုင်အောင် Messenger မှာ မတွေ့ရတော့တာက အမှန်ပါ။

ကိုတိုး

ရှင်းပြဖို့တော့ တော်တော်ခက်လိမ့်မယ် (၁)


ဒါကတော့ တကယ့် Life Experience ကနေပြန်ပြောင်းအောင်းမေ့လို့ရေးချလိုက်ပေမယ့် ဆဲသံဆိုသံများကဲသို့ ညစ်ညမ်းသော စကားလုံးလေးများပါသဖြင့် စာဖတ်သူများအနေနဲ့ သည်းခံခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။

ရလား မှ ရွလား သို့

နိုင်ငံခြားရောက်တော့လည်း ဘိုလိုတွေ လိမ့်ပြီး နင်းကန်ပြောနေလို့လားတော့ မသိ၊ ကိုယ့်မြန်မာလို စကားပြောရင် မန္တလေးသားတစ်ယောက် ဖြစ်တဲ့ ကျွန်တော်တောင် စကားလုံးတစ်ချို့ကို မပီချင်ဖြစ်လာတတ်တယ်။

ဒါနဲ့ ဇတ်လမ်းက ဒီလိုဗျ

ကောင်မလေးတစ်ယောက်ကို ကွန်ပျူတာ ပညာရပ်တစ်ခုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတစ်ခုကို ပြောရင်းဆိုရင်း ထိုပညာတစ်ရပ်ကို သူ့အနေနဲ့ “ရလားလို့” ကျွန်တော်က စပြီးမေးခွန်းထုတ်ခဲ့တယ်။ ထိုမေးခွန်းရဲ့ နောက်ဆုံးမှာ အဲ့ဒီကောင်မလေးက အူကြောင်ကြောင်စဉ်းစားနေတာမို့လို့ “နောက်နေ့မှပဲ ကျွန်တော်ဆက်မေးမယ်” ဆိုပြီး စကားရပ်ခဲ့တယ်။ နောက်တစ်နေ့ အဲဒီ လုံမပျိုလေးနဲ့တွေ့တွေ့ချင်း ဘယ်လိုလုပ်ပြီး ပါးစပ်က ထွက်သွားသလဲဆိုတာကိုတော့ ရိုးရိုးသားသား မသိရိုးအမှန်ပါ ဗျာ။ မေးလိုက်တဲ့ ပုံစံက “ဟေ့ ရွလား” တဲ့ဗျာ။ အနှီလုံမပျိုလေးမှာ သူ့ကို တွေ့တွေ့ချင်းမေးလိုက်တဲ့ ကျွန်တော့်ရဲ့ ထိုစကားလုံးကြောင့် မျက်လုံးအပြူးသားနဲ့ ဖြစ်သွားပြီး တစ်ချိုးထဲလှည့်ထွက်သွားလေပါတော့သည်။ ကိုယ့်ပါးစပ်က ဘယ်လိုလုပ်ပြီး ထွက်သွားတဲ့ ဒီပေါက်ကရ စကားလုံးကြောင့် ကိုယ်ကိုယ်တိုင်တောင် မျက်နှာအနီသန်း ရှက်ရာကို အပီဖမ်းတဲ့အလား မျက်နှာပူထူသွားသည်ကတော့ အမှန်ပါဗျာ။ ထိုလှည့်ထွက်သွားသော လုံမပျိုလေးကို နောက်ကနေ ကြည့်ရင်း “သေလိုက်တော့ ကွာ” လို့ “တောက်” တစ်ချက်ချက် ခေါက်နေမိတာသူက ကျွန်တော်ပါ။

မှတ်ချက်။ ။ ထိုကောင်မလေးသည်ကား စွာစွာလန်စွာတေးမလေးဆိုပါက ပါးတော့ တဖျန်းဖျန်းရိုက်ခံရမှာက ကျိန်းသေပါတယ်။ ဒါပေမယ့် နောက်ရက်များမှာတော့ ထိုလုံမပျိုလေးသည်ကား ကျွန်တော့်ကို မြင်တိုင်း အဝေးကနေ ထွက်ထွက်လှည့်ခွာ သွားလေပါတော့တယ် ဗျာ။

ရှင်းပြဖို့တော့ တော်တော်ခက်လိမ့်မယ်

ကိုတိုး

လျှာပျောက်ခြင်း

မမ ရဲ့
အလှ
ဂုဏ်
ဓန တွေက
ဆုံမက်ခဲ့ရာ
ဒီကမ္ဘာမှာ
ဒီလူကို
လျှာပျောက်စေခဲ့ပါလား။

ကိုတိုး

Dec 18, 2006

ယဉ်ယဉ်လေးရူးသွားတဲ့ ရုံးပိတ်ရက်က CG အကြောင်း


ဒါကတော့ ကိုတိုးရဲ့ လတ်တလောဖန်တီးထားတဲ့ CG တစ်ခုပါပဲ။ ပြီးခဲ့တဲ့ ရုံးပိတ်ရက်မှာ လုပ်ခဲ့တာဖြစ်ပါတယ်။ Maya 7 ကိုသုံးပြီး အသေးစိတ် Modelling လုပ်ထားတဲ့ အတွက် Rendering လုပ်တဲ့နေရာမှာ အချိန်အတော်ကြာခဲ့ပါတယ်။ Texture အားလုံးလိုလိုကိုလည်း ကိုယ်ပိုင်ဖန်တီးထားပါတယ်။ အထူးသဖြင့်စာအုပ်စဉ်ပေါ်က စာအုပ် Design တွေကို ကိုယ်ကိုတိုင် Photoshop နဲ့ Imagestyler ကို Texture Creation Tools အနေနဲ့ သုံးပါတယ်။ များသောအားဖြင့် စာအုပ်မျက်နှာဖုံး Design နဲ့ Interface တွေကို Google မှာ ရှာလို့ရပေမယ့် စာအုပ်ဘေးတိုက် Design ကိုတော့ မတွေ့ရပါဘူး။ ဒါကြောင့်စာအုပ်ဘေးမျက်နှာ Design တွေကို အသေအချာ ဖန်တီးယူထားပါတယ်။ Lighting ကိုတော့ ဆက်လက်လေ့လာနေဆဲပါ။ ဒီရက်ပိုင်းမှာတော့ Systems & Networking ပိုင်းထက် 3D, Art & Design နဲ့Web အပိုင်းဘက်ကို ကိုတိုးတစ်ယောက် အချစ်ပိုနေတာကတော့ အရူးတစ်ပိုင်းအတိုင်းပါပဲဗျာ။ Idea အပိုင်းအနေနဲ့ကတော့ ၀ါသနာနဲ့ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒရှိတဲ့ အရာတွေကို အနည်းအကျဉ်းလောက်သာဖော်ပြထားတဲ့ အတွက် မဆိုသလောက်ပါပဲဗျာ။
ဆက်လက်ကြိုးစားပါဦးမည်

ကိုတိုး

Software: MAYA, Photoshop & Imagestyler



Dec 13, 2006

Wanted List (or) My Messenger Pictures


တကယ်တော့ အဲဒီထဲက လူဆိုးဂိုဒ်အပိုင်ဖမ်းထားတဲ့ လူကတော့ ကိုတိုးပေါ့။ ရူးတယ်ပြောပြော ပေါတယ်ပြောပြော ကိုယ်ကိုတိုင် အကြံထုတ်ဟန်လုပ်ပြီး ရိုက်ထားတဲ့ပုံတွေပါ။ အားလုံးကတော့ Adobe Photoshop နဲ့ Adobe Imagestyler တို့နှစ်ခုပေါင်းပြီး နှောထားတဲ့ လက်ရာပေါ့။ နှစ်တစ်နှစ်ရဲ့ ကုန်ခါနီး အခါသမယများမှာ ဒီလို အရူးထပြီး မှတ်တမ်းထုတ် ဇာတ်လမ်းလုပ် ပေါက်ကရ ပုံရိုက်ရမယ်ဆိုတဲ့ အကြံကပေါက်ပေါက်လာတတ်တယ်။ ဟိုးအပေါ်ထိပ်က နားခမ်းမွေးအခန့်သားနဲ့ Cowboy လူဆိုးဆန်ဆန် ပုံက ဒီနေ့ (Dec 13, 2006) မှာပဲရိုက်ပြီး ထွက်လာတဲ့ ပုံပေါ့။ အမှန်တကယ်တော့ အဲဒီ 100 pixel ပတ်လည်ပုံတွေက ကျွန်တော် Yahoo နဲ့ MSN Messenger တွေမှာသုံးတဲ့ ပုံတွေပါ။ ကျွန်တော်ဆွဲတဲ့ ပုံတွေ နဲ့ Design တွေမှာ ကာလဒေသ အပိုင်းအခြားပါတယ်။ ရမ်းသမ်း မလုပ်ဘူး။ အခု Artistic Design မှာလည်း ဟိုး ၂၀ ရာစုနှစ်ရဲ့ အစောပိုင်းကာလ ဆန်ဆန် ၀ါညစ်ညစ် ဓါတ်ပုံတွေ နဲ့ စာရွက်စာတမ်းတွေကို ကြည့်ရတဲ့ ပုံဆန် နဲ့ အသွင်ဆောင်ပေးထားတယ်။

Dec 9, 2006

Happy New Year 2007 Wallpaper


ဒါကတော့ ရုံးက ထိုင်းဖွားဖွား၊ ထိုင်းမမ၊ ထိုင်းဒေါ်ဒေါ်၊ ထိုင်းညီမလေးများက Happy New Year ရဲ့ Design ကို Fancy ဖြစ်ရမယ်လို့ တောင်းဆိုမှု့အရ လုပ်ပေးလိုက်တာပါ။ Invitation ကဒ်ရယ်၊ Poster ရယ်၊ Wallpaper ရယ်ပါ။ Internet ကနေ သူတို့ ကြိုက် တတ်တဲ့ အရုတ်လေးတွေကို ရွေးပြီး ကိုယ့် idea လေးနဲ့ ရောင်စုံဘောလုံးလေးတွေကို ဒီဇိုင်းလုပ်၊ Photoshop ရဲ့ Brushes တွေနဲ့ချယ်သ၊ ဖြတ်ညှပ်ကပ် idea နဲ့ ပြန်ပေါင်းလိုက်တာပါ။ လျှောက်လုပ်ပေးလိုက်တာကတော့ အရေးမကြီးပါဘူး Design ကိုကြည့်ပြီး ဒီကောင် တော်တော်မိန်းမဆန်လွန်းတယ်လို့ တွက်နေရင်လည်း တစ်ဒုက္ခ။
ကျွန်တော်ကတော့ Customer နဲ့ User Demand တွေပေါ်မှာ မူတည်ပြီးလုပ်ရတဲ့အခါ စိန်ခေါ်မှု့တစ်ခုကို ရင်ဆိုင်ဖြေရှင်းရတယ်
လို့ပဲ ဆိုလိုချင်ပါတယ်။ နည်းနည်းလေးလေကြွားပြောစတမ်းဆိုရင်တော့ ငါဒီလို Design တွေလည်းရတယ်ပေါ့။ ဟဲ ဟဲ

Happy New Year 2007 Wallpaper (Res: 1024 x 768, Size: 422 Kb)
ကိုတိုး



Dec 8, 2006

တခစ်ခစ်နဲ့ရယ်နေကြသော အမွာကလေးများ

ဒီမှာလည်း အမွာကလေးတွေနဲ့ သူ့အမေတို့တခစ်ခစ်နဲ့ရယ်နေကြတာကို သဘောကျလွန်လွန်းလို့ တင်လိုက်တာပါ။ အားလုံးလည်းအဲဒီ Link ကိုသွားကြည့်ပြီး ၀မ်းသာပီတိ ဂွမ်းဆီထိသကဲ့သို့ ဖြစ်နိုင်ပါစေ။

ဒီ YouTube Link မှာသွားပြီးကြည့်နိုင်ပါတယ်။
ကိုတိုး


ဟန်အမူအရာနဲ့ စကားအလွန်ပြောတတ်တဲ့ ကလေးမလေး

ဒီကလေးမလေးက အလွန်ကိုချစ်စရာကောင်းလှပါတယ်။
သူတို့ဘယ်ဘာသာစကားကိုသုံးပြီးပြောနေမှန်းမသိရပေမယ့် သူ့ အရွယ်နဲ့မလိုက်အောင် ဟန်အမူအရာတွေနဲ့ စကားပြောတာကိုသဘောကျလွန်းလို့တင်လိုက်တာပါ။ ဒီရက်ပိုင်းနဲ့ လွန်ခဲ့တဲ့ နှစ်တွေမှာ ကိုတိုးအိမ်မက်မက်ရင် ကလေးတွေအများကြီး အိမ်မက်ထဲရောက်ရောက်လာတတ်လို့ မိန်းမတောင်မရသေးပေမဲ့ရင်ထဲမှာတော့တစ်မျိုးခံစားရပါတယ်။ တစ်ခါတလေ အမွာပူးတွေတောင် အိမ်မက်ထဲမှာ ချီခဲ့ရပါတယ်။ ဟိုးတစ်လောတုန်းက အိမ်မက်ထဲမှာဆို မိန်းကလေးအမွာပူး နှစ်မွာပူး နဲ့ ယောင်္ကျားလေး သုံးမွာပူး နောက်ထပ် ကလေးနှစ်ယောက် စုစုပေါင်း ကလေး ၉ယောက်အိမ်မက်ထဲမှာ တစ်ပြုံကြီးရတယ်လို့ အိမ်မက် မက်လိုက်တာ အိပ်ယာနိုးတော့ ချွေးတောင်တော်တော်ပြန်သွားတယ်။ ဟူးဟူး . . . . .

ဒီ YouTube Link မှာသွားပြီးကြည့်နိုင်ပါတယ်။
ကိုတိုး


Dec 5, 2006

မန်းတောင်ဆီက ဆောင်းပန်းချီ

မှိုင်းပြာမှုံရီ
နောက်ခံကား
ရှမ်းရိုးတောင်ညို
အောက်ခံထားတယ်
နှင်းမြူဖုံး ရှု့မဆုံး
ရန်ကင်းငါးရံ့မင်းငယ်
အောင်ပင်လယ်စိမ်းစိမ်းစို
စပါးကွင်းယိမ်းယိမ်းညိုလို့
ဖူးကာစီကျောက်တော်
နန်းတော်ရေမြူပတ်လည်
ရွှေမြို့တော်အိမ်တွေစီကာဝန်းတယ်
ဖွေးလိုက်တဲ့ မြစ်ဧရာ
တောင်စစ်ကိုင်းကို စည်းချတယ်
မန်းတောင်မှဆီ
လှမ်းမျှော်ကြည့်တယ်လေး။

ကိုတိုး

ဒါကတော့ ကျွန်တော်မန္တလေးမှာ နေစဉ်တုန်းက ဆောင်းနံနက်ခင်းတစ်ချို့မှာ တောင်တက်အပြေးလေ့ကျင့်ရင်း မန္တလေးတောင်ပေါ်နေ ရှု့မျှော်ငေးမောကြည့်ခဲ့တဲ့ အကြောင်းအရာလေးတွေကို မြင်တဲ့အတိုင်းပုံဖော်ကဗျာစပ်ထားတာပါ။ လူတွေက ကျုံးဘေးမှာသာလမ်းလျှောက်၊ လေ့ကျင့်ခန်းလုပ်တာ များပါတယ်။ ဆောင်းနံနက်စောစောမှာ မန္တလေးတောင်တက်ပြီး ငေးရတဲ့ အရသာကိုတော့ သိချင်မှသိလိမ့်မယ်။ လူအများစုက မန္တလေးတောင်တက်ပြီး မွန်းတဲ့ချိန်ရှု့ခင်းတို့ နေ၀င်စည်းစာ ရှု့ခင်းတို့ကို ငေးရတာကို အရသာလို့ပြောစမှတ်ပြုကြတာပေါ့။ ဒါပေမဲ့ ဆောင်းနံနက်အစောကြီးမှာ ကြည့်ရတဲ့ ရှု့ခင်းရဲ့အရသာကလည်း တစ်မျိုးဗျ။ ကျွန်တော်က လူတစ်မျိုး။ အနုပညာ၊ နည်းပညာ နဲ့ နှလုံးသားခံစားချက်တွေပါမှ ကိုယ်လုပ်တဲ့ အလုပ်ကို သဘောကျတယ်။

နံနက် အိပ်ယာထ မျက်နှာသစ် အိမ်ကနေထွက်ရင် လို့ ၅ နာရီ ၄၀ ကျော်ကျော်လောက်ဆိုရင် မန္တလေးတောင်တက်တဲ့ကားလမ်းမနားရောက်နေပြီ၊ စက်ဘီးကို တောင်ခြေနားက ဆိုင်မှာအပ်၊ ကားလမ်းအတိုင်းတက်လာလိုက်တာ တောင်ထိပ်နားရောက်တော့ ၆ နာရီကျော်ကျော်။ တောင်ပေါ်မှ အမှတ်တမဲ့ကြည့်ရင်လည်း Prominent ဖြစ်တဲ့အရာတွေက အထက်က ကဗျာအတိုင်း ရှမ်းရိုးမတောင်တန်းတွေ၊ ရန်ကင်းတောင်၊ အောင်ပင်လယ် လယ်ကွင်းတွေ၊ ကျောက်တော်ကြီး ဘုရားနဲ့ မန္တလေးတောင်နားက ဘုရားတွေရယ်၊ ကျုံးနဲ့ နန်းတော်ရယ်၊ မန္တလေးမြို့၊ စစ်ကိုင်းတောင်နဲ့ ဧရာဝတီမြစ်ကြီး ရယ်ကတော့ အထင်အရှားပဲဗျ။ မြောက်ဘက်ကို လှည့်ငေးမှ နဂါးတောင်၊ မမဥတောင် နဲ့ လယ်ကွင်းတွေပဲတွေ့ရတယ်။ တောင်ပေါ်မှာတော့ လူမရှိသလောက်ပဲ၊ တစ်ခါတစ်လေတော့ ဘုန်းကြီးရဟန်းတွေနဲ့ ရံဖန်ရံခါမှ တိုက်ကွမ်တိုတွေလား ကရာတေးတွေလားတော့ မသိ အဖြူရောင်ချာတိတ်တွေနဲ့သူတို့ဆရာသမားတွေ ၀ူးဝါးဝူးဝါး လုပ်ပြီးလှေကားအတိုင်းတက်လာတာများတယ်။ ဒီကကောင်ကတော့ တောင်ပေါ်ကကျောက်တုန်းတစ်ခုပေါ်တက်လို့ Yelling လုပ်ရတာ ၀ါသနာ။ တစ်ခါတလေမြင်တဲ့ လူ၊ ရဟန်းတစ်ချို့တို့ကတော့ ဒီကောင်ဘာဖြစ်သွားသလဲဟ လို့ရိတ်ခနဲကြည့်လိုက်ကြတာကတော့ အမှန်ရယ်ပါ။

တောင်မတက်ဖြစ်တဲ့နေ့တွေမှာတော့ ဗထူးကွင်းသွားပြီး အလေးကစားတာများတယ်။ ကျုံးဘေးက သွားတိုင်းမြင်ရတာကတော့ အဟုတ်ကစားတဲ့ တရုတ်ဘွားဘွား တွေပါ။ သူတို့တတွေကတော့ အဟုတ်သားဗျ။ ကက်ဆက်ဖွင့်ပြီး ထိုက်ကျိကစားနေလေရဲ့။ အဖိုးကြီးတစ်ချို့ကလည်း ယောင်ငမ်းငမ်းပေါ့။ နေ့စဉ်လိုလိုသွားခဲ့တဲ့ တချွင်ချွင် တချွမ်ချွမ် အလေးမသံတွေနဲ့ဆူညံနေတဲ့ ဗထူး ကာယဗလနှင့်အလေးမရုံဟာ အသက်မဲ့နေတယ်လို့မရှိ။ အလေးတွေပင့်မရတာ ကျွန်တော့်ရဲ့ မဟာဝါသနာ။ အလေးကစားဖော်သူငယ်ချင်းတွေရယ် နည်းပြဆရာတွေဖြစ်တဲ့ မောင်ဗမာ ဦးချန်ထွန်း၊ ဦးချစ်စံ၊ ဦးပြားတို့ ကိုညွန့်ဝင်းတို့ နဲ့တွဲကစားခဲ့တာတွေကိုတော့ သတိတရပေါ့။ နင်းကန်ဆော့တဲ့နေ့တွေမှာတော့ စက်ဘီးကိုတောင် နင်းပြန်ချင်စိတ်မရှိတော့၊ မင်္ဂလာဈေးနားတို့ မြို့တော်ဝန်ရုံးနားတို့က ဆိုင်တစ်ချို့မှာ တစ်ခဏအနားယူပြီး နံနက်စာစားပြီးမှ အိမ်ပြန်တာကများတယ်။

ဒါပေမဲ့ ကျွန်တော်ဘယ်နေရာနားရောက်ရောက် ဘယ်နိုင်ငံမှာနေနေ ဟိုး အရင်တစ်ချိန်တုန်းက ဆောင်းနံနက်ခင်းတစ်ချို့မှာ မန်းတလေးတောင်ပေါ်ကနေ နှင်းမြူတွေဖုန်းနေတဲ့ ရှု့ခင်းကို ငေးရင်း၊ ဆောင်းလေအေးတွေကို ရှုရှိုက်ရတဲ့အရသာကို ဒီတစ်သက် ဘယ်တော့မှ မေ့လို့ရနိုင်မှာ မဟုတ်တော့ပါဘူးဗျာ။

အချစ်ပဒေသာပင်

ဟိုဟာလိုချင်
ဒီဟာလိုချင်
ပျိုကညှာခင်

ဇရာမအိုခင်
လာပါခေါ်ချင်
ဒီကိုမလာခင်
လိုချင်မှု့များ
ထားရစ်စေချင်

ပေးပါမယ်ခင်
လက်ဖြန့်ယူစေချင်
အိုသည့်တိုင်ပင်
အချစ်ပဒေသာပင်။

ကိုတိုး

Dec 3, 2006

အရူးတစ်ပိုင်းကြီး

ရင်ကိုအေးမျှစေတဲ့
အချစ်တွေ ကို
မီးတိုက်ခဲ့တဲ့ မင်းအမုန်းတွေဟာ
ပူပြင်းမှု့တစ်ခုနဲ့
နှလုံးသားကို ပြာကျမတတ်
လောင်ကျွမ်းခဲ့ ပြီလေ
ဒါကို ငါကအချစ်ရယ် လို့
ရူးရုးမူမူး သတ်မှတ်နေတုန်း

ကဲပါလေ
ပူပါစေ ပြာကျပါစေ
မင်းကိုတော့
ရူးရူးမူးမူး ချစ်နေဆဲပါ။

ကိုတိုး

My Art Gallery and 3D

ဒါကတော့ ကိုတိုးရဲ့ Pencil Drawing နှင့် Maya Software ကိုသုံးပြီး ဆွဲထားတဲ့ The Ideal of the Living Art ဆိုတဲ့ 3D Scene တို့ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ပုံတူပန်းချီဆွဲတာကို ကလေးပိစိကွေးအရွယ်လေးထဲက စခဲ့ပါတယ်။ သင်တန်းကျောင်း မတက်ခဲ့တဲ့ ကျွန်တော်ဟာ ကိုယ်ဘာသာကို လေ့လာခဲ့ရတယ်။ ၁၉၉၈ မှာ ပန်းချီတော်တော် ဆွဲဖြစ်ခဲ့ပါတယ်။ Fine Art နဲ့ Impression Art, Modern Art တွေပါ။ အချို့ပန်းချီကားတစ်ချို့က နိုင်ငံခြားထိရောက်ခဲ့တယ်။ မှတ်မှတ်ရရ ၁၉၉၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှာ မန္တလေးမြို့ကို ဦးလေး အလည်လာခိုက် ကွန်ပျူတာ ဘာသာရပ်ကို လေ့လာသင်ကြားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အိမ်နားက KMD Center III ကို တူအရီး နှစ်ယောက် သွားကြတယ်ပေါ့။ အဲ့ဒီ အရင်က ကွန်ပျူတာ ဆိုတာကို မြင်ဖူးတာ လက်နဲ့ လုံးဝမထိဖူးခဲ့တာ အမှန်ရယ်ပါ။ ဒါပေမဲ့ ကွန်ပျူတာ ဖန်သားပြင်ပေါ်ကို စဖွင့်ခဲ့တဲ့ Microsoft Paint Program လေးဟာ ကျွန်တော့်ကို Computer အရူးတစ်ပိုင်း ဖြစ်သွားအောင် အပိုင်ဖမ်းစားသွားပါတယ်။ IT ရဲ့နောက်ကို ကောက်ကောက်ပါ အောင်လိုက်ခဲ့တဲ့ ကျွန်တော်ဟာ ပန်းချီ ဆွဲခြင်းအတတ်ကို ၁၉၉၉ မှာရပ်နားလိုက်ပါတယ်။ အခု ပန်းချီပြန်ဆွဲတော့ လက်တော်တော်လေး ပျက်နေတာကို တွေ့ရတယ်။ စိတ်ဓါတ်မကျပါဘူး၊ ပိုလို့တောင် တက်ကြွနေပါတယ်။ ဒါပေမဲ့ အချိန်ရတဲ့ တစ်နေ့မှာတော့ ဒါတွေ ပြန်လာပါလိမ့်မယ်။ အခုတလောတော့ ကိုတိုးတစ်ယောက် Cisco Systems, Web Design, Graphic Design နဲ့ 3D လောကသားတွေအများဆုံးသုံးကြတဲ့ Maya နဲ့ နှစ်ပါးသွားနေပါလေရဲ့ ဗျာ။ ဒါကတော့ လတ်တလော Maya နဲ့ လုပ်ထားတဲ့ Mix Media Scene လေးတစ်ခုပေါ့။ တိတ်ဆိတ်နေတဲ့ ဂိုဒေါင်ကြီးတစ်ခုရဲ့ တစ်နေရာမှာ အနုပညာကို ဖန်တီးနေမှု့နဲ့ နည်းပညာကို လေ့လာနေတဲ့ သဘောဆောင်နေပါတယ်။ မှိန်ပြာပြာ ဂိုဒေါင်မှာ အပေါ်ခေါင်မိုးက ကျလာတဲ့အလင်းနဲ့ မီးလုံးနှစ်ခု၊ အနုပညာနဲ့ အတတ်ပညာပစ္စည်းတွေ ဒါတွေနဲ့ ခံစားမှု့ကို ပုံဆောင်ဖော်ပြထားတာပါ။ (မှတ်ချက်။ ။ အဲဒီလို ဂိုဒေါင်မျိုးနဲ့ ကျွန်တော်လတ်တလော နေနေခြင်းမဟုတ်ပါ၊ ကျွန်တော့်မှာလည်း အဲဒီလို ဂိုဒေါင်မျိုးလည်း မပိုင်ဆိုင်သေးပါ။)